ကွာတားဖိုင်နယ်မှာ လက်ရှိချန်ပီယံ ပြင်သစ်နဲ့ နာမည်ကြီး အင်္ဂလန်တို့ ထိပ်တိုက်တွေ့ပြီ

0
2958

ကာတာနိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးရဲ့ ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်တွေမှာ လက်ရှိချန်ပီယံ ပြင်သစ်နဲ့ နာမည်ကြီး အင်္ဂလန်တို့ကို နိုင်ပွဲတွေရယူပြီး ကွာတားဖိုင်နယ်အဆင့်ဆီကို တက်လှမ်းသွားခဲ့ပြီပဲဖြစ်ပါတယ်။

လက်ရှိချန်ပီယံ ပြင်သစ်ဟာ ပိုလန်ကို သုံးဂိုး တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး နာမည်ကြီး အင်္ဂလန်ကတော့ အာဖရိကနိုင်ငံများဖလား လက်ရှိချန်ပိယံ ဆီနီဂေါကို သုံးဂိုး ဂိုးမရှိနဲ့ အနိုင်ယူသွားခဲ့ပါတယ်။

ပြင်သစ်နဲ့ ပိုလန်တို့ရဲ့ပွဲစဉ်မှာ ပိုလန်က ဂိုးကံခေတာမျိုးတွေ ရှိခဲ့ပါတယ်။ ပြင်သစ်ဟာ အဖွင့်ဂိုး မသွင်းယူနိုင်ခင်အထိ အနည်းငယ် ရုန်းကန်ခဲ့ရပြီး ပထမပိုင်း ပွဲကစားချိန် ၄၄ မိနစ်ဆီအရောက်မှာ အဖွင့်ဂိုး ရရှိလိုက်ပြီးတဲ့နောက် ပွဲကို ပြင်သစ်က စိတ်ကြိုက်စိုးမိုးသွားနိုင်ခဲ့ပါတော့တယ်။

ပြင်သစ်အတွက် အဖွင့်ဂိုးသွင်းယူပေးခဲ့သူ ဂျီရုဒ်ဟာ လက်ရွေးစင်သွင်းဂိုး ၅၂ ဂိုး ရယူလိုက်နိုင်ခြင်းနဲ့အတူ အွန်နရီတင်ထားတဲ့စံချိန်ကို ချိုးဖျက်ကျော်ဖြတ်ပြီး ပြင်သစ်လက်ရွေးစင်အသင်း သမိုင်းကြောင်းတလျှောက် ဂိုးအများဆုံးသွင်းယူနိုင်သူအဖြစ် စံချိန်သစ်တင်သွားခဲ့ပါတယ်။

ဒုတိယပိုင်း ပွဲကစားချိန် ၇၄ မိနစ်နဲ့ ၉၀+၁ မိနစ်တွေမှာ အမ်ဘတ်ပေက ပြင်သစ်အတွက် ဒုတိယဂိုးနဲ့ တတိယဂိုးတွေကို ဆက်လက် သွင်းယူပေးခဲ့ပြီး ပိုလန်အတွက် ဂုဏ်သိက္ခာဆယ်သွင်းဂိုးကိုတော့ ပွဲချိန် ၉၀+၉ မိနစ်မှာ ရရှိတဲ့ ပင်နယ်တီသွင်းဂိုးကနေတဆင့် လီဝန်ဒေါစကီးက ရယူပေးသွားခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်နဲ့ ဆီနီဂေါတို့ရဲ့ပွဲစဉ်မှာလည်း အသင်းကြီးဖြစ်တဲ့ အင်္ဂလန်က ပွဲကို စိတ်ကြိုက်စိုးမိုးသွားခဲ့ပြီး ပထမပိုင်း ၄၅ မိနစ် ပြီးဆုံးချိန်မှာတင် နှစ်ဂိုးပြတ်ရလဒ်နဲ့ ပွဲကို အင်္ဂလန်က ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာ အင်္ဂလန်အတွက် ဂိုးတွေကို ဟန်ဒါဆန် (၃၈ မိနစ်)နဲ့ ဟယ်ရီကိန်း (၄၅+၃ မိနစ်)တို့က ရယူပေးခဲ့ကြပါတယ်။

အင်္ဂလန်အတွက် ပွဲသိမ်းအနိုင်ဂိုးကိုတော့ ဆာကာက ပွဲကစားချိန် ၅၇ မိနစ်ဆီအရောက်မှာ ဆက်လက်သွင်းယူပေးခဲ့ပါတယ်။ အခုပွဲစဉ်တွေမှာ အနိုင်ရရှိသွားတဲ့ လက်ရှိချန်ပီယံ ပြင်သစ်နဲ့ နာမည်ကြီး အင်္ဂလန်တို့က ကွာတားဖိုင်နယ်မှာ ထိပ်တိုက်တွေ့သွားခဲ့ပြီး အဲ့ဒီပွဲစဉ်ကိုတော့ မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၃ ရက်နေ့ မနက် ၁ နာရီခွဲမှာ ယှဉ်ပြိုင်ရလိမ့်မယ်လို့ သိရှိရပါတယ်။