ထိုင်းသို့ တရားမဝင် ဝင်လာသော မြန်မာလုပ်သား ၁၀ဝနီးပါး ခရိုင်သုံးခုတွင် ဖမ်းဆီးခံရ

0
3680

ထိုင်းနိုင်ငံ ခရိုင်နှစ်ခုတွင် တရားမဝင် လမ်းကြောင်းဖြင့် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော မြန်မာအလုပ်သမား ၉၆ ဦး ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနများက ရေးသားသည်။

ဒီဇင်ဘာလ ၄ရက်နေ့တွင် ကန်ချနဘူရီခရိုင်၌ အထောက်အထားမဲ့ မြန်မာအလုပ်သမား ၅၃ဦးနှင့် ဒီဇင်ဘာလ ၃ ရက် နေ့တွင် စူရတ်ဌာနီခရိုင်၌ အထောက်အထားမဲ့ မြန်မာအလုပ်သမား ၂၆ ဦးနှင့် ဒီဇင်ဘာလ ၂ရက်တွင် ချင်းရိုင်ခရိုင်၌ ၁၇ဦးတို့ကို ဖမ်းဆီးရမိကြောင်း ဖော်ပြသည်။

ဒီဇင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းတွင် ကန်ချနဘူရီခရိုင် ထုန်းဖာ့ဖမ်းဒေသမှ မောင်ကန်ချနဘူရီဒေသသို့ ဦးတည်လာ သော ပစ်ကပ်ကား သုံးစီးကို စိုင်ယွတ်စစ်ဆေးရေးဂိတ်တွင် တားဆီးစစ်ဆေးရာမှ မြန်မာအလုပ်သမား ၅၃ ဦးကို ဖမ်းမိကြောင်း Thaipost သတင်းဌာနက ရေးသားသည်။

ပထမကားတွင် မြန်မာအလုပ်သမား ၂၂ ဦး၊ ဒုတိယကားတွင် ၁၉ ဦးနှင့် တတိယကားတွင် ၁၂ ဦး ပါဝင်ပြီး အားလုံးတွင် ထိုင်းသို့ တရားဝင် ဝင်ရောက်ခွင့်အထောက်အထား မပါရှိကြကြောင်း ဖော်ပြထားသည်။

ဖမ်းဆီးခံရသူများတွင် မြန်မာအလုပ်သမား အမျိုးသား ၄၃ဦး၊ အမျိုးသမီး ၁၀ ဦးတို့ ပါဝင်ပြီး ၎င်းတို့နှင့်အတူ ထိုင်းနိုင်ငံသား ကားသမားသုံးဦးတို့ကို ဖမ်းမိကြောင်း ရေးသားဖော်ပြသည်။

အလုပ်သမားအများစုမှာ ဟိန္ဒူဘာသာဝင်များဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

ဘတ် ၃၅၀၀၀ မှ ၄၀၀၀၀ အထိ ကုန်ကျခံကာ ထိုင်းမှတစ်ဆင့် မလေးရှားနိုင်ငံသို့ သွားရောက်လုပ်ကိုင်နိုင်ရန်အတွက် လာရောက်ကြသူများဖြစ်ကြောင်း သတင်းဖော်ပြချက်အရ သိရသည်။

ကားသမား သုံးဦးနှင့် မြန်မာအလုပ်သမားတို့ကို အရေးယူရန် စိုင်ယွတ်ရဲစခန်းသို့ ပို့ဆောင်ထားသည်ဟု ဆိုသည်။

အလားတူ ဒီဇင်ဘာလ ၃ရက်၌ စူရတ်ဌာနီခရိုင် ထာ့ချနဒေသတွင် သတင်းအရစစ်ဆေးရာ ကားနှစ်စီးမှ အထောက် အထားမဲ့ မြန်မာအလုပ်သမား ၂၆ဦးကို ဖမ်းဆီးရမိကြောင်း ယင်းခရိုင် လူဝင်မှုကြီးကြပ်ရေးရုံးက ထုတ်ပြန်သည်။

၎င်းတို့နှင့်အတူ ထိုင်းနိုင်ငံသားလေးဦးကိုပါ ဖမ်းမိခြင်းဖြစ်ကြောင်း ဖော်ပြသည်။

အဆိုပါမြန်မာအလုပ်သမားများသည် မည်သည့်နေရာမှလာပြီး မည်သည့်အတွက် ဝင်ရောက်လာခြင်း ဖြစ်သည်ကို အသေးစိတ် ထုတ်ပြန်ထားခြင်း မရှိပေ။

ဖမ်းဆီးခံရသူအားလုံးကို ဥပဒေအရအရေးယူရန် ထာ့ချနရဲစခန်းသို့ ပို့ဆောင်ထားကြောင်း ဖော်ပြထားသည်။

ဒီဇင်ဘာလ ၂ ရက် ည ၈ နာရီအချိန်ခန့်တွင်လည်း ချင်းရိုင်ခရိုင် မယ်ဆိုင်ဒေသ၌ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော ကလေးနှစ်ဦး အပါအဝင် မြန်မာအလုပ်သမား ၁၇ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း Maesaipress သတင်းဌာနက ဖော်ပြထားသည်။

၎င်းတို့သည် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်က ဒေသခံများဖြစ်ပြီး ချင်းမိုင်မြို့သို့ အလုပ်လုပ်ရန်အတွက် ဘတ် ၁၅၀၀၀ အကုန်ကျခံကာ လာရောက်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ဖမ်းဆီးခံရသူများတွင် အသက် ၁၄ နှစ်နှင့် ၁၆ နှစ်အရွယ် ကလေးနှစ်ဦးပါဝင်နေသည့်အတွက် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်မည်ဖြစ်ပြီး ကျန်သော ၁၅ ဦးကို ဥပဒေအရ ဆက်လက်အရေးယူရန် ကော့ချန်းရဲစခန်းသို့ ပို့ဆောင်ထားကြောင်း ဖော်ပြထားသည်။