ဘုတ်ပြင်း၊ ရတနာပုံရွာအနီး တိုက်ပွဲနှစ်ကြိမ်ဖြစ်

0
3776
ဓါတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်မတော်၊တပ်ရင်း (၁)

ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ် ရတနာပုံကျေးရွာအနီး စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်တို့ နှစ်ကြိမ်ထိတွေ့ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ကော့သောင်းခရိုင်၊ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း(၁)က ယနေ့ညတွင်ထုတ်ပြန်သည်။

ရတနာပုံဒေသရှိ စစ်ကောင်စီစခန်းကုန်းသို့ ဒီဇင်ဘာ ၃ ရက်နံနက် ၁၁ နာရီခွဲခန့်က ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်များမှ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယင်းသို့ တိုက်ခိုက်ရာတွင် RPJ ၁ လက်၊ MA 1 တစ်လက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

တိုက်ပွဲမှာ ၂ နာရီကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဖက်က ၃ ဦးကျဆုံးပြီး ၈ ဦးဒဏ်ရာရကာ မဟာမိတ်တပ်ဖက်ကကျဆုံးထိခိုက်သူမရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းသို့တိုက်ခိုက်ခံရပြီးနောက် နံနက် ၁ နာရီခွဲခန့်တွင် ကော့သောင်းအခြေစိုက်တပ်ရင်းများက ကား၊ ခြေလျင်တို့ဖြင့် လေညာ-ရတနာပုံလမ်းအတိုင်း စစ်ကူလာရောက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

နံနက် ၇ နာရီခွဲခန့်တွင် စစ်ကူလာရောက်သည့် တပ်များအား လမ်းတလျှောက်မိုင်းဆွဲခြင်း၊ခြုံခို တိုက်ခိုက်ခြင်းများကို မွန်းလွဲ ၁ နာရီအထိ ပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်ဖက်က ဒဏ်ရာရသေဆုံးသူများရှိခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

တိုက်ပွဲတွင် ထိခိုက်သေဆုံးမှုအခြေအနေကို Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

ယင်းတိုက်ပွဲကို KNLA တပ်ရင်း ၂၀၃၊ကော့သောင်းခရိုင်တပ်ရင်း ၁ ၊မြိတ်ခရိုင်တပ်ရင်း ၂ ၊တို့နှင့် FIying Star (ဘုတ်ပြင်း ပ က ဖ)တို့ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

ယင်းနေ့က တိုက်ပွဲများဖြစ်နေသည့်အတွက် ဘုတ်ပြင်းမြို့နယ်၊ မနိုးရုံးကျေးရွာတွင် အချိန် ၃ နာရီခန့် စောင့်ဆိုင်းခဲ့ရကြောင်း မြိတ်-ကော့သောင်း ခရီးသည်တင်ကား ယာဉ်မောင်း တစ်ဦးကပြောသည်။