၁၆ နှစ်ထားပါ နယူးဇီလန်

0
3136
ဓာတ်ပုံ - tearaway.co.nz

နိုဝင်ဘာ ၂၁။ နိုင်ငံ၏ အမြင့်ဆုံးသော တရားရုံးချုပ်၏ အဆုံးအဖြတ်ကို စိတ်လှုပ်ရှားစွာဖြင့် လူငယ် တစ်စု စောင့်နေကြသည်။ ထို အသက် ၁၈ နှစ် မပြည့်တတ်သေးသော လူငယ်အုပ်စု၏ အဆိုကို တရားရုံးချုပ်က အတည်ပြုပေးလျှင် အဆုံးအဖြတ် အမိန့်သည် နိုင်ငံ၏ သမိုင်းကို အလှည့်အပြောင်း ဖြစ်စေမည့် အမိန့်လည်း ဖြစ်နိုင်သည်။

ရုံးတော်၏ အဆုံးအဖြတ်ထွက်လာသောအခါ ထိုလူငယ်လေး တစ်စု အောင်ပွဲခံကြသည်။ ထိုလူငယ်လေး တစ်စုမျှသာတော့မဟုတ် သူတို့၏ ‘၁၆ နှစ်ထားပါ။ နယူးဇီလန် (Make it 16 NZ)’ လှုပ်ရှားမှုကို ထောက်ခံကြသော လွှတ်တော်အမတ်များ နှင့် ပြည်သူတို့ ပျော်ကြသည်။ ထိုလှုပ်ရှားမှုမှာ အသက်၁၆ နှစ်ပြည့် သူတိုင်းကို နိုင်ငံ၏ ရွေးကောက်ပွဲများတွင် တရားဝင် မဲပေးခွင့် ရရေး လှုပ်ရှားမှုဖြစ်ပြီး လူငယ်လေးများက ဦးဆောင်သည်။ ယခုတော့ သူတို့၏ လှုပ်ရှားမှုကို တရားရုံးချုပ်၏ အဆုံးအဖြတ်က ဥပဒေဆိုင်ရာ ထောက်ခံမှု ပေးလိုက်ပြီဖြစ်သည်။

တရားရုံးချုပ်က ဤသို့ဆုံးဖြတ်ခဲ့သည်။ နယူးဇီလန်နိုင်ငံတွင် ပြဋ္ဌာန်းထားရှိသော ဗဟိုအစိုးရ ရွေးကောက်ပွဲနှင့် ဒေသန္တရအစိုးရရွေးကောက်ပွဲ ဥပဒေများတွင် အသက် ၁၈ နှစ်ပြည့်မှ မဲပေးနိုင်သည်ဆိုသော အချက်သည် နိုင်ငံသားအခွင့်အရေး ဥပဒေတွင် ဖော်ပြထားသော အသက်အရွက်ကို လိုက်၍ ခွဲခြားဆက်ဆံခြင်း မရှိစေရ ဆိုသော အချက်နှင့် မညီမညွတ်ဖြစ်နေသည် ဟူ၍ ဖြစ်သည်။ ဤဆုံးဖြတ်ချက်အရဆိုလျှင် နယူးဇီလန်၏ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပါ အသက် ကန့်သတ်ချက်များကို ပြင်ဆင် သင့်ပြီဖြစ်သည်။

“ ၁၆ – ၁၇ အရွယ်တွေက မဲပေးဖို့အတွက် မရင့်ကျက်သေးဘူး၊ ဆင်ခြင်ဉာဏ်သိပ်မပြည့်သေးဘူးလို့ အပြောခံရတယ်၊ ဒါပေမဲ့ ဒီလိုစကားတွေက အသက် ၁၈ အရွယ်တွေကိုရော၊ အမျိုးသမီးတွေကိုရော မြေယာမဲ့တွေကိုရောပြောကြတာပါပဲ”

အသက် ၁၆ နှစ်ပြည့်လျှင်မဲပေးခွင့်ရရေး လှုပ်ရှားမှုကို ဦးဆောင်သူတစ်ဦးဖြစ်သည့် အမျိုးသမီးငယ်လေး တစ်ပလာ က သူမကြုံရသည်များကို ဖွင့်ဟသည်။ သူမတို့၏ လေ့လာချက်များအရ မဲပေးခွင့်ကို ၁၆ နှစ်ထား လိုက်သည့်အတွက် စကော့တလန်နှင့်ဩစတြီးယား နိုင်ငံများတွင် နိုင်ငံ့အရေးအရာများတွင် လူငယ်များ ပိုမို ပါဝင်လာကြောင်း၊ ၁၆ – ၁၇ နှစ်များ၏ မဲပေးနှုန်းများ အသက် ၁၈ မှ ၂၄ နှစ်အရွယ်များထက် များကြောင်းလည်း ဆိုသည်။ ထိုသို့သော အချက်များကြောင့်ပင် နိုင်ငံရေးတွင် လူငယ်များ တရားဝင်ပါဝင်ခွင့်ရရေးယခုလှုပ်ရှားမှုကို ၂၀၁၉ ခုနှစ် ကတည်းက စခဲ့ခြင်းဖြစ်သည်။

လူဦးရေ ၅ သန်းကျော်သာရှိသော ကျွန်းနိုင်ငံ နယူးဇီလန်တွင် အသက် ၁၅ မှ ၁၉ အထိ လူငယ်ရွယ် ၃ သိန်းကျော် ရှိနေသည်။ ပြီးခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် လူငယ်များ၏ ပါဝင်မှု နည်းနေကြောင်း အချက်အလက်များက ပြနေသည်။ ထိုရွေးကောက်ပွဲတွင် စာရင်းမသွင်း မဲမပေးသူ ၂ သိန်းကျော်ရှိရာ ထက်ဝက်နီးပါးမှာ အသက် ၁၈ မှ ၂၄ ကြားအုပ်စုဖြစ်နေသည်။ ထို့ကြောင့် အသက် ၁၆၊ ၁၇ နှစ်အရွယ်များကို မဲပေးခွင့်ပြုလျှင် နိုင်ငံရေးတွင် လူငယ်များပါဝင်မှု များလာမည်ဟု ယူဆထားသည်။

ကမ္ဘာပေါ်တွင် အသက် ၁၆ နှစ်ပြည့်လျှင် တရားဝင်မဲပေးခွင့် ရှိသော နိုင်ငံ ၁၁ နိုင်ငံ ရှိနေပြီး အသက် ၁၇ နှစ် ကို မဲပေးခွင့်ပြုထားသည်မှာ ၆ နိုင်ငံရှိသည်။ နိုင်ငံအများစုမှာ အသက် ၁၈ နှစ်ပြည့်လျှင် တရားဝင် မဲပေးခွင့် ပြုထား ကြပြီး တချို့ နိုင်ငံများမှာ အသက် ၂၀၊ ၂၁ နှစ် ၂၅ နှစ် ပြည့်မှ မဲပေးခွင့် ပြုထားသည်။

“ရာသီဥတုဆိုင်ရာကိစ္စနဲ့ ပတ်သက်လို့ ကျောင်းမှာ ဆန္ဒထုတ်ဖော်တာတွေလိုမျိုးကို ကြည့်ရင် ဆယ်ကျော်သက်တွေဟာ ရှုပ်ထွေးနက်နဲတဲ့ ကိစ္စတွေကို နားလည်နိုင်စွမ်းတော်တော် ရှိတာ တွေ့နိုင်တယ် ပြီးတော့ သူတို့ ပြောဆို ထုတ်ဖော်ခွင့်ရဖို့ ကြိုးပမ်းကြတာပါ” နယူးဇီလန်၏ ကလေးသူငယ်များဆိုင်ရာ ကော်မရှင်နာမင်းကြီး အန်ဒရူးကလည်း မဲပေးခွင့် အသက်လျှော့မည်ကိစ္စကိုနှင့် စပ်၍ မှတ်ချက်ပြုသည်။

တရားရုံး၏ ဆုံးဖြတ်ချက်ထွက်လာပြီးနောက် နိုင်ငံ၏ အမျိုးသမီးဝန်ကြီးချုပ် ဂျက်ဆင်ဒါအာဒမ်ကလည်း သူမ၏ အလုပ်သမားပါတီ အစိုးရအနေဖြင့် ရွေးကောက်ပွဲ ဥပဒေကို ပြင်ရန် အသက် ကန့်သတ်ချက်ကို ၁၆ နှစ်ထားရန် ကြိုးပမ်းမည်ဟု ဆိုသည်။ ဝန်ကြီးချုပ်၏ အဆိုကို ထောက်ခံကာ ဥပဒေပြင်ဆင်ရာတွင် ထောက်ခံ လုပ်ဆောင်ရန် အသင့်ရှိနေကြောင်း ဂရင်းပါတီ၏ လွှတ်တော် အမတ်အချို့ကလည်း လူသိရှင်ကြား ထုတ်ပြော ကြသည်။

သို့ရာတွင် အသက် ၁၆ နှစ်အရွယ်ကို မဲပေးခွင့်ပြုရေး တရားဝင်ဖြစ်လာရန် အဟန့်အတားများ ရှိနေဆဲဖြစ်သည်။ နယူးဇီလန် ပါလီမန်တွင်း အဓိက အတိုက်ခံ အုပ်စုဖြစ်သော အမျိုးသားရေးပါတီ (နက်ရှင်နယ်ပါတီ) နှင့် အခြားပါတီအချို့က ထိုကိစ္စကို သဘောမတူပေ။ ပါလီမန်တွင် အာဏာရ အလုပ်သမားပါတီက အမတ်စုစုပေါင်း ၅၀ ရာခိုင်နှုန်းသာရှိပြီး ဂရင်းပါတီကလည်း ၇ ရာခိုင်နှုန်းသာရှိသည်။ လွှတ်တော်အမတ်များ၏ စုစုပေါင်း အနည်းဆုံး ၇၅ ရာခိုင်နှုန်း ကျော်ထောက်ခံမှုရမှ ပြင်ဆင်နိုင်မည့် ရွေးကောက်ပွဲ ဥပဒေအတွက် ပါလီမန်အတွင်း အမတ်ဦးရေ ၂၆ ရာခိုင်နှုန်းကျော် ယူထားသော အမျိုးသားရေးပါတီက အဓိက အဟန့်အတားကြီးဖြစ်သည်။

အမျိုးသားရေးပါတီအနေဖြင့် မဲပေးခွင့် အသက်လျှော့သည့်ကိစ္စကို ကန့်ကွက်သွားမည်ဖြစ်ကြောင်း ပါတီ၏ တရားရေးဆိုင်ရာ ပြောခွင့်ရ စမစ်ကလည်း အတည်ပြုသည်။ ထိုကိစ္စမှာ ပါလီမန်တွင် ဆွေးနွေးခြင်းထက် လူထုဆန္ဒခံယူပွဲလုပ်ကာ ဆုံးဖြတ်သင့်သည်ဟု သူက ယူဆသည်။ ထို့အတူပင် အမျိုးသားရေးပါတီ၏ လူငယ်ဆိုင်ရာ ပြောခွင့်ရ အမျိုးသမီး ဝီလစ်ကလည်း ၁၆ နှစ် အရွယ်ကို မဲပေးခွင့်ပေးမည့်ကိစ္စ သဘောမတူပေ။

“အသက် ၁၆ နှစ်နဲ့ အိမ်ထောင်ပြုလို့ မရဘူး၊ အရက်ဝယ်လို့ မရဘူး၊ စစ်မှုထမ်းလို့လည်း မရပါဘူး၊ ဒါကြောင့် ဒီ ၁၆နှစ် အရွယ်လေးနဲ့ မဲပေးခွင့် ရှိသင့်တယ်လို့လည်း ကျမ မထင်ပါဘူး” ဟု သူမက ဆိုသည်။

ဤသို့ကန့်ကွက်မှုများ ကြုံလျှင် ရွေးကောက်ပွဲ ဥပဒေ ပြင်ဆင်၍ မဲပေးနိုင်သော အသက်အရွယ်ကို လျှော့သည့်ကိစ္စမှာ ပါလီမန်တွင် အလုပ်မဖြစ်၊ အထမမြောက်ဖြစ်မည်ကို ‘၁၆ နှစ်ထားပါ နယူးဇီလန်’ လှုပ်ရှားမှုတွင် ပါဝင်သူ လူငယ်တို့ သိထားပြီးလည်း ဖြစ်သည်။ ထို့ကြောင့်လည်း သူတို့ ဦးဆောင်လှုပ်ရှား သူလူငယ်များ က အတိုက်ခံ နိုင်ငံရေး အုပ်စုများနှင့် စကားပြောသည်။ စည်းရုံးသည်။ သူတို့ လုပ်နိုင်သည့် အရာများကို လုပ်ဆောင်နေဆဲ။

ဤကိစ္စကို အထမြောက်စေချင်လှသူ ၁၇ နှစ်အရွယ် လူငယ်လေး အီသန်ကမူ

“လူငယ်တွေရဲ့ အသံက ပိုကျယ်ဖို့ လိုအပ်ပါတယ်၊။ ဘာလို့ဆို နယူးဇီလန်အနေနဲ့ တွေ့ကြုံနေရတဲ့ ရေရှည် ပြဿနာတွေက ကျနော်တို့ကို အများဆုံး သက်ရောက်လာမှာ မို့လို့ပါ” ဟု ဆိုသည်။ သူနှင့်အတူ လူငယ်များ ဦးဆောင်သည့် ဤလှုပ်ရှားမှုတွင်ပါဝင်နေသူ မိုလီကတော့ အမျိုးသားရေးပါတီ၏ လူငယ်ဆိုင်ရာပြောခွင့်ရ ဝီလစ်၏ မှတ်ချက်ကို အောက်ပါအတိုင်းတုံ့ပြန်သည်။

“ ၁၆ နှစ်နဲ့ အချိန်ပြည့်အလုပ်လုပ်လို့ရတယ်၊ လိင်မှုကိစ္စတွေအတွက် ကိုယ့်ဘာသာ ဆုံးဖြတ်လို့ရတယ်၊ ကားမောင်းခွင့်လည်းရှိတယ်၊ သေနတ်တွေတောင် ပိုင်ဆိုင်လို့ ရသေးတယ်။ ဆိုတော့ မဲပေးခွင့်တော့ ရသင့်ပါတယ်” ဟူ၍ဖြစ်သည်။

ယင်းတို့၏ လှုပ်ရှားမှုဆိုင်ရာ ဝဘ်ဆိုက်တွင်လည်း လူတစ်ဦး၏ ဉာဏ်ပညာနှင့် ဆင်ခြင်တုံတရား၊ နိုင်ငံရေး ဗဟုသုတကို အသက်အရွယ်နှင့်တိုင်း၍မရ။ အသက် ၁၆ နှစ်အရွယ်၏ဦးနှောက်သည် မဲပေးရန် လုံလောက်စွာ ဖွံ့ဖြိုးပြီး ဖြစ်သည်ဟု စိတ်ပညာရှင်များနှင့်ဦးနှောက်ပညာရှင်များ၏ သုတေသနက အတည်ပြုထား။ အစိုးရ၏ ဆုံးဖြတ်ချက်များတွင် လူငယ့်အသံများ ပိုမိုပါဝင်လာခြင်းဖြင့် ဒီမိုကရေစီကို အားကောင်းစေ အစရှိသဖြင့်လည်း ရေးသားထားကြသည်။

‘၁၆ နှစ်ထားပါ နယူးဇီလန်’ (Make it 16 NZ) လှုပ်ရှားမှုတွင်ပါဝင်နေသူ လူငယ်လေးများကတော့ ယင်းတို့၏ လှုပ်ရှားမှု မအောင်မြင်မချင်း လုပ်ဆောင်ကြမည်ဖြစ်သည်။ ထို့အတွက် သူတို့တွင် ခိုင်မာသော အကြောင်းပြချက်များလည်း ရှိနေကြသည်။ အကြောင်းအရင်းတစ်ခုမှာ အောက်ပါအတိုင်းဖြစ်သည်။

“ နိုင်ငံတွင်း ကြုံတွေ့နေရသော ပြဿနာများ၊ အခက်အခဲများကြောင့် လူငယ်များအနေဖြင့် စိတ်ထောင်းကိုယ်ကြေ ဖြစ်ကြရသည်၊ ဖြစ်ဆဲလည်း ဖြစ်သည်၊ ဖြစ်လည်း ဖြစ်ပါလိမ့်မည်။ ထိုပြဿနာများကို အဖြေရှာရာတွင် လူငယ့်အသံများ မပါသလောက်ဖြစ်သည်။ ထိုကျွန်ုပ်တို့အပေါ် သက်ရောက်သော၊ ကျွန်ုပ်တို့၏ ဘဝနှင့်ဆိုင်သော ဆုံးဖြတ်ချက်များသည် ကျွန်ုပ်တို့က ချမှတ်နေခြင်းမဟုတ်။ အနာဂတ်၏ အသံများအတွက် ကျွန်ုပ်တို့တွင် ပြောရေးဆိုခွင့်ရှိရန် ထိုက်တန်ပါသည်” ဟု လှုပ်ရှားမှု၏ ဝဘ်ဆိုက်တစ်နေရာတွင် ဖော်ပြထားသည်။ နယူးဇီလန်က လူငယ်များ၏ ၁၆ နှစ်ထားပါ တိုက်ပွဲကား အရှိန်ရဆဲ ဖြစ်ပါသည်။

ဓာတ်ပုံ – tearaway.co.nz

ဝီလီယံ