“ဟန့်တားဖို့မသင့်တဲ့ ပညာသင်ကြားခွင့်”

0
4706

ကလေးသူငယ်နှင့် လူငယ်များအားလုံးတွင် ပညာသင်ယူရန်အခွင့်အရေးရှိပြီး မိဘများတွင်လည်း မိမိရင်သွေးအတွက် ပညာသင်ယူခြင်းနည်းလမ်းများကို ရွေးချယ်ခွင့်ရှိပါသည်ဟု Save the Children၊ UNESCO နှင့် UNICEF တို့၏ ပူးတွဲထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းအပြင် ကျောင်းသူ၊ကျောင်းသားများ၊ ဆရာ၊ ဆရာမများ၊ ပညာရေးဝန်ထမ်းများ အနေဖြင့်လည်း ဂုဏ်သိက္ခာရှိစွာသင်ကြားခွင့်၊ သင်ယူခွင့်ရရှိရန် လိုအပ်ပြီး ပညာသင်ကြားရာ နေရာများ ဘေးကင်းလုံခြုံမှုရှိရန်မှာလည်း အလွန်အရေးကြီးကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

ပညာရေးနှင့်ပတ်သက်သော ဆုံးဖြတ်ချက်များချမှတ်ရာတွင် ကလေးများအတွက် အကျိုးအရှိဆုံးဖြစ်ရေးကို အဓိကထား စဉ်းစားရပါမည်ဟုလည်း ဖော်ပြထားသည်။

သို့သော် လက်ရှိမြန်မာနိုင်ငံတွင်တော့ ကလေးငယ်များ၏ ပညာသင်ကြားခွင့်မှာ နည်းမျိုးစုံဖြင့် ဟန့်တားနှောင့်ယှက်ခံနေရသည်။

မကြာသေးမီက မကွေးတိုင်းရှိ NUG  ကျောင်းဆရာတစ်ဦး ခေါင်းဖြတ်သတ်ခံရမှု၊ ပဋိပက္ခဒေသရှိ စာသင်ကျောင်းများ မီးရှို့ခံရမှု၊ NUG နှင့် ဆက်စပ်အဖွဲ့များတွင် စာသင်နေသည့် ဆရာ၊ဆရာမများကို လိုက်လံဖမ်းဆီးမှုများရှိနေသည်။

ယင်းသို့ပင် တစ်ဖက်တွင်လည်း စစ်ကောင်စီက ဖွင့်သည့်ကျောင်းများတွင် စာသင်နေသည့် ဆရာ၊ဆရာမများကို ခြိမ်းခြောက်မှု၊ ကျောင်းသွားတက်သည့် ကလေးများကို ပြစ်တင်ပြောဆိုမှု၊ စာသင်ကျောင်းများအနီး ပစ်ခတ်တိုက်ခိုက်မှုများလည်း ဖြစ်ပေါ်နေသည်။

မည်သို့သော အခြေအနေတွင် ရှိနေသည်ဖြစ်စေ စာသင်ကျောင်းများမှာ လုံခြုံသည့် ရပ်ဝန်းများဖြစ်သင့်သလို တိုက်ပွဲများအတွင်းမှာပင် ကလေးငယ်များမှာ စိတ်လုံခြုံစွာ စာသင်ကြားခွင့် ရှိနေရေးဆိုသည်မှာ ယဉ်ကျေးသော လူ့အဖွဲ့အစည်းက လက်ခံထားသည့် စံနှုန်းများဖြစ်သည်။

ယင်းကြောင့် ကလေးငယ်များ ပညာသင်ကြားခွင့်နှင့်ပတ်သက်၍ လက်ရှိဖြစ်ပေါ်နေသော အခြေအနေများကို သိရှိနိုင်ရန် ယခုအပတ် ‘တနင်္သာရီ ပုံရိပ်’ အစီအစဉ်တွင် မေးမြန်းဖော်ပြလိုက်ပါသည်။

“စာသင်တာကိုတော့ အပြစ်ရှိတယ်လို့ မသတ်မှတ်စေချင်ဘူးပေါ့”

NUG  အွန်လိုင်းပညာရေး ကျောင်းသားမိဘတစ်ဦး

DW ။ အစ်မရဲ့ကလေးတွေကို ပညာသင်ကြားနေတဲ့ပုံစံအရင်ဆုံးပြောပြပေးပါ။

ဖြေ ။ ကျွန်မကလေးက အွန်လိုင်းကနေကျောင်းတက်နေတယ်။ အွန်လိုင်းကျောင်းဆိုတာက NUG အသိအမှတ်ပြုထားတဲ့ကျောင်းကိုပြောတာ။

DW ။ ဘာလို့ အွန်လိုင်းကျောင်းကိုရွေးချယ်ရတာလဲဆိုတာရှင်းပြပေးပါ။

ဖြေ ။ ဒီမှာက ကျောင်းမဖွင့်ဘူးလေ။ ကျောင်းမနေရတာလဲ ကြာလာတဲ့အခါကျတော့ ကလေးက အရင်က စာတွေတောင်မေ့သွားပြီ။ ဘာမှမဆို‌တတ်တော့ဘူး။ ရေးလည်းမတတ်တော့ဘူး။

DW ။ အွန်လိုင်းကျောင်းတက်ရတာအဆင်ပြေလား။ ဘယ်လိုအခက်အခဲတွေရှိလဲ။

ဖြေ ။ အခက်အခဲကတော့ ကလေးကနှစ်ယောက် ဖုန်းကတစ်လုံးပဲရှိတဲ့အခါကျတော့ အချိန်လုနေရတယ်။ ဖုန်းအားမရှိရင် ကျောင်းပျက်တာပေါ့။ အင်တာနက် ဈေးလည်းကြီးတယ်။ တစ်လတစ်လ သိန်းနဲ့ချီကုန်တယ်။ အဲဒါတောင် တစ်ရက်ကို လေး၊ ငါးနာရီပဲရှိသေးတာနော်။ ကျွန်မတို့မှာက ကြိုးနဲ့ဆင်တဲ့အင်တာနက် (WiFi) မရဘူးလေ။

DW ။ NUG ကဖွင့်တဲ့ကျောင်းတက်တာဆိုတော့ စိုးရိမ်နေရတာမျိုးရှိလား။

ဖြေ ။ စိုးရိမ်တာပေါ့။ ကျောင်းတက်နေတာကို အိမ်နီးချင်းတွေကိုလည်း မသိစေချင်ဘူး။ ဆွေမျိုးတွေကိုလည်း မပြောပြဘူး။ ဘယ်သူ့မှကိုမပြောပြရဲတာ။ ရွာထဲမှာ ရုတ်ရုတ် ရုတ်ရုတ်အသံကြားရင် ဖုန်းတွေ၊ စာအုပ်တွေလိုက်လိုက်ဝှက်။ အိမ်မှာများလာစစ်လို့ တွေ့သွားမလား အရမ်းစိုးရိမ်တယ်။ ကလေးတွေစာကျက်တာတောင်မှ အော်ပြီးမကျက်ခိုင်းရဲဘူး။ တိုးတိုးကျက်ဖို့ ပြောနေရတယ်။

DW ။ အဲဒီလို စိုးရိမ်စိတ်နဲ့ စာသင်ခိုင်းနေရတဲ့အပေါ် ဘာပြောချင်တာရှိလဲ။

ဖြေ ။ မထားလို့ကလည်းမရ။ အိမ်နားမှာ စက်ဘီးတွေနဲ့ လျှောက်လျှောက်သွား၊ အိမ်မှာမကပ်ဘူး။ အိမ်မှာနေပြန်တော့ တစ်နေ့လုံးဖုန်းပဲကြည့်နေတော့တာပဲ။ အဲတော့ တစ်လုံးပဲရရ နှစ်လုံးပဲရရဆိုပြီး ထားထားတာပါ။ ဖြစ်ရင်လည်းကံပဲပေါ့။ ကိုယ်လည်းမကောင်းတာ ဘာမှမလုပ်ထားပါဘူး။ စာသင်တာကိုတော့ အပြစ်ရှိတယ်လို့ မသတ်မှတ်စေချင်ဘူးပေါ့။

DW ။ ကျေးဇူးတင်ပါတယ်။

“(ကျောင်း)မတက်နိုင်သေးတာ တစ်သိန်းလောက်ရှိမယ်”

တနင်္သာရီတိုင်းပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦး

DW ။ တနင်္သာရီတိုင်းမှာ ကျောင်းတက်နေတဲ့ ကျောင်းသား ဘယ်လောက်ရှိတယ်ဆိုတာ ပြောပြပေးပါ။

ဖြေ ။ ကျောင်းအနေနဲ့ဆိုရင် ၁၀၃၅ ကျောင်းလောက်ဖွင့်နေတာရှိတယ်။ တိတိကျကျတော့ မဟုတ်သေးဘူး။ ၂၃၅၀ ကျောင်း ရှိတဲ့အထဲက ကျန်တဲ့ဟာကတော့ မဖွင့်နိုင်သေးဘူးပေါ့။ ကျောင်းသာဦးရေးအားဖြင့်တော့ နှစ်သိန်းကျော်လောက်ရှိတယ်။ ကျောင်းမတက်နိုင်သေးတဲ့သူတွေကတော့ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်ကစာရင်းနဲ့ တွက်ရင် အဲဒီတုန်းက သုံးသိန်းလောက်ရှိတာဆိုတော့ မတက်နိုင်သေးတာ တစ်သိန်းလောက်ရှိမယ်။ သုံးပုံတစ်ပုံပေါ့။ သုံးပုံနှစ်ပုံကတော့ ကျောင်းတက်နေတာပေါ့။

DW ။ ကျောင်းမဖွင့်နိုင်တဲ့နေရာတွေဆို ဘယ်နေရာတွေဖြစ်မလဲ။

ဖြေ ။ တနင်္သာရီတိုင်းအနေနဲ့ဆိုရင်တော့အဓိက နံပါတ်တစ်က လောင်းလုံးပေါ့။ ပဋိပက္ခဖြစ်တဲ့နေရာတွေပေါ့။ ရေဖြူ(မြို့နယ်) ပါမယ်။ ထားဝယ်(မြို့နယ်)ပါမယ်။ ထားဝယ်မြို့နယ်မှာဆို ကျောင်းပေါင်း ၆၀ ကျော်မဖွင့်နိုင်သေးဘူး။ ခရိုင်အားဖြင့်ပြောမယ်ဆို ထားဝယ်(ခရိုင်)ပေါ့။ မြိတ်ခရိုင်မှာဆို တနင်္သာရီမြို့နယ်တို့ပါမယ်။  အဓိကကတော့ ပဋိပက္ခဖြစ်နေတဲ့နေရာတွေပေါ့။

DW ။ NUG ကဖွင့်တဲ့ အွန်လိုင်းကျောင်းတွေကို တက်လို့ရှိရင် အရေးယူခံရမယ်ဆိုပြီး ပြောနေကြတာရှိတော့ အဲဒီအပေါ်မှာဘာများပြောနိုင်တာရှိမလဲ။

ဖြေ ။ အဲဒါတော့ ‌မပြောတတ်ဘူး။ အဲဒီကိစ္စ( အရေးယူမယ့်ကိစ္စ) ပညာရေးဌာနဘက်ကို ဘယ်လိုမျိူးလဲဆိုတာမျိူး မေးလာတာမရှိဘူး။ (NUG‌ ကျောင်းတက်နေတဲ့ကလေး) စာရင်းလည်း မေးတာတွေမရှိဘူး။ ပညာရေးဌာနအနေနဲ့ကတော့ ကလေးတွေကို ပညာသင်ကြားနိုင်ဖို့ စီမံခန့်ခွဲတာပဲရှိတာ။ အဲဒါတွေက ကိုယ့်အလုပ်လဲမဟုတ်တော့ အဲဒါနဲ့ပတ်သက်ပြီး ပြောဖို့ဟာမရှိဘူးပဲပြောရမှာပေါ့။

DW ။ ‌အခြေခံပညာက ကျောင်းသားတွေ၊ ဆရာမတွေ ခြိမ်ခြောက်ခံရတာမျိုးရှိလား။

ဖြေ ။ အဲဒီမှာပြောရမယ်ဆိုရင်တော့ ကျောင်းသားတွေကို ခြိမ်းခြောက်တာနဲ့ ပတ်သက်ပြီးတော့ ပြောသံမကြားရဘူး။ ဆရာ၊ ဆရာမတွေကို ခြိမ်းခြောက်တာတော့ ရှိတယ်။ ကျည်ဆန်ပို့ပြီး ဘာတို့၊ ညာတို့တော့ရှိတယ်။ ကျောင်းစဖွင့်ကာစတုန်းကပေါ့။

‌DW ။ နောက်ထပ်ဘာများဖြည့်စွက်ပြောချင်တာရှိသေးလဲ။

ဖြေ ။ ပညာရေးမှာ အများစုဖြစ်နေတဲ့ ပြဿနာကတော့ ကျောင်းမဖွင့်နိုင်တော့ ကျောင်းထားစရာ နေရာမရှိတော့ မထားရဘူးပေါ့။ ကလေးတွေ အရွယ်လွန်သွားကြပြီးတော့ အလုပ်ထဲရောက်ကုန်ကြတာပေါ့။  ကျောင်းသားတွေ အားလုံးကျောင်းလာစေချင်ရင်တော့ ကျောင်းဖွင့်နိုင်အောင်ကြိုးစားရမှာပေါ့။ ကျောင်းဖွင့်နိုင်ဖို့ဆိုရင် ဒေသအေးချမ်းဖို့လည်း လိုသေးတာကို။

DW ။ ကျေးဇူးတင်ပါတယ်။

“ကလေးက ကျောင်းတအားတက်ချင်နေတော့ တားလို့လည်းမရ”

ကျောင်းသားမိဘတစ်ဦး

DW ။ အစ်မရဲ့ကလေးကို ကျောင်းထားဖြစ်သွားတဲ့အကြောင်း အရင်ဆုံးပြောပြပေးပါ။

ဖြေ ။ သူ့ဘာသာ ကျောင်းသွားအပ်ပြီး ပြန်လာတာ။ သိကိုမသိလိုက်ဘူး။ အိမ်ကနေစက်ဘီးနဲ့ ထွက်သွားပြီးကျောင်းသွားအပ်လာတာတဲ့။ အဲဒါအခုထိ ကျောင်းတက်နေတာပေါ့။

DW ။ ကျောင်းတက်‌နေတာနဲ့ပတ်သက်ပြီး စိုးရိမ်တာမျိုးရှိလား။

ဖြေ ။ အမှန်တိုင်းပြောရရင်တော့ စိုးရိမ်တာတော့ရှိတယ်။ ‌မ‌ပြောကောင်းမဆိုကောင်း ကျောင်းမှာ ‌(ပေါက်ကွဲမှု) တစ်ခုခုဖြစ်တာမျိုး။ အဲလိုမျိုးဖြစ်မှာစိုးရိမ်တယ်။ ဟိုးတစ်လောကတောင် ကျောင်းရှေ့မှာ သေနတ်ပစ်တာတွေ ဖြစ်သေးတယ်လေ။ အဲဒီတုန်းကဆို အိမ်ကနေစိတ်ပူလို့သေတော့မယ်။ သူ့အဖေကလည်း အိမ်မှာမရှိဘူး သွားကြိုခိုင်းဖို့လေ။ ကလေးက ကျောင်းတအားတက်ချင်နေတော့ တားလို့လည်းမရဘဲ ဖြစ်နေတယ်။ သူများတွေလည်းတက်နေတာပဲဆိုပြီး အမြဲပြောတယ်။ သူ့သူငယ်ချင်းတွေက အတန်းကြီးသွားပြီး သူကကျန်ခဲ့မှာအရမ်းစိုးရိမ်နေတာ။

DW ။ စိုးရိမ်စိတ်နဲ့ ကျောင်းတက်ခိုင်းနေရတဲ့အပေါ် ဘာများပြောချင်တာရှိလဲ။

ဖြေ ။ တစ်ချို့ကတော့ ကျောင်းတက်တာမကြိုက်ဘူး။ သူတို့ကကျောင်းမထားဘဲကိုယ်က ကျောင်းထားနေတာဆိုတော့ မခေါ်မပြောဖြစ်တာတွေရှိ‌တော့လေ။ အဲဒါလည်းစိုးရိမ်တာပေါ့နော်။ ဖြစ်နိုင်ရင်တော့ ‌အေးအေးဆေးဆေး အရင်လိုပဲ အားလုံးကလေးတွေ‌ ကျောင်းနေတာကို မြင်ချင်တာပေါ့နော်။

DW ။ ကျေးဇူးတင်ပါတယ်။

“နိုင်ငံရေးပဋိပက္ခထဲမှာ ကလေးတွေက မြေဇာပင်ဖြစ်နေရတာပေါ့”

‌ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး

DW ။ စစ်ကောင်စီကဖွင့်တဲ့ကျောင်းမှာ ကျောင်းတက်တဲ့ကျောင်းသားတွေနဲ့ပတ်သက်ပြီး သဘောထားဘယ်လိုရှိလဲ။

ဖြေ ။ ကလေးတွေကျောင်းမနေရတဲ့ကိစ္စကတော့တော်တော်လေးကို စိုးရိမ်စရာဖြစ်တာပေါ့။ ဒါပေမဲ့ စစ်ကောင်စီကဖွင့်တဲ့ ကျောင်းမှာသွားထားပြန်ရင်လည်း အန္တရာယ်တွေရှိနေတာပေါ့။ သူတို့ကလည်း ထိန်းချုပ်နိုင်တာမရှိဘူးလေ။ သွားထားလည်း ပညာရေးအတွက် ထိထိရောက်ရောက် ဖြစ်မြောက်မှာမဟုတ်ဘူး။ သူတို့က နိုင်ငံရေးအရ ပုံမှန်အနေအထားဖြစ်နေတယ်ဆိုတဲ့ အနေအထားတစ်ခုကို ပြချင်လို့ လုပ်နေတာကိုမြင်ရတာပေါ့လေ။ တော်လှန်ရေးအင်အားစုတွေ ဘက်ကလည်း ကလေးတွေရဲ့ပညာရေးကို ထိခိုက်စေချင်လို့မဟုတ်ဘဲနဲ့ စစ်ကောင်စီရဲ့လုပ်ရပ်တွေကို အားမပေးစေချင်တဲ့ ဟာလောက်ပဲရှိမယ်လို့ ယူဆတာပေါ့နော်။ ကလေးတွေရဲ့ပညာရေးကို ဖျက်ဆီးချင်လို့မဟုတ်ဘူး။ တကယ်လည်းမဟုတ်ဘူး။ အားလုံးက ကလေးတွေရဲ့ပညာရေးကို အမှန်တကယ်ပဲ စိတ်ပူနေကြတာပါ။

တစ်ချို့ ကျွန်တော်တို့ထိန်ချုပ်နယ်မြေမှာတော့ ကလေးတွေတတ်ပါစေဆိုပြီး သင်နေတာတွေလည်းရှိတယ်။ တော်လှန်ရေးအောင်မြင်တဲ့အချိန်ကျရင်တော့ ဦးနှောက်ကြီးကြီးနဲ့ ကလေးတွေရဲ့ပညာရေးကိစ္စပြန်စဉ်းစားဖို့တော့လိုတာပေါ့နော်။

DW ။ လက်နက်ကိုင်အဖွဲ့တွေ( PDF၊ စစ်ကောင်စီ) ကျောင်းသားတွေကို ခြိမ်းခြောက်တာ၊ ဖမ်းဆီးတာ လုပ်ဆောင်နေတဲ့ကြတဲ့အပေါ် ဘယ်လိုမှတ်ချက်ပေးချင်တာရှိလဲ။

ဖြေ ။ တစ်ဖက်နဲ့တစ်ဖက်က ကလေးတွေအပေါ်မှာ ပစ်မှတ်ထားတာထက် နိုင်ငံရေးအားပြိုင်မှုမှာ ပစ်မှတ်ထားနေကြတာကို တွေ့ရတာပေါ့လေ။ စကစကလည်း ကလေးတွေ ပညာတတ်စေချင်တာထက် သူတို့ရဲ့ အာဏာသက်ရောက်မှုကိုပြချင်လို့ ကျောင်းဖွင့်တာတွေ့ရတယ်။ ဒီအပေါ်မှာ တော်လှန်ရေးအင်းအားစုတွေ ဘက်ကတော့ စကစနဲ့မပူးပေါင်းဖို့ ဟန့်တားတာတွေတော့ရှိမယ်။ နိုင်ငံရေးပဋိပက္ခထဲမှာ ကလေးတွေက မြေဇာပင်ဖြစ်နေရတာပေါ့။ နိုင်ငံရေးမတည်ငြိမ်သေးသမျှကတော့ ဒီလိုပဲဆက်ရှိနေလိမ့်မယ်လို့မြင်တယ်။ (လက်နက်ကိုင်အဖွဲ့တွေအနေနဲ့) ကျောင်းသားတွေအပေါ် နိုင်ငံရေးအရ အသုံးချတာမျိုးကတော့ မဖြစ်သင့်ဘူးလို့ပဲမြင်တယ်။ မိဘတွေအနေနဲ့ကတော့ ဒီအချိန်မှာ ကွဲကွဲပြားပြားသိဖို့လိုတယ်။ တစ်နိုင်ငံလုံးက တော်လှန်နေတဲ့အချိန်မှာ ခွဲခွဲခြားခြားမြင်ဖို့လိုတယ်။ ဘယ်သူက အဓမ္မလည်းဆိုတာမျိုး‌ကိုပေါ့။

DW ။ ကျေးဇူးတင်ပါတယ်။