မောင်းမကန်ရွာတွင် ပစ်သံကြားရ၊ ရဲစခန်းဝင်တိုက်ခံရဟု သတင်းထွက်

0
5088

လောင်းလုံးမြို့နယ် မောင်းမကန်ရွာတွင် ယနေ့ ဒီဇင်ဘာ ၄ ရက်နေ့ ညပိုင်းတွင် သေနတ်ပစ်သံတွေ အဆက်မပြတ်ထွက်ပေါ်နေပြီး ရဲစခန်း ဝင်စီးခံရသည်ဆိုသည့် သတင်းများထွက်ပေါ်နေကြောင်း ဒေသခံများက ပြောသည်။

ယနေ့ ည ၈ နာရီ ဝန်းကျင်ကနေ မောင်းမကန်ရွာ၏ အရှေ့မြောက်ဘက်ကသေနတ်ပစ်ခတ်သံများဆက်တိုက်ထွက်ပေါ်နေပြီး လက်နက်ကြီးသံများလည်း ကြားရကြောင်း ဒေသခံတစ်ဦးကပြောသည်။

“ည ၈ နာရီလောက်ကတည်းက ရဲစခန်းဖက်ကကြားရတယ်အများကြီးပဲ။ ၉နာရီလောက်ထိ ကြားနေရတယ်” ဟု၎င်းကပြောသည်။

အဆိုပါသေနတ်ပစ်ခတ်သံများ ဆက်တိုက်ထွက်ပေါ်နေမှုကြောင့် ဒေသခံများက မအိပ်ရဲဘဲ အခြေအနေစောင့်ကြည့်နေကြရသည်ဟု ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

“စစ်ကားတွေနဲ့ အရေးပေါ်ကားတွေ အသံတိတ်ဆင်းနေကြာတယ် ဘာဖြစ်နေတယ်ဆိုတာ မသိသေးဘူး”ဟု ထားဝယ် မောင်းမကန်သွားလမ်းပိုင်းကဒေသခံတစ်ဦးကပြောသည်။

မောင်းမကန်နယ်မြေရဲစခန်း ဝင်တိုက်ခံရသည်ဟု သတင်းထွက်ပေါ်နေသော်လည်း Dawei watch အနေဖြင့်သီးခြားအတည်မပြုနိုင်သေးပေ။

မောင်းမကန်နယ်မြေရဲစခန်းသည် လောင်းလုံးမြို့နယ်ရဲတပ်ဖွဲ့၏ မောင်းမကန်နယ်မြေခံရဲတပ်ဖွဲ့ စခန်းတစ်ခုဖြစ်ပြီး မောင်းမကန်ရွာနှင့် ပန်းတင်အင်းရွာကြားတွင် တည်ရှိသည်။