ကော့သောင်းမှ ထိုင်းသို့ မှောင်ခိုသွင်းလာသည့် ရော်ဘာ ကီလိုတစ်သောင်းကျော် ဖမ်းမိ

0
4400
ဓာတ်ပုံ - ထိုင်းမီဒီယာ

ထိုင်းနိုင်ငံ ရနောင်းခရိုင်အတွင်းသို့ ကော့သောင်းနယ်စပ်မှတစ်ဆင့် တရားမဝင် တင်သွင်းလာသော ရော်ဘာ ကီလို ၁၀၀၀၀ ကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း အမှတ် ၂၅ ထိုင်းခြေမြန်တပ်ရင်းက ယနေ့ (ဒီဇင်ဘာ ၃) ထုတ်ပြန်သည်။

ရော်ဘာပြားများ မှောင်ခိုတင်သွင်းနေသည်ကို ယမန်နေ့ (ဒီဇင်ဘာ ၂) မှစ၍ စတင်ဖမ်းဆီးရခဲ့ရာမှ ဆက်တိုက်ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း‌ ထုတ်ပြန်ထားသည်။

ယနေ့အထိ ၄ ကြိမ်မြောက် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း ကီလို ၁၀၃၂၅ အလေးချိန်ရှိသော တရားမဝင် ရော်ဘာပြားများကို ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြထားသည်။

ယမန်နေ့ မနက် ၉ နာရီအချိန်ခန့်တွင် ရနောင်းခရိုင် ကရဘူရီဒေသ နမ်းကျူရွာ မြစ်ကမ်းနဘေးတွင် ကီလို ၂၄၂၅ အလေးချိန်ရှိသော တရားမဝင် ရော်ဘာပြားများကို ထိုင်းနိုင်ငံသား ပစ်ကပ်ကားပေါ်မှ ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြထားသည်။

ညနေ ၆ နာရီခွဲအချိန်ခန့်တွင် ကော့သောင်းဘက်မှ ကရဘူရီမြစ်ကိုဖြတ်၍ ရနောင်းမြစ်ကမ်းဘေးသို့ လှေဖြင့် တရားမဝင် ရော်ဘာပြားများ သယ်ဆောင်လာသည်ကို ကြားသိရသဖြင့် ထိုင်းရဲတပ်ဖွဲ့များက စောင့်ကြည့်နေခဲ့ကြောင်း ဖော်ပြထားသည်။

ရနောင်းကမ်းဘက်သို့ရောက်သောအခါ ရော်ဘာပြားများကို လှေပေါ်မှ ကားပေါ်သို့ ပြောင်းရွှေ့နေသည်ကို တွေ့ရှိရသဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ရာ ကီလို ၃၀၀၀ ရှိ ရော်ဘာပြားများကို ထပ်မံဖမ်းဆီးရမိခဲ့သော်လည်း လူများမှာ လွတ်မြောက်သွားခဲ့ကြောင်း ဖော်ပြထားသည်။

ည ၉ နာရီအချိန်ခန့်တွင် ကော့သောင်းခရိုင် ခမောက်ကြီးမြို့နယ်ခွဲမှ လှေဖြင့် သယ်ဆောင်လာသော ကီလို ၂၅၀၀ အလေးချိန်ရှိ ရော်ဘာပြားများကို ရနောင်းကမ်းဘက်တွင် လှေနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။

ယနေ့မနက် ၁၀ နာရီအချိန်ခန့်တွင် ရနောင်းခရိုင် ကရဘူရီဒေသ ပါ့ကျန့်ရွာအနီးရှိ မြစ်ကမ်းဘေးတွင် လှေဖြင့်သယ်ဆောင်လာပြီးနောက် ကားပေါ်သို့ တင်ဆောင်ပြီးသော ကီလို ၂၄၀၀ အလေးချိန်ရှိ ရော်ဘာပြားများကို ထိုင်းနိုင်ငံသား နှစ်ဦးနှင့်အတူ ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း‌ ဖော်ပြထားသည်။

ဖမ်းဆီးခံရသူများနှင့် သိမ်းဆည်းရမိသော ရော်ဘာပြားများကို ရနောင်းခရိုင်ရှိ သက်ဆိုင်ရာ ဌာနများသို့ ပို့ဆောင်ခဲ့ပြီး ဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။