တစ်ပတ်အတွင်း မြန်မာ့ရေးရာ

0
3441

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

နိုဝင်ဘာလ ၂၇ ရက်မှ ဒီဇင်ဘာ ၃ ရက်အထိ

သေဒဏ်ချခံရသူ ၁၄၀ နီးပါးရှိလာ၊ သေဒဏ်ချခြင်းရပ်ရန် ကုလလူ့အခွင့်အရေးမင်းကြီးပြော

အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်မှုကြောင့် ဖမ်းဆီးခံရသူတစ်သောင်းကျော်အနက် ၁၃၉ ဦးမှာ သေဒဏ်ချမှတ် ခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ထံမှ သိရသည်။

နိုဝင်ဘာလ ၃ဝရက် မတိုင်ခင်အထိ သေဒဏ်ချမှတ်ခံထားရသူ ၁၂၈ဦးရှိပြီး နိုဝင်ဘာလ ၃ဝရက်တွင် တက္ကသိုလ် ကျောင်းသားခုနစ်ဦးအပါအဝင် လူငယ် ၁၁ဦးကို သေဒဏ်ချမှတ်လိုက်သဖြင့် စုစုပေါင်း ၁၃၉ ဦးအထိ ရှိလာသည်။

ယင်းအနက် မျက်ကွယ်သေဒဏ်ချမှတ်ခံရသူ ၄၂ဦးရှိကြောင်း AAPP ၏ စာရင်းအရ သိရသည်။

၂၂ လတာ ကာလအတွင်း တစ်သောင်းသုံးထောင်ကျော် ဖမ်းဆီးခံရသည့်အနက် ၁၆၈၀ ဦးမှာ ထောင်ဒဏ် ချမှတ်ခံရပြီး ပြန်လည်လွတ်မြောက်လာသူ သုံးထောင်လေးရာကျော်ရှိကြောင်း AAPP က ဆိုသည်။

မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၃၀ကျော်ကြာ မကျင့်သုံးခဲ့သည့် သေဒဏ်စီရင်မှုကို စစ်ကောင်စီက ပြန်လည် လုပ်ဆောင် လာပြီး ဒီမိုကရေစီအရေးလှုပ်ရှားသူ ဦးဂျင်မီ၊ ဦးဇေယျာသော် အပါအဝင် လေးဦးကို ယခုနှစ် ဇူလိုင်လတွင် စီရင်ခဲ့ သည်။ သေဒဏ်စီရင်မှုကို ဆက်လုပ်မည်ဟု စစ်ကောင်စီက ပြောဆိုထားသည်။

သေဒဏ်စီရင်မှုအပေါ် ပြည်တွင်းသာမက နိုင်ငံတကာအသိုင်းအဝိုင်းက အပြင်းအထန် ကန့်ကွက်ရှုတ်ချနေကြသည်။

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး Volker Türk က မြန်မာနိုင်ငံတွင် တရားစီရင်မှုက လွတ်လပ်မရှိဟု ထောက်ပြပြီး လူ ၁၃၀ ထက်မနည်း သေဒဏ်ချမှတ်ထားမှုအပေါ် တုန်လှုပ်မိသည်ဟု ဆိုသည်။ သေဒဏ်ချမှတ်ခြင်း၊ သေဒဏ်စီရင်ခြင်း အားလုံးကို ရပ်တန့်ရန်လည်း ပြောဆိုသည်။

………………………………..

တွေ့ဆုံဆွေးနွေးနိုင်မည့်အခြေအနေကို ထုတ်ပြောလာသည့် NUG

မြန်မာနိုင်ငံအရေးအတွက် စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးရန် အမျိုးသားညီညွတ်ရေးအစိုးရ NUG က လိုလားသည့် အချက်ငါးချက်ကို NUG ယာယီသမ္မတ ဒူဝါ လရှီးလက ထုတ်ဖော်ပြောဆိုလိုက်သည်။

ဒီဇင်ဘာလ ၁ရက်က ကျင်းပသည့် REUTERS Next Leadership Summit နှင့် Global Broadcast တွင် ပြောဆိုခြင်း ဖြစ်သည်။

အချက်ငါးချက်မှာ ပြည်သူလူထုကို သတ်ဖြတ်နေမှုများ ချက်ချင်းရပ်တန့်ရန်၊ စစ်တပ်က နိုင်ငံရေးကနေ လုံးဝစွန့်ခွာ ရန်၊ နိုင်ငံတကာလူသားချင်းစာနာမှု အကူအညီများကို အနှောင့်အယှက်မရှိ လက်ခံရန်၊ ဒီမိုကရေစီနှင့် ဆန့်ကျင်နေ သည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းရန်၊ နိုင်ငံတကာ ကြားခံဆောင်ရွက်ပေးရန်တို့ဖြစ်သည်။

စစ်ကောင်စီဘက်ကမူ စစ်ကောင်စီကို ဖျက်ခြင်း အစားထိုးခြင်း မလုပ်ရန်၊ ၂၀၀၈ အခြေခံဥပဒေကို အခြေခံ ဆွေးနွေးရန် ပြောဆိုထားသည်ဟု မြန်မာ့အရေး အာဆီယံအထူးသံတမန်က ပြောဆိုထားကြောင်း ဘီဘီစီ သတင်းတစ်ရပ်တွင် ဖော်ပြသည်။

နှစ်ဖက်လိုလားချက်များမှာ ကွာဟလွန်းနေသဖြင့် အာဆီယံအပါအဝင် နိုင်ငံတကာက တောင်းဆိုနေသည့် တွေ့ဆုံဆွေးနွေးရေးမှာ အလှမ်းဝေးဦးမည်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူတို့က ဆိုသည်။

………………………………..

အပစ်ရပ်သွားသော်လည်း ရခိုင်ပြည်သူများ အကျပ်အတည်းဆိုက်နေဆဲ

တိုက်ပွဲပြင်းထန်နေသည့် မြန်မာစစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား နိုဝင်ဘာလ ၂၆ ရက်တွင် ရုတ်တရက် အပစ်ရပ်လိုက်ကြသော်လည်း ပြည်သူများကြုံတွေ့နေရသည့် အကျပ်အတည်းများဖြစ်သည့် စားဝတ် နေရေး၊ ခရီးသွားလာရေးတို့မှာ အခက်အခဲများစွာဖြင့် ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်သည်။

၂၀၂၀ ရွေးကောက်ပွဲ မတိုင်ခင်က ကဲ့သို့ပင် ဂျပန်နိုင်ငံအခြေစိုက် နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါ၏ ကြားဝင်စေ့စပ်ပေးမှုကြောင့် ရခိုင်ပြည်နယ်တွင် နှစ်ဖက်တပ်တို့အကြား ဒုတိယအကြိမ် အပစ်ရပ်လိုက်ကြခြင်းဖြစ်သည်။

စစ်ဘေးကြောင့် ပြည်သူများကြုံတွေ့နေရသည့် အကျပ်အတည်းများကို လျှော့ချနိုင်ရန် လူသားချင်းစာနာမှုအရ အလွတ်သဘော အပစ်ရပ်လိုက်ခြင်းဖြစ်ကြောင်း AA ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင်သုခက ပြောသည်။

စာချုပ်စာတမ်းဖြင့် လက်မှတ်ရေးထိုးကာ အပစ်ရပ်ခြင်းမျိုး မဟုတ်ဘဲ နှစ်ဖက်တပ်များ ရောက်ရှိနေသည့် နေရာတွင် ရပ်တန့်ကာ အပစ်ရပ်ထားကြ ခြင်းဖြစ်သည်။ ထို့ကြောင့် တိုက်ပွဲမှာလည်း အချိန်မရွေး ပြန်လာနိုင်ခြေ ရှိနေသေးသည်။

စားနပ်ရိက္ခာနှင့် ဆေးဝါးများ သယ်ယူခွင့်ပြုမည်ဟု စစ်ကောင်စီဘက်က ပြောဆိုကြောင်း ဦးခိုင်သုခက ဆိုသည်။

သို့သော်လည်း မြို့အချင်းချင်းသွားလာရန် အမြန်ရေယာဉ်အချို့ကို ခွင့်ပြုခြင်းမှအပ ရေလမ်း၊ ကုန်းလမ်းကြောင်းများကို ဆက်လက်ပိတ်ထားဆဲဖြစ်သဖြင့် စားနပ်ရိက္ခာနှင့် ဆေးဝါးများ သယ်ယူခွင့်မရသေးကြောင်း ဒေသခံများ၏ ပြောဆိုချက်ကို ကိုးကားကာ ပြည်တွင်းသတင်းများတွင် ဖော်ပြသည်။

ထို့ကြောင့် ဒေသခံများမှာ စားနပ်ရိက္ခာ၊ ဆေးဝါး၊ စက်သုံးဆီအခက်အခဲ ကြုံနေရသလို ခရီးသွားလာခွင့်လည်း အခက်အခဲများစွာ ဆက်လက်ကြုံနေကြကြောင်း ရေးသားကြသည်။

………………………………..

ကျောင်းသားလူငယ် ၁၀ကျော် သေဒဏ်ချမှတ်ခံရ

ဒဂုံတက္ကသိုလ်ကျောင်းသား ခုနှစ်ဦးနှင့် နောက်ထပ်လူငယ်လေးဦးတို့ကို အင်းစိန်ထောင်တွင်းစစ်ခုံရုံးက နိုဝင်ဘာလ ၃ဝရက်တွင် သေဒဏ်ချမှတ်လိုက်ကြောင်း ၎င်းတို့၏ မိသားစုဝင်များထံမှ သိရသည်။

ပြီးခဲ့သည့်ဧပြီလ ၁၈ရက်က ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင် ကမ္ဘာ့ရတနာဘဏ်မန်နေဂျာ ဒုဗိုလ်မှူးကြီးစောမိုးဝင်း ကို ပစ်သတ်ခဲ့သည်ဟုစွပ်စွဲကာ တက္ကသိုလ်ကျောင်းသားခုနှစ်ဦးအား ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ (က) ဖြင့် သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

နောက်ထပ်လူငယ်လေးဦးမှာ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် (၄၅) ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ပစ်သတ်မှုတွင် ပါဝင်သည်ဟု စွပ်စွဲချက်ဖြင့် သေဒဏ်ချမှတ်ခံရခြင်းဖြစ်သည်။

မိသားစုဝင်များက အယူခံဝင်ရန် ရှေ့နေနှင့်တိုင်ပင်နေသည်ဟု သတင်းအချို့တွင်ဖော်ပြသည်။

နောက်ထပ် သတင်းတစ်ခုမှာ တက္ကသိုလ်ကျောင်းသား ခုနှစ်ဦးကို ဒီဇင်ဘာလ ၇ ရက်နေ့ ညနေပိုင်းတွင် သေဒဏ်စီရင်မည်ဟု သတင်းထွက်နေကြောင်းလည်း ပြည်တွင်းသတင်းများတွင် ဖော်ပြသည်။ သို့သော် ဥပဒေအရ အယူခံဝင်ခွင့်ရှိသေးသဖြင့် မဖြစ်နိုင်ကြောင်း ဥပဒေပညာရှင်အချို့က ပြောဆိုမှုများလည်းရှိနေသည်။

သေဒဏ်အမိန့်ချမှတ်မှုအပေါ် ကျောင်းသားသမဂ္ဂ ၂၂၃ဖွဲ့နှင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး အထွေထွေ သပိတ်ကော်မတီ (GSC) တို့က အပြင်းအထန်ကန့်ကွက်ရှုတ်ချထားသည်။

………………………………..

စောင့်ကြည့်ရမည့် မြန်မာနှင့် ရုရှားဆွေးနွေးချက်

နေပြည်တော်သို့ ရောက်ရှိလာသည့် ရုရှားစစ်တပ်က စစ်ဦးစီးချုပ်ရုံး အကြီးအကဲလည်းဖြစ်၊ ကြည်းတပ် ဒုတိယ တပ်ဦးစီးချုပ်လည်းဖြစ်သည့် Colonel – General Kim Alexey Rostislavovich နှင့် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နိုဝင်ဘာလ ၃၀ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။

နှစ်နိုင်ငံ စစ်တပ်ကြား ကာကွယ်ရေးဆိုင်ရာ၊ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးဆွေးနွေးခဲ့ပြီး အကြမ်းဖက်တိုက်ဖျက်ရေးတို့အတွက် ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားသည်။

မြန်မာစစ်ကောင်စီတပ်က ပညာတော်သင်များ ရုရှားသို့ စေလွှတ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ အားကစား၊ ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေး စသည်တို့ကိုလည်း ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

အကြမ်းဖျက်မှုတိုက်ဖျက်ရေးဆိုသော်လည်း စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်နေသည့် ပြည်တွင်း လက်နက်ကိုင်များ၊ NUG စသည်တို့ကို ရည်ညွှန်းခြင်းဖြစ်နိုင်ကြောင်း သုံးသပ်သူများက ဆိုသည်။ ရုရှားထံမှ နည်းပညာအသုံးပြုကာ ရယူအသုံးပြုလာနိုင်သည်ဟုလည်း သုံးသပ်ကြသည်။

ရုရှားစစ်လက်နက်များကို စစ်ကောင်စီက ဝယ်ယူလေ့ရှိပြီး မြန်မာဝယ်ယူထားသည့် ဂျက်တိုက်လေယာဉ်များကို ယခုနှစ်အတွင်းမှာပင် ရုရှားက ပေးပို့ခဲ့ကာ ရုရှားလေယာဉ်မှူးများကိုယ်တိုင် သင်ကြားပေးနေသည်။ နျူးကလီးယားဓာတ်အားပေး စက်ရုံတည်ဆောက်ရန်လည်း နှစ်နိုင်ငံကြား သဘောတူစာချုပ်ချုပ်ထားသည်။

………………………………..

ပြည်သူ့လွှတ်တော်ဒုဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် ထောင်နှစ် ၂ဝထပ်ချခံရ

NLD အစိုးရသက်တမ်းတွင် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့သူ ဦးထွန်းထွန်းဟိန်ကို နိုင်ငံတော် သစ္စာဖောက်ဖျက်မှုပုဒ်မ ၁၂၂ဖြင့် စစ်ကောင်စီက ထောင်ဒဏ်နှစ် ၂ဝထပ်မံချမှတ်လိုက်သည်။

လားရှိုးထောင်တွင်းတရားရုံးက နိုဝင်ဘာလ ၂၉ရက်က အမိန့်ချမှတ်ခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင်လည်း ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) ၊ ၅၀၅ (ခ) တို့ဖြင့် လားရှိုးထောင်တွင်း တရားရုံးကပင် ထောင်ဒဏ် လေးနှစ်ချမှတ်ခဲ့သဖြင့် စုစုပေါင်း ထောင်ဒဏ် ၂၄နှစ်အထိ ရှိလာပြီဖြစ်သည်။

ယင်းအပြင် ရွေးကောက်ပွဲမသမာမှုလုပ်သည်ဟုဆိုကာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၃၀ (က) ဖြင့် စွဲဆိုထားသည့်အမှုကိုလည်း ဆက်လက်ရင်ဆိုင်ရဦးမည်ဖြစ်သည်။

ဦးထွန်းထွန်းဟိန်ကို ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလတွင် ရှမ်းပြည်နယ် နောင်ချိုမြို့၌ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ခြင်းဖြစ် သည်။ ၎င်းမှာ ၂၀၂၀ ရွေးကောက်ပွဲတွင် နောင်ချိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရထားသူ ဖြစ်သည်။

………………………………..

စစ်တပ်ပိုင် ကုန်သင်္ဘောဆိုက်ကပ်ခွင့် မပေးရန် တောင်းဆိုခံရ

ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်အဖြစ်လက်ခံကျင်းပနေသည့် ကာတာနိုင်ငံ ဆိပ်ကမ်းများတွင် မြန်မာစစ်ကောင်စီတပ်အုပ်စုပိုင် ကုန်တင်သင်္ဘောများကို ဆိုက်ကပ်ခွင့်မပြုရန် Burma Campaign UK အဖွဲ့က တောင်းဆိုလိုက်သည်။

မြန်မာ့စီးပွားရေးဦးပိုင်လိမီတက် ပိုင်ဆိုင်သည့် ကြယ်ငါးပွင့်လိုင်းက ဦးသာ အမည်ရ ကုန်တင်သင်္ဘောသည် လက်ရှိတွင် ကာတာနိုင်ငံပိုင် Hamad ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည်ဟု ယင်းအဖွဲ့က ဆိုသည်။

မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကုလသမဂ္ဂတွင် ကာတာနိုင်ငံက ရှုတ်ချထားပြီး ရိုဟင်ဂျာ အရေးနှင့် ပတ်သက်၍ ICJ အပြည်ပြည်ဆိုင်ရာတရားရုံးသို့ တရားစွဲတင်ရာတွင်လည်း ထောက်ခံထားသည်။

သို့သော် စစ်အုပ်စုပိုင် ကုန်တင်သင်္ဘောကို ဆိုက်ကပ်ခွင့်ပြုခြင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်ရန် ကူညီပေးရာရောက်သဖြင့် ဆိုက်ကပ်ခွင့်မပြုသင့်ကြောင်း Burma Campaign UK က ထုတ်ပြန်ထားသည်။

မြန်မာ့စီးပွားရေးဦးပိုင်လိမီတက်ကို အမေရိကန်၊ ဗြိတိန်၊ ဥရောပသမဂ္ဂ EUနှင့် ကနေဒါတို့က ဒဏ်ခတ်ပိတ်ဆို့ အရေးယူထားသည်။

………………………………..

နိုင်ငံတကာလေကြောင်းခရီးသည်များ ကိုဗစ်စစ်ရန် မလိုတော့ပါ

နိုင်ငံတကာ ပုံမှန်လေကြောင်းခရီးစဉ်များဖြင့် မြန်မာနိုင်ငံသို့ ဝင်ရောက်လာသည့် ခရီးသည်များ ကိုဗစ်ရောဂါပိုး ရှိ မရှိ ဒီဇင်ဘာလ ၁ရက်မှစတင်ကာ စစ်ဆေးရန် မလိုတော့ကြောင်း စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် သည်။

ပြည်တွင်း ကိုဗစ်ကူးစက်မှုနှင့် နိုင်ငံတကာပုံမှန်လေကြောင်းခရီးစဉ်များဖြင့် လာရောက်သူများတွင် ကိုဗစ်တွေ့ရှိမှု ၁ရာခိုင်နှုန်းအောက်သို့ ကျဆင်းသွားခြင်း၊ ပြည်တွင်းတွင် ကိုဗစ်ကာကွယ်ဆေးထိုးလွှမ်းခြုံမှု မြင့်မားလာခြင်းတို့ကြောင့် ဖြေလျှော့ပေးခြင်းဖြစ်သည်ဟု ဆိုသည်။

ကာကွယ်ဆေးအကြိမ်ပြည့်ထိုးထားသူများ၊ ၄၈နာရီအတွင်း ကိုဗစ်စစ်ထားသူများ မြန်မာလေဆိပ်ရောက်ချိန်တွင် ကိုဗစ် စစ်ရန် မလိုတော့ဟု ဆိုသည်။

သို့သော် ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်ဖြင့် ပြန်လည်ဝင်ရောက်လာသူများကိုမူ ကိုဗစ်စစ်ဆေးဦးမည်ဟု ဆိုသည်။

ကိုဗစ်ကူးစက်မှု မြင့်တက်လာပြီးနောက် ၂၀၂၀ မတ်လတွင် နိုင်ငံတကာလေကြောင်းလိုင်းများ ပြေးဆွဲခွင့်ကို ပိတ်ပင်ခဲ့ပြီး ပြီးခဲ့သည့်နှစ် ဧပြီလတွင် စည်းကမ်းသတ်မှတ်ချက်များဖြင့် ပြန်လည်ပြေးဆွဲ ခွင့်ပြုထားခြင်းဖြစ်သည်။

………………………………..

ကမ္ဘာ့ဖလား ဂျာစီချုပ်သည့် အဖိနှိပ်ခံ မြန်မာလုပ်သားများ

အမေရိကန်ဒေါ်လာ ၉၀ မှ ၁၅ဝအထိ ပေးဝယ်ရသည့် ကမ္ဘာ့ဖလား ဘောလုံးဂျာစီများကို မြန်မာအလုပ်သမားများက တစ်ရက်လုပ်အားခ နှစ်ဒေါ်လာကျော် (ကျပ် ၄၈၀၀) ဖြင့် ချုပ်နေရကြောင်း နယူးယောက်တိုမ်းသတင်းစာက ရေးသား လိုက်သည်။

ကစားသမားများ ဝတ်ဆင်သည့် သစ်လွင်တောက်ပြောင်နေသည့် ဝတ်စုံ၊ ဖိနပ်တို့မှာ တစ်ခုလျှင် ဒေါ်လာ ၂၀၀ ကျော် တန်ဖိုးရှိသည်။

ကမ္ဘာကျော်ဘောလုံးသမားများ ဝတ်ဆင်သည့် ဝတ်စုံ၊ ဖိနပ်တို့ကို ထုတ်လုပ်သည့် Adidas အမှတ်တံဆိပ်ကို ချုပ်လုပ် သည့် ရန်ကုန် ရွှေပြည်သာမြို့နယ်ရှိ မြန်မာပေါင်ချိန်စက်ရုံက အလုပ်သမား ၇၈၀၀ ကျော်မှာမူ လုပ်ခလစာ နည်းပါးစွာ ဖြင့် ကိုဗစ်ကပ်ဘေးကြားတွင် အကျပ်အတည်းများစွာဖြင့် ရင်ဆိုင်နေကြကြောင်း ရေးသားထားသည်။

ယင်းအခြေအနေတွင် တစ်ရက်လုပ်ခ ကျပ် ၈၀၀၀ ဒေါ်လာအားဖြင့် ၃ဒသမ ၇၈ အထိ တိုးပေးရန် အလုပ်သမား နှစ်ထောင်ကျော် ဆန္ဒပြတောင်းဆိုရာ ၁၆ဦးအလုပ်ထုတ်ခံရသည့်အပြင် ပြင်းထန်သည် အပြစ်ပေးမှုများနှင့် အလုပ်သမားများ ရင်ဆိုင်နေရကြောင်း ဖော်ပြထားသည်။

အလုပ်ပြုတ်သွားသူများမှာ ဝင်ငွေမရှိဘဲ စာရေးသောက်ရေး အခက်တွေ့နေကြောင်းလည်း ဖော်ပြသည်။

………………………………..

အများပိုင်ပြောင်းမည့် ဧရာဝတီဘဏ်

ပြည်တွင်း ပုဂ္ဂလိက ဘဏ်ကြီးတစ်ခုဖြစ်သည့် ဧရာဝတီဘဏ်ကို အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲသွားမည် ဖြစ်ကြောင်း ယင်းဘဏ်က ဆိုထားသည်။

အများပြည်သူကို ရှယ်ယာများထုတ်ရောင်းရန်၊ စတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီအဖြစ် တင်နိုင်ရန်ရည်ရွယ်သည်ဟု တာဝန်ယူဆောင်ရွက်ပေးသည့် တရားလွှတ်တော်ရှေ့နေ ဦးမင်းစိန်က ပြောဆိုကြောင်း ဧရာဝတီသတင်းတစ်ရပ်တွင် ဖော်ပြသည်။

ယင်းသို့ပြောင်းလဲရန် ကုမ္ပဏီများဆိုင်ရာ မှတ်ပုံတင်အရာရှိထံ တင်ပြပြီး တရားရုံး၏အမိန့် စောင့်နေသည်ဟု ဆိုသည်။ ယင်းဘဏ်ကို ခရိုနီလုပ်ငန်းရှင် ဦးဇော်ဇော်ပိုင်ဆိုင်သည့် ဘဏ်ခွဲ ၂၆၀ ကျော်ရှိသည်။

………………………………..

ကလေး PDF အမျိုးသမီးဆေးတပ်ဖွဲ့ဝင်များ ထောင် ၁၂နှစ်ချခံရ

စစ်ကိုင်တိုင်း ကလေးမြို့နယ် ကာကွယ်ရေးတပ်ဖွဲ့က ဆေးတပ်ဖွဲ့ဝင် အသက် ၂၀ကျော်အရွယ် ချင်းတိုင်းရင်းသူ ကိုးဦးကို ကလေးထောင်တွင်း တရားရုံးက ထောင်ဒဏ် ၁၂နှစ်စီ ချမှတ်လိုက်သည်။

အဆိုပါအမျိုးသမီးဆေးတပ်ဖွဲ့ဝင်များ ရှိနေသည့် စခန်းကို စစ်ကောင်စီတပ်က ၂၀၂၁ခုနှစ် နိုဝင်ဘာလက ဝင်ရောက် စီးနင်းတိုက်ခိုက်ရာတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည) တို့ဖြင့် တရားစွဲခံရပြီး တစ်နှစ်နီးပါးအကြာ ယခုနှစ် အောက်တိုဘာလအတွင်းက အမိန့်ချမှတ်ခံရခြင်းဖြစ်သည်ဟု ဆိုသည်။

မိသားစုဝင်များမှာ ထောင်ဝင်စာတွေ့ရန် အခက်အခဲရှိခြင်း၊ ထောင်အတွင်း လှိ်ဳ႕ဝှက်တရားစီရင်ခြင်းတို့ကြောင့် စီရင်ချက်ချသည်ကို အချိန်တစ်လကျော်ကြာပြီးမှ သိရခြင်းဖြစ်ပြီး မည်သည့်နေ့ရက်က ချမှတ်သည်ကို အတိအကျ မသိရကြောင်း RFA သတင်းတစ်ရပ်တွင် ဖော်ပြသည်။

………………………………..

ဖူဆယ်ရန်ပွဲ

MFF Futsal Championship 2022 ဗိုလ်လုပွဲအပြီးတွင် ရှုံးနိမ့်သွားသည့် MIU FC (Myanmar Imperial University-FC) ဘက်က ဒိုင်လူကြီးများကို ထိုးကြိတ်ခဲ့ကာ ရန်ပွဲဖြစ်ပွားခဲ့သည်။

ယင်းအကျည်းတန်ရုပ်ဆိုးသည့်ဖြစ်ရပ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီက နိုဝင်ဘာလ ၂၉ ရက်တွင် အရေးယူခဲ့သည်။

တာဝန်ကျဒိုင်လူကြီးများနှင့် ပွဲကြည့်ပရိသတ်တစ်ဦးတို့ကို လိုက်လံထိုးကြိတ်ရိုက်နှက်ခဲ့သည့် MIU FC ကစားသမား ဟောင်းနှစ်ဦး၊ ပစ္စည်းများကို ဖျက်ဆီးခဲ့သည့် ပရိသတ်တစ်ဦးတို့ကို မြန်မာဘောလုံးအဖွဲ့ချုပ်က ကျင်းပသည့် ဖူဆယ်ပြိုင်ပွဲများတွင် ကစားခွင့်၊ ကြီးကြပ်ခွင့်၊ ကြည့်ရှုခွင့် ရာသက်ပန် ပိတ်ပင်အရေးယူခဲ့သည်။

ဒိုင်လူကြီးများနှင့် ပရိသတ်များကိုး ထိုးကြိတ်ခဲ့သည့် MIU FC လက်ထောက်နည်းပြတစ်ဦးနှင့် ကစားသမားနှစ်ဦး ကိုလည်း သုံးရာသီပိတ်ပင်လိုက်သည်။ နောက်ထပ် ကစားသမားလေးဦးကို နှစ်ရာသီ၊ နောက်ကစားသမားတစ်ဦးကို တစ်ရာသီ အသီးသီး ပြစ်ဒဏ်ချမှတ်ခဲ့သည်။

ပေးအပ်ထားသည့် အကောင်းဆုံးကစားသမားဆုကို MIU FC ကစားသမားထံမှ ပြန်လည်သိမ်းခဲ့ပြီး အသင်းကိုလည်း ငွေဒဏ် ကျပ်သိန်း ၃၀ ချမှတ်ခဲ့သည်။

………………………………..