မော်လမြိုင်တွင် ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရ

0
3678

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ သီရိမြိုင်ရပ်ကွက်ရှိ ရွှေဆိုင်တစ်ဆိုင်အတွင်း သေနတ်ကိုင်ထားသူတစ်ဦး ဝင်ရောက်လာကာ ဓားပြတိုက်သွားကြောင်း မြို့ခံများထံမှ သိရသည်။

သီရိမြိုင်ဈေးအနီးရှိ ရွှေအုန်းပင်ရွှေဆိုင်တွင် ဒီဇင်ဘာ ၂ ရက်နေ့ နေ့လယ် ၂ နာရီဝန်းကျင်အချိန်ခန့်က အမျိုးသားတစ်ဦး ဆိုင်ထဲဝင်လာပြီး ဆိုင်ရှင်ကို သေနတ်ဖြင့်ချိန်ကာ ငွေကျပ် သိန်း ၂၀ ခန့် ယူဆောင်သွားခြင်းဖြစ်သည်။

သေနတ်သမားသည် ရွှေထည်ပစ္စည်းများမယူဘဲ ငွေသားများသာ ယူဆောင်သွားသည်ဟုလည်း မျက်မြင်တွေ့ရှိသူများ ထံမှသိရသည်

“ဆိုင်ရှင်လဲ ပထမ ပိုက်ဆံမရှိဘူးပြောပေမယ့် သေနတ်နဲ့ ချိန်ပြီး ခြိမ်းခြောက်တော့ ထုတ်ပေးလိုက်ရတယ်။ သိန်း ၂၀ လောက် ပါသွားတယ်လို့တော့ သိရတယ်” ဟု ဆိုင်ပိုင်ရှင်နှင့် နီးစပ်သည့် ရပ်ကွက်နေသူတစ်ဦးက ပြောသည်။

သေနတ်သမားသည်  သေနတ်ပစ်ဖောက်ခြင်းမရှိဘဲ ငွေများယူဆောင်ပြီး ဆိုင်ကယ်ဖြင့် မောင်းပြေးသွားသည်ဟုလည်း ရပ်ကွက်နေသူများကဆိုသည်။

မော်လမြိုင်မြို့ပေါ်တွင် ယခုနှစ်ဆန်းပိုင်းခန့်ကလဲ ရွှေဆိုင်များကို ဖုန်းဖြင့် ခြိမ်းခြောက် ငွေတောင်းသည့် ဖြစ်စဥ်ရှိခဲ့သော်လည်း ယခုကဲ့သို့ဆိုင်ထဲထိဝင်ပြီး သေနတ်ဖြင့် ခြိမ်းခြောက် ငွေလုသည့်ဖြစ်စဥ်မျိုး မရှိခဲ့ဘူးဟု မြို့ခံတို့က ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် မော်လမြိုင်မြို့အပါအဝင် မွန်ပြည်နယ်အတွင်း၌ ခိုးမှု၊ လုယက်မှု၊ အနုကြမ်းစီးမှုများ ဆက်တိုက်ဖြစ်ပွားလာပြီး ပစ္စည်းလု လူသတ်သည့်ဖြစ်စဥ်များလည်း မကြာခဏဖြစ်ပွားနေသည်။

သို့သော်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ယင်းခိုးဆိုးလုယက်မှုများနှင့် ပစ္စည်းလု လူသတ်သည့် ဖြစ်စဥ်များအပေါ် သက်ဆိုင်ရာက ထိရောက်စွာအရေးယူနိုင်ခြင်းမရှိဘဲ ကျူးလွန်သူများ လွတ်မြောက်နေဆဲဖြစ်သည်။