သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၃၀)

0
2478
DAB စစ်ကြောင်း အစည်းအဝေးတခုမှာတွေ့ရတဲ့ တပ်မဟားမှူး ဗိုလ်မှူးချုပ်အော်လီဗာနှင့် ပူးတွဲညီညွတ်ရေးအဖွဲ့အတွင်းရေးမှူး (စာရေးသူ)

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၂၉)

အပိုင်း-၄- (ABSDF အကွဲအပြဲကာလနှင့် ဘက်မလိုက်ညီညွတ်ရေးအဖွဲ့)

အခန်း-၃၀-

(၁) ပူးတွဲ ညီညွတ်ရေးကော်မီတီ ပေါ်လာခြင်း

၂၀၁ တပ်ရင်း၊ ဘက်မလိုက်အဖွဲ့ဥက္ကဋ္ဌအဖြစ် ကျနော်တာဝန်ယူနေစဉ် နောက်ထပ်ယူရတဲ့ ထပ်ဆောင်းတာဝန်တခုကတော့ ကွဲပြဲသွားတဲ့ စခန်း ၅-ခု စုပေါင်းဖွဲ့စည်းလိုက်တဲ့ “ပူးတွဲညီညွတ်ရေးကော်မတီ” အတွင်းရေးမှူး တာဝန်ပါ။

ဒီကော်မီတီဟာ တပ်ရင်း ၅-ခုအပေါ် အခြေခံထားတဲ့အတွက် အဲဒီကာလ တပ်ရင်း ၅-ခုရဲ့ ဖွဲ့စည်းပုံနဲ့ ဦးဆောင်သူတွေစာရင်းကို အရင်တင်ပြချင်ပါတယ်။ ကျနော်တို့ ဘက်မလိုက်အဖွဲ့ဟာ မူလပုံစံအတိုင်း ဥက္ကဋ္ဌ၊ တပ်ရင်းမှူး ၂-မျိုးတွဲ ဖွဲ့စည်းပုံနဲ့ ဆက်သွားနေပေမယ့် ကျန်တပ်ရင်း ၄-ခုကတော့ ကော်မီတီစနစ်ကို ဖျက်သိမ်းပြီး တပ်ရင်းမှူးစနစ်၊ ပုံစံသစ်နဲ့ သွားနေကြပြီဖြစ်ပါတယ်။

၂၀၁ ကိုနိုင်အောင်ဖက်မှာ ကိုဇော်သန်း (၁၉၉၇ ပင်လယ်ပြင်တိုက်ပွဲမှာ ကျဆုံး) က တပ်ရင်းမှူး၊ ဆရာအောင်မြင့် (ကွယ်လွန်)က ဒုရင်းမှူး၊ ကိုဝင်းအောင် (အခု အမေရိကန်) က တပ်ရေးဗိုလ်၊ ကိုမြင့်လွင် (အခု အမေရိကန်) က တပ်ထောက်ဗိုလ်တွေ ဖြစ်ပါတယ်။ ၂၀၁ ကိုမိုးသီးဇွန်တို့ဖက်မှာတော့ ကိုကျော်ရ (၁၉၉၂ မှာ ဘန်ကောက်သံရုံးကတဆင့် ပြန်ဝင်) က တပ်ရင်းမှူးဖြစ်ပြီး ကျန်တဲ့ ဒုရင်းမှူး၊ တပ်ရေး၊ တပ်ထောက်တွေအမည်ကို ကျနော်မမှတ်မိတော့ပါ။

၂၀၃ ကိုနိုင်အောင်တို့ဖက်မှာတော့ ကိုချမ်းနိုင် ခေါ် ကိုမဲချော (ပြည်တွင်း ပြန်ဝင်) က တပ်ရင်းမှူး၊ ဗိုလ်တောက် (ပြည်တွင်းပြန်ဝင်) က ဒု ရင်းမှူး၊ ကိုလှရွေ (အခု ဒိန်းမတ်) က တပ်ရေးဗိုလ်၊ ကိုသန်းနိုင် ခေါ် နောင်မဲ (ပြည်တွင်းပြန်ဝင်) က တပ်ထောက်ဗိုလ်တွေ ဖြစ်ပါတယ်။ ၂၀၃ ကိုမိုးသီးဇွန်တို့ဖက်မှာတော့ ကိုထိန်လင်း (အခု အမေရိကန်) က တပ်ရင်းမှူး၊ ကိုဝင်းနိုင် (ပြည်တွင်းပန်ဝင်) က ဒုရင်းမှူး၊ ကိုစန်းယု (အခု အမေရိကန်) က တပ်ရေးဗိုလ်၊ ကိုသိန်းဌေး (အခု သြစီ) က တပ်ထောက်ဗိုလ် ဖြစ်ပါတယ်။

ဒီလိုတပ်ရင်း ၅-ခုအပေါ်မှာ အပေါ်ထပ်အဆောက်အဦ ၃-ခုရှိနေတယ်လို့ ပြောနိုင်မယ်ထင်ပါတယ်။ ပထမ-တခုက ကိုနိုင်အောင်တို့ ဗဟိုကော်မတီက ဖွဲ့စည်းပေးလိုက်တဲ့ တောင်ပိုင်းစစ်ဒေသကော်မီတီ၊ ဒုတိယ-တခုက ကိုမိုးသီးဇွန်တို့ ဗဟိုဖက်က ဖွဲ့လိုက်တဲ့ တောင်ပိုင်းဒေသ ကော်မီတီနဲ့ တတိယ-တခုကတော့ ကျနော်တို့ ဘက်မလိုက်အဖွဲ့ပါ ပါဝင်တဲ့ တပ်ရင်း ၅ ခုစလုံးရဲ့ ပူးတွဲညီညွတ်ရေး ကော်မီတီဖြစ်ပါတယ်။

သက်ဆိုင်ရာ ဗဟိုတွေက ဖွဲ့ပေးထားတဲ့ တောင်ပိုင်း စစ်ဒေသကော်မီတီတွေဟာ သူတို့တပ်ရင်း ၂-ခုနဲ့ သူတို့ဗဟို ၂-ခုကြား အမိန့်စီးဆင်းမှုကိုသာ အဓိက ဆောင်ရွက်နိုင်ပြီး တပ်ရင်း ၅-ခုစလုံးရဲ့ နေ့စဉ် စားဝတ်နေရေး၊ စစ်ရေးကိစ္စ၊ ရိက္ခာကိစ္စတွေကို ဆောင်ရွက်ပေးနိုင်တာကတော့ ကျနော်တို့ပါဝင်တဲ့ ပူးတွဲညီညွတ်ရေးကော်မီတီပဲ ဖြစ်ပါတယ်။

ဒီကော်မီတီထဲမှာ ပါဝင်တဲ့ ပုဂ္ဂိုလ်တွေနဲ့ တာဝန်တွေကတော့ ၂၀၁ ဘက်မလိုက်အဖွဲ့ရဲ့ ဥက္ကဋ္ဌ ကျနော်က ပူးတွဲညီညွတ်ရေးကော်မီတီရဲ့ အတွင်းရေးမှူး၊ ၂၀၁ ကိုနိုင်အောင်တို့ဖက်က တောင်ပိုင်းစစ်ဒေသ ကော်မီတီဝင် ကိုကျော်ထင် (စက်မှုတက္ကသိုလ်ကျောင်းသား၊ ABSDF ဗဟိုရဲ့ ပထမဆုံး စစ်ဦးစီးချုပ်၊ အခု နော်ဝေ) က တွဲဖက်အတွင်းရေးမှူးအဖြစ် တာဝန်ပေးခြင်း ခံရပါတယ်။ နောက်တခါ ၂၀၁ ကိုမိုးသီးဇွန်တို့ဖက်က တပ်ရင်းမှူး ကိုကျော်ယျ၊ ၂၀၃ ကိုမိုးသီးဇွန်တို့ဖက်က တပ်ရင်းမှူးကိုထိန်လင်းနဲ့ ၂၀၃ ကိုနိုင်အောင်တို့ဖက်က တောင်ပိုင်းစစ်ဒေသကော်မီတီဝင် ကိုသောင်းထွန်း (အခု နယူးဇီလန်) တို့က အဖွဲ့ဝင်တွေ ဖြစ်ပါတယ်။

ဒီအဖွဲ့ရဲ့ အဓိကတာဝန်ကတော့ နိုင်ငံခြားအလှူရှင် BCG (နောက်ပိုင်းမှာတော့ ရတ်ချဘူရီ အခြေစိုက် ဒုက္ခသည်နှင့် အရေးပေါ် အကူအညီပေးရေး ကက်သလစ်ရုံးအဖွဲ့ Catholic Office for Emergency Relief and Refugees – COERR က ဆက်ပေးပါတယ်) နဲ့ MSF (နယ်ခြားမဲ့ ဆရာဝန်များအဖွဲ့) ကပေးတဲ့ ရိက္ခာနဲ့ဆေးဝါးတွေကို စခန်း ၅-ခုရဲ့ လူဦးရေအလိုက် အချိုးကျခွဲဝေရေး၊ မဟာမိတ် KNU နဲ့ ဆက်ဆံရေး၊ DAB စစ်ကြောင်း ကိစ္စညှိနှိုင်းဆောင်ရွက်ရေးတွေ ဖြစ်ပါတယ်။

တပ်ရင်း ၅-ခုပေါင်းရဲ့ လူဦးရေဟာ ၇၀၀-ဝန်းကျင် အထိရှိလာပြီး BCG စာရင်းအရဆိုရင် ၈၀၀-ဝန်းကျင်အထိ ရှိသွားတဲ့တွက် မင်းသမီးဒေသ ABSDF ရဲ့ အင်အား အတောင့်တင်းဆုံးကာလ ဖြစ်လာပါတယ်။ BCG စာရင်းဆိုတာကတော့ ရိက္ခာခွဲတမ်း ပိုရနိုင်ဖို့ အလှူရှင်တွေကို ပိုပိုလိုလိုပြတဲ့စာရင်းဖြစ်ပြီး တကယ့်စာရင်း မဟုတ်ပါ။

အဲဒီကာလ ABSDF တပ်ရင်းတွေမှာ စာရင်း ၂ မျိုး ထားလေ့ရှိပါတယ်။ ကျနော်တို့ တပ်ရင်းတွေအချင်းချင်းကြား အင်အားပြိုင် ကြွားဝါကြတဲ့အခါ “ဘာလဲ၊ BCG စာရင်းတွေကို လာပြောနေတာလား” ဆိုပြီး နောက်ပြောင်လေ့ရှိတဲ့အထိ BCG စာရင်းက နယ်စပ်မှာ ခေတ်စားခဲ့ပါတယ်။

(၂) DAB စစ်ကြောင်းများနှင့် ABSDF တပ်ရင်း ၅-ခု ပူးတွဲလှုပ်ရှားခြင်း

ပူးတွဲညီညွတ်ရေးကော်မီတီဝင်များကို KNDO တပ်ရင်းမှူး ဗိုလ်မှူးကြီးဘော်ဒွင်ဇံ၊ ကျောင်းသားရေးရာတာဝန်ခံ ပဒိုမန်းငြိမ်းမောင်တို့နဲ့အတူ တွေ့ရစဉ်။

BCG ဖက်ကနေ DAB စစ်ကြောင်းတွေဖက်ကို လှည့်ရမယ်ဆိုရင်တော့ DAB (မြန်မာနိုင်ငံ ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့) ထဲမှာ အရင်ကရှိထားတဲ့ NDF (အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု) က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ကျော်နဲ့ ABSDF အပါဝင် ၈၈ နောက်ပိုင်းပေါ်လာတဲ့ လက်နက်ကိုင်ရော၊ မကိုင်တာတာရော ဒီမိုကရေစီအင်အားစု ၁၀ ဖွဲ့ကျော် ပါဝင်ပါတယ်။

ဒီအဖွဲ့ရဲ့ ဗဟိုဥက္ကဋ္ဌကတော့ အဲဒီခေတ်ထုံးစံအတိုင်း KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်မြဖြစ်ပြီး မာနယ်ပုလောမှာ အခြေစိုက်ပါတယ်။ အဲဒီကမှတဆင့် KNU တပ်မဟာတွေအလိုက် (KNLA မှာ တပ်မဟာ ၇-ခုရှိပါတယ်) DAB စစ်ကြောင်းတွေကို နယ်မြေသတ်မှတ်ပြီး KNU တပ်မဟာမှူးတွေက DAB စစ်ကြောင်းမှူးတွေ ဖြစ်ပါတယ်။

ဆိုတော့ ကျနော်တို့တပ်တွေရှိတဲ့ မင်းသမီးဒေသမှာလည်း KNU တပ်မဟာ ၄-မှူး ဗိုလ်မှူးချုပ် အော်လီဗာ (နောက်ပိုင်း KNLA ဒုတိယ စစ်ဦးစီးချုပ်) က ဒီဒေသအတွင်းရှိ DAB စစ်ကြောင်း ၃-ခုစလုံးရဲ့ တာဝန်ခံ ဖြစ်ပါတယ်။ မင်းသမီးဒေသ ကျောင်းသားစခန်း ၅-ခုရဲ့ ကိုယ်စားလှယ်၊ ပူးတွဲညီညီညွတ်ရေး ကော်မတီအတွင်းရေးမှူး ကျနော်က ဒု တာဝန်ခံ ဖြစ်ပါတယ်။ DAB စစ်ကြောင်းရဲ့ ရုံးလုပ်ငန်းတွေကို အဓိက ဆောင်ရွက်ပေးသူကတော့ ဗိုလ်မှူးကြီး မူးကပေါ် ဖြစ်ပါတယ်။

DAB အမှတ် (၁)-စစ်ကြောင်းက ကျနော်တို့ ဘက်မလိုက်အဖွဲ့က ဘိုင်သိန်းမြင့် ဦးစီးတဲ့ တပ်ခွဲ ၂-ရှိရာ နတ်အိမ်တောင်ဒေသ (နတ်အိမ်တောင်စခန်း ကျသွားပေမယ့် ကျနော်တို့ တပ်တွေရဲ့ ဒေသတွင်း လှုပ်ရှားနိုင်မှုက အင်အားကောင်းဆဲ ဖြစ်ပါတယ်)၊ DAB အမှတ် (၂)-စစ်ကြောင်းက ၂၀၁ ကိုနိုင်အောင်တို့ဖက်က ကိုဘုန်းကျော် ဦးစီးတဲ့တပ်ခွဲနဲ့ ကျနော်တို့ ဘက်မလိုက်က ကိုခင်မောင်ချို ဦးစီးတဲ့ တပ်ခွဲ ၁-ရှိရာ ပြည်ခြား-ပုလောဒေသဖြစ်ပါတယ်။

DAB အမှတ် (၃)-စစ်ကြောင်းကတော့ အမှတ် ၂၀၃ တပ်တွေတည်ရှိရာ မြိတ်-တနင်္သာရီဒေသ ဖြစ်ပါတယ်။ တပ်ရင်းတွေ ၂-ခြမ်း၊ ၃-ခြမ်းကွဲနေပေမယ့် ကျနော်တို့ အင်အားတွေဟာ လျော့ကျမသွားတဲ့အပြင် အပြိုင်အဆိုင် စည်းရုံးရင်းနဲ့ ပိုတောင် တိုးလာခဲ့ပါတယ်။ ဒါကြောင့် အဲဒီလို ကွဲပြဲနေချိန်ဟာ DAB စစ်ကြောင်းတွေကို အရှိန်အဟုန်နဲ့ လှုပ်ရှားနိုင်ခဲ့တဲ့ ကာလတခုဖြစ်ခဲ့ပါတယ်။

ဒီလိုရေးလိုက်လို့ ကွဲပြဲနေတဲ့ လက်နက်ကိုင်တပ်ရင်း ၅-ခု စုပေါင်းလုပ်ဆောင်ရေး၊ မဟာမိတ် KNU တပ်တွေနဲ့ပေါင်းပြီး DAB စစ်ကြောင်းသွားရေးတွေဟာ အလွယ်တကူ လုပ်နိုင်တဲ့ကိစ္စတွေလို့တော့ မထင်လိုက်ပါနဲ့။ အချင်းချင်း အထင်အမြင်လွဲနေချိန်မှာ အဲဒီလို အမြင်လွဲနေတဲ့ တပ်တွေစုပြီး စစ်ကြောင်းထွက်နိုင်ရေး ညှိနှိုင်းရတာ အတော်လက်ဝင်တဲ့ကိစ္စ ဖြစ်ပါတယ်။

ဗိုလ်မှူးကြီးအေးမြင့် (အငြိမ်းစား) ပို့ချတဲ့ ဗိုလ်သင်တန်းဆင်းပွဲက ဗိုလ်လောင်းများအား တွေ့ရစဉ်။

တနေ့တနေ့ အစည်းဝေးလုပ်ရင်းနဲ့ အချိန်တွေကုန်နေလို့ “အစည်းဝေးလုပ်ဖို့အတွက် အစည်းဝေးလုပ်နေတယ်” ဆိုပြီးတောင် အပြောခံရတဲ့ကာလတွေကို ကျနော်တို့ ဖြတ်သန်းခဲ့ရပါတယ်။ DAB စစ်ကြောင်း ရှေ့တန်းထွက်ဖို့အရေး လနဲ့ချီ ညှိနှိုင်းခဲ့ရတဲ့ အစည်းဝေးတွေနဲ့ ပတ်သက်ပြီး တွဲဖက်အတွင်းရေးမှူး ကိုကျော်ထင် DAB စစ်ကြောင်း အစည်းဝေးတခုမှာ ပေးခဲ့တဲ့ ဟောဒီ ဥပမာကို နားထောင်ကြည့်ရင် ပိုပြီးပေါ်လွင်လာမယ်လို့ ထင်ပါတယ်။

“ကျနော်တို့ ငယ်ငယ်တုန်းက နိုင်ငံခြားစစ်ကားတွေ ကြည့်ဖူးတာကို သွားသတိရမိတယ်။ စစ်တိုက်တာကို ကြည့်ချင်ပါတယ်ဆိုမှ စကားပြောခန်းတွေချည်း လာနေလို့ အတော် စိတ်ပျက်မိပါတယ်။ စစ်ကားမှာ ဘာကြောင့်စကားပြောခန်း ဒီလောက်များနေမှန်း နားကိုမလည်ခဲ့ဘူး။ အခု ကိုယ်တိုင် စစ်တိုက်ဖို့ ပြင်တော့မှပဲ သြော် … ဒီလိုကိုးဆိုပြီး သဘောပေါက်တော့တယ်” တဲ့။

အဲဒီလို အဲဒီလို စကားပြောခန်းများစွာကို ဖြတ်သန်းပြီးနောက် ဖွဲ့စည်းလိုက်တဲ့ စစ်ကြောင်းတွေထဲမှာ ထူးထူးခြားခြား အလုပ်အဖြစ်ဆုံး စစ်ကြောင်းကတော့ ကျနော်တို့ ဘက်မလိုက်တပ်တွေနဲ့ ကိုကျော်ထင် ကိုယ်တိုင်ပါဝင်ခဲ့တဲ့ ၂၀၁ ဒေါက်တာနိုင်အောင် ဖက်ကတပ်တွေ ပူးတွဲပါဝင်တဲ့ ပြည်ခြား-ပုလောဒေသ DAB အမှတ် ၂-စစ်ကြောင်းပဲ ဖြစ်ပါတယ်။

ဒီစစ်ကြောင်းဟာ အင်အားအကောင်းဆုံး၊ စစ်သည် အင်အား ၂၀၀-လောက်အထိပါဝင်ပြီး သရက်ချောင်း အောက်ပိုင်းကနေ မြိတ်မြို့အနီးအထိ ကားလမ်းတလျှောက်က ရွာတန်းတွေကို ထိန်းချုပ်ထားနိုင်တဲ့ အခြေအနေအထိ သြဇာလွှမ်းခဲ့ပါတယ်။ စစ်ကြောင်းမှူးက KNU တပ်ခွဲ ၄-မှုး ဗိုလ်မှူးနယ်ဒါး (အခု နယ်သာလန်) ဖြစ်ပါတယ်။

နောက်တခါ အဆိုတော် ဘဝကနေ တောခိုလာတဲ့ စောလယ်ဝါး (အခု ကနေဒါ) ဟာလည်း ဒီစစ်ကြောင်းရဲ့ အရာခံဗိုလ်ဖြစ်ပြီး ကျောင်းသားတွေနဲ့ ဆက်ဆံရေး အပြေလည်ဆုံး စစ်ကြောင်းအဖြစ် နာမည်ကြီးခဲ့ပါတယ်။ နောက်တခါ ဗိုလ်နယ်ဒါးနဲ့ ဗိုလ်လယ်ဝါးတို့ဟာ နောက်တန်းမှာလည်း ထီးထာရွာက်နေ ကျနော်တို့အမရာစခန်းဆီ မကြာခဏလာလည်ပြီး ကျနော်တို့ကျောင်းသားတွေနဲ့ သူငယ်ချင်းပေါင်းပေါင်းတဲ့ ရှားရှားပါးပါး မဟာမိတ် KNU စစ်ဗိုလ်တွေအဖြစ် ကျနော်အမှတ်ရနေပါတယ်။

ရှေ့တန်းစစ်ကြောင်းတွေအပြင် နောက်တန်းဖက်မှာ ပူးတွဲညီညွတ်ရေး ကော်မီတီအနေနဲ့ ပထမဆုံး အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ခဲ့တာကတော့ အလယ်စတိုစခန်း (အခု ထီးခီး-ထားဝယ် ကားလမ်းရဲ့ အဓိကနေရာ) ဆီ ရောက်နေတဲ့ ကိုမိုးသီးဇွန်ဖက်က ၂၀၃ ကိုထိန်လင်းတို့ တပ်ရင်းကို တနင်္သာရီမြစ်ဘေးမှာ နေရာပြန်လည်ချထားနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

(၃) အကွဲအပြဲကာလ အင်အားသစ်များနှင့် ဗိုလ်သင်တန်းဆင်းပွဲ

နဝတဖက်ကနေ ပြောင်းလာသူ တပ်ကြပ်ကြီး တင်မြင့်ဦးရဲ့ ၆၀-မမ လက်နက်ကြီး သင်တန်းဆင်းပွဲ။

အဲဒီကာလက မင်းသမီးဒေသ တနင်္သာရီမြစ်တလျှောက်ကို ကြည့်လိုက်မယ်ဆိုရင် အမရာရွာအပေါ်နားမှာ ကိုကျော်ရ ဦးစီးတဲ့ ၂၀၁ ကိုမိုးသီးဇွန်တပ်ရင်း၊ အပေါ်ဘက် မူလနေရာမှာ ကျနော်တို့ ဘက်မလိုက် ၂၀၁ တပ်ရင်း၊ ကျနော်တို့နဲ့ ခပ်လှမ်းလှမ်း စစ်သင်တန်းကျောင်းမှာ ကိုဇော်သန်း ဦးစီးတဲ့ ၂၀၁ ကိုနိုင်အောင်တို့တပ်ရင်း၊ ကျနော်တို့စခန်းရဲ့ အပေါ်ဘက် မီတာ ၁၀၀- လောက်အကွာမှာ ကိုသောင်းထွန်း ဦးစီးတဲ့ ၂၀၃ ဒေါက်တာနိုင်အောင် တပ်ရင်းနဲ့ အဲဒီရဲ့ အပေါ် နောက်ထပ် မီတာ ၂၀၀-လောက်မှာ ကိုထိန်လင်း ဦးဆောင်တဲ့ ၂၀၃ ကိုမိုးသီးဇွန် တပ်ရင်းတွေကို တန်းစီပြီးတွေ့ရမှာ ဖြစ်ပါတယ်။

တပ်ရင်းတွေ ဒီလိုကွဲပြဲနေတယ်ဆိုပေမယ့် သူ့စခန်း၊ ငါ့စခန်း အပြိုင်အဆိုင် တိုးတက်အောင် ပြိုင်ရင်းနဲ့ ၆-လလောက်အတွင်းမှာတင် စခန်းတွေအားလုံးဟာ အရင်စခန်းဟောင်းတွေထက် ပိုမိုဖွံ့ဖြိုး ဝေစည်လာပြီး တပ်ဖွဲ့ဝင်သစ်တွေလည်း အတော်များများ ထပ်ရလာတာကို တွေ့ရပါတယ်။

ကျနော် မှတ်မိသလောက် တပ်ဖွဲ့ဝင်အသစ် အများဆုံးရတဲ့စခန်းဟာ ကိုထိန်လင်း ဦးဆောင်တဲ့ ၂၀၃ ကိုမိုးသီးဇွန်တို့ တပ်ဖွဲ့ဖြစ်ပြီး ဒုရင်းမှူး ကိုဝင်းနိုင်ဟာ တနင်္သာရီမြို့နယ် လယ်သစ်ကျေးရွာဘက်မှာ စည်းရုံးရေးအားကောင်းတယ်လို့ နာမည်ကြီးခဲ့ပါတယ်။ ဒီအတွက် သူတို့စခန်းမှာ လူသစ် စစ်သင်တန်းဆင်းပွဲတွေလုပ်သလို ကျန်တဲ့စခန်းအသီးသီးကလည်း လူသစ် စစ်သင်တန်းဆင်းပွဲတွေ၊ မွန်းမံသင်တန်းတွေနဲ့ မကွဲခင်ကထက်တောင် ပိုပြီးသွက်လက် အသက်ဝင်လာတာကို တွေ့ရပါတယ်။

ကျနော်တို့ ဘက်မလိုက် တပ်ရင်းမှာတော့ လူသစ်သင်တန်းအပြင် နဝတ-ဖက်ကနေ ပြောင်းလာတဲ့ တပ်ကြပ်ကြီးတင်မြင့်ဦးရဲ့ လက်နက်ကြီး (၆၀ မမ) သင်တန်းကိုပါ ပေးနိုင်ခဲ့ပါတယ်။

အကွဲအပြဲကာလအတွင်း အထင်ရှားဆုံး စစ်သင်တန်းကြီးတခုကတော့ ၂၀၁ ကိုနိုင်အောင်တို့ဖက်မှာ ကျင်းပတဲ့ (အငြိမ်းစား) ဗိုလ်မှူးကြီးအေးမြင့် ပို့ချတဲ့ တပ်မှူးငယ်သင်တန်း အမှတ်စဉ် ၂-ပဲဖြစ်ပါတယ်။ ကျနော်တို့ဆီက တပ်မှူးတွေဖြစ်တဲ့ ကိုမင်းဇော်သူ၊ ကိုခင်မောင်ချို၊ ကိုကျော်သူ၊ ကိုညီညီလွင်နဲ့ ကိုမင်းမင်းတို့ ၅ ဦး အဲဒီသင်တန်းဆီ တက်ခွင့်ရခဲ့ပါတယ်။

ကိုမိုးသီးဇွန်တို့ဖက်ကတော့ ဒီသင်တန်းဆီ တက်ရောက်လာသူ မတွေ့ရပါဘူး။ ကိုနိုင်အောင်တို့ ဗဟိုဖက်ကတော့ ၂၀၁ -က ကိုဇော်သန်း၊ ကိုဘုန်းကျော်၊ ကိုမြင့်လွင်၊ ကိုဝင်းအောင် အပါဝင် ၁၀ ဦးခန့်နဲ့ ဗဟိုဖက် တပ်ရင်းတွေကနေ စုစုပေါင်း တပ်မှူး ၃၀ နီးပါး တက်ရောက်ခဲ့ပါတယ်။

ဒါ့အပြင် မဟာမိတ် KNU နဲ့ မွန်ပြည်သစ်ပါတီ NMSP က တပ်မှူးငယ် ၅-ဦးစီလည်း အဲဒီသင်တန်းကို တက်ရောက်ခဲ့တဲ့အတွက် ဒါဟာ မင်းသမီးဒေသရဲ့ အထူးခြားဆုံး တပ်မှူးသင်တန်း၊ ဗိုလ်သင်တန်းအဖြစ် ကျနော်အမှတ်ရနေပါတယ်။

…………………………………….

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၃၁) >>>>>

ထက်အောင်ကျော်