ရွှေ၊ ထိုင်းဘတ်နှင် စက်သုံးဆီ တစ်ပတ်အတွင်း သုံးသပ်ချက်

0
3394

ယခုအပတ်တွင် ရွှေ နှင့် ဘတ်ဈေးမှာ အလှုပ်အခတ်မရှိဘဲ တစ်ပတ်လုံးနီးပါး ငြိမ်သက်နေသည်။

ထိုသို့ ဈေးငြိမ်နေသည်မှာ နှစ်ပတ်ခန့်ရှိပြီဖြစ်ပြီး ဈေးအပြောင်းအလဲ အနည်းငယ်သာရှိသည်။

ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။

ငြိမ်လွန်းသည့်ရွှေဈေး

အခေါက်ရွှေမှာ တစ်ကျပ်သားလျှင် ၂၆ သိန်းခွဲဝန်းကျင်ဖြင့် တန့်နေသည်မှာ နှစ်ပတ်ဆက်တိုက်ရှိနေပြီဖြစ်သည်။

နိုဝင်ဘာလ ၂၈ ရက် (တနင်္လာနေ့) က ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင်  နှစ်ဆယ့်ခြောက်သိန်းခွဲဖြင့် ဈေးဖွင့်ခဲ့သည်။

နောက်ရက်များတွင်လည်း ဈေးအပြောင်းအလဲ မရှိဘဲ အဆိုပါဈေးတန်းဖြင့်ပင်ရောင်းချနေသည်။

ပြီးခဲ့သည့်အပတ်က ထားဝယ်ဈေးကွက်တွင် အရောင်းအဝယ်အေးနေသည့် ရွှေမှာ ယခုအပတ်တွင် အဝယ်လိုက်လာကြောင်း ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။

လက်ရှိအချိန်တွင် ရော်ဘာနှင့် ကွမ်းသီးကဲ့သို့ ခြံထွက်သီးနှံများ ထွက်နေပြီဖြစ်သည့်အချိန်ဖြစ်သည့်အတွက် ရွှေဝယ်သူအချို့ရှိလာကြောင်း ၎င်းက ပြောသည်။

“အခုက ရောင်းအားအလယ်အလတ်ပဲ ရှိတယ်ရှင်” ဟု အထက်ပါ ရွှေဆိုင်ပိုင်ရှင်က ဆိုသည်။

လက်ရှိအချိန်သည် တစ်နှစ်တာကာလအတွင်း ရွှေဈေးအငြိမ်သက်ဆုံးကာလဖြစ်ပြီး အတက်အကျမှာ ကျပ်ထောင်ဂဏန်းသာရှိသည်။

ရွှေနှင့်အတူ ငြိမ်နေသည့် ဘတ်ဈေး

ထိုင်းဘတ်လဲနှုန်းမှာလည်း ရွှေဈေးနှင့်အတူ ငြိမ်နေပြီး အလှုပ်အခတ်အနည်းဆုံး ကာလဖြစ်သည်။

တနင်္လာနေ့(နိုဝင်ဘာလ ၂၈ ရက်)က  ထိုင်းငွေတစ်ဘတ်လျှင် ၈၀ ကျပ်နီးပါး  ပေါက်ဈေးရှိခဲ့ပြီး နောက်ရက်များတွင်လည်း မဆိုစလောက်သာ အတက်အကျဖြစ်ခဲ့သည်။

ယခုအပတ် သောကြာနေ့ပေါက်ဈေးအရ ထိုင်းငွေတစ်ဘတ်လျှင် ၈၀ ကျပ်စွန်းစွန်း ပေါက်ဈေးရှိနေပြီး ထိုင်းငွေ ၁၂၄၅ ဘတ် လဲလျှင် မြန်မာငွေကျပ် တစ်သိန်းရမည်ဖြစ်သည်။

မငြိမ်သည့် စက်သုံးဆီဈေး

ရွှေနှင့် ဘတ်ဈေးငြိမ်နေသလောက် စက်သုံးဆီဈေးမှာ အတက်အကျရှိနေသည်။

ယခုအပတ် တနင်္လာနေ့ဈေးဖွင့်ချိန်က 92 ဓာတ်ဆီတစ်လီတာလျှင် ၂၀၀၅ ကျပ်ရှိခဲ့ပြီးနောက် နေ့တိုင်းနီးပါး ဈေးပြောင်းနေသည်။

ထိုနောက်အင်္ဂါနေ့တွင် တစ်လီတာလျှင် ၁၉၇၀ ကျပ်ဖြစ်သွားပြီး သောကြာနေ့တွင်မူ ၂၀၆၀ ကျပ်ဈေးပေါက်နေသည်။

အဆိုပါဈေးနှုန်းများမှာ လိုင်စင်ရှိဆီဆိုင်ကြီးများတွင် ရောင်းချရန် စစ်ကောင်စီက သတ်မှတ်ပေးထားသည့် နှုန်းထားများဖြစ်သည်။

စစ်ကောင်စီသတ်မှတ်နှုန်းမှာ မြေပြင်တွင်ရောင်းချနေသည့်ဈေးနှင့် အနည်းဆုံး ကျပ်ရာဂဏန်းမှ ထောင်ဂဏန်းအထိ ကွာခြားနေသည်။

ပန့်ခ်ဖြင့်ရောင်းချနေသည့် ပြင်ပဆိုင်ငယ်များတွင် မြို့ပေါ်နှင့် ကျေးလက်အပေါ်မူတည်ပြီး တစ်လီတာလျှင် ၂၄၀၀ ကျပ်မှ ကျပ် ၃၂၀၀ ကျော်အထိ ရောင်းချနေသည်။

ဈေးကွက်သုံးသပ်ချက်

လာမည့်အပတ်တွင်လည်း ပြည်တွင်းရွှေဈေးမှာ ကြီးမားသည့် ဈေးအပြောင်းအလဲ ဖြစ်မလာဘဲ ဆက်ငြိမ်နေမည်ဟု ခန့်မှန်းရသည်။

လက်ရှိတွင် အမေရိကန်ဒေါ်လာလဲလှယ်နှုန်းထား ငြိမ်နေပြီး  လက်ရှိကမ္ဘာ့ရွှေဈေးလည်း အလှုပ်အခတ် အတက်အကျဖြစ်နေသည်။

ကမ္ဘာ့ဈေးကွက်တွင် ရွှေတစ်အောင်စလျှင် ၁၇၉၈ ဒေါ်လာဝန်းကျင် ပေါက်ဈေးရှိနေပြီး ငွေလဲနှုန်းမှာ တစ်ဒေါ်လာလျှင် ၂၉၀၀ ကျပ်ဝန်းကျင် ပေါက်ဈေးရှိနေသည်။ ပြီးခဲ့သည့်အပတ်က ရွှေတစ်အောင်စလျှင် ၁၇၅၄ ဒေါ်လာဈေးပေါက်ခဲ့သည်။

လက်ရှိ ပြည်တွင်းရွှေဈေးကွက်တွင် ဝယ်လိုအား အသင့်အတင့်ရှိလာသည့်အတွက် ဈေးအပြောင်းအလဲ အနည်းငယ်ရှိလာနိုင်ဖွယ်ရှိကြောင်း သုံးသပ်ရသည်။

လာမည့်အပတ်တွင် ထိုင်းဘတ်ဈေးလည်း ဈေးအတက်အကျ ကြမ်းနိုင်သည့် အနေအထားမျိုး မရှိနိုင်ဟု ခန့်မှန်းရသည်။

အလှုပ်အခတ် အနည်းငယ်ဖြင့်သာ လက်ရှိပေါက်ဈေးအတိုင်းပင် ဈေးဖွင့်သွားနိုင်သည်။

ပြည်တွင်းစက်သုံးဆီဈေးမှာ ကမ္ဘာ့ရေနံပေါက်ဈေးနှင့် အမေရိကန်ဒေါ်လာငွေလဲဈေးအပေါ် မူတည်နေသည်။

လက်ရှိကမ္ဘာ့ပေါက်ဈေးမှာ အနည်းငယ်ကျနေပြီး ပြည်တွင်းဒေါ်လာလဲလှယ်နှုန်းထားကလည်း ငြိမ်နေသည်။

ထိုကြောင့် ပြည်တွင်းစက်သုံးဆီဈေးမှာလည်း အပြောင်းအလဲနည်းနည်းဖြင့် ဈေးဆက်ဖွင့်နေမည်ဖြစ်ဟု ခန့်မှန်းရသည်။