အုပ်စုဒုတိယရဖို့ ဂျပန်ကို အရှုံးခံကစားလိုက်တာလား စပိန်၊ ဂျာမနီကတော့ အုပ်စုကနေ လှည့်ပြန်ရပြီ

0
3045
Photo Credit - TheSun,LiveScore,Football365,Reuters,GettyImages,KhelNews

အုပ်စု(E) နဲ့ အုပ်စု(F)တို့ရဲ့အုပ်စုနောက်ဆုံးပွဲစဉ်တွေမှာလည်း မျှော်မှန်းမထားတဲ့ရလဒ်တွေ ထွက်ပေါ်လာခဲ့ပါတယ်။ အထူးအဖြင့် အုပ်စု(E)မှာ မော်ရိုကို အုပ်စုဗိုလ် ဖြစ်သွားတာက အုပ်စု(F)ကပွဲတွေကို သက်ရောက်မှု ကြီးမားသွားခဲ့ပါတယ်။

အုပ်စု(E)က ပွဲစဉ်တွေမှာ မော်ရိုကိုက ကနေဒါကို နှစ်ဂိုး တစ်ဂိုးနဲ့ အနိုင်ရခဲ့ပြီး ခရိုအေးရှားနဲ့ ဘယ်လ်ဂျီယံတို့ရဲ့ပွဲစဉ်က ဂိုးမရှိသရေရလဒ်နဲ့ ပွဲပြီးသွားခဲ့လို့ မော်ရိုကိုက အုပ်စုပထမ၊ ခရိုအေးရှားက အုပ်စုဒုတိယနဲ့ နောက်တစ်ဆင့်ဆီကို တက်လှမ်းသွားနိုင်ခဲ့ပါတယ်။

ဥရောပရဲ့ရွှေရောင်မျိုးဆက်အစုအဖွဲ့လို့ တင်စားခံထားရတဲ့အပြင် ကမ္ဘာ့အဆင့်ရပ်တည်မှုမှာ အဆင့် ၂ ရရှိထားတဲ့ ဘယ်လ်ဂျီယံကတော့ မော်ရိုကိုနဲ့ပွဲက အရှုံးရလဒ်ရဲ့အကျိုးသက်ရောက်မှုကို ခံစားလိုက်ရပြီး အုပ်စုအဆင့်ကနေပဲ လှည့်ပြန်သွားလိုက်ရပါတယ်။

ခရိုအေးရှားနဲ့ ဘယ်လ်ဂျီယံတို့ရဲ့ပွဲစဉ်မှာ ဘယ်လ်ဂျီယံတိုက်စစ်မှူး လုကာကု အနေနဲ့ ဂိုးရနိုင်လောက်တဲ့ အခွင့်အရေး သုံးကြိမ်လောက် အပိုင်ရခဲ့ပေမယ့် ဂိုးအဖြစ် ပြောင်းလဲနိုင်ခြင်း မရှိခဲ့တာက ဘယ်လ်ဂျီယံကို နစ်နာသွားစေခဲ့ပါတယ်။

အုပ်စု(F)မှာတော့ ဂျာမနီဟာ အနိုင်ရရင် နောက်တစ်ဆင့်တက်နိုင်လေမလားဆိုတဲ့ မျှော်လင့်ချက်ကို လက်ကိုင်ထားပြီး ကော်စတာရီကာကို လေးဂိုး နှစ်ဂိုးနဲ့ အနိုင်ယူလိုက်ပေမယ့် တစ်ဖက်က ပွဲစဉ်မှာ စပိန်က ဂျပန်ကို အရှုံးခံကစားလိုက်တဲ့သဘောမျိုးဖြစ်သွားခဲ့လို့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကလိုပဲ ဂျာမနီဟာ အုပ်စုအဆင့်နဲ့တင် ကျေနပ်လိုက်ရပါတယ်။

တကယ်လို့ ကော်စတာရီကာနဲ့ပွဲစဉ်မှာ ဂျာမနီက ကစားအားကိုလျှော့ပြီး အရှုံးကစားလိုက်မယ်ဆိုရင် အုပ်စုအဆင့်ကနေ ဂျာမနီနဲ့အတူ အိမ်ပြန်ရတာက စပိန်ဖြစ်သွားဖို့ ရှိနေခဲ့ပါတယ်။ အခုတော့ စပိန်ဟာ ဂျပန်ကို နှစ်ဂိုး တစ်ဂိုးနဲ့ အရေးနိမ့်ပေမယ့် အုပ်စုဒုတိယအဖြစ်နဲ့ နောက်တစ်ဆင့်ဆီကို တက်လှမ်းသွားနိုင်ခဲ့ပါတယ်။

စပိန်ကို အနိုင်ရလိုက်တဲ့ ဂျပန်ကတော့ အုပ်စု(F)မှာ အုပ်စုဗိုလ် ဖြစ်သွားခဲ့ပါတယ်။ စပိန်ဟာ ရှေ့လာမယ့် ၁၆ သင်းရှုံးထွက်အဆင့်မှာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ဒုတိယရထားတဲ့ ခရိုအေးရှားကို ရှောင်ရှားလိုတဲ့အတွက် ဂျပန်နဲ့ပွဲမှာ အရှုံးခံကစားသွားတာလို့ ဝေဖန်တာတွေလည်း ရှိနေပါတယ်။

လက်ရှိမှာတော့ ရှေ့လာမယ့် ၁၆ သင်းရှုံးထွက်အဆင့်မှာ ဂျပန်နဲ့ ခရိုအေးရှား၊ စပိန်နဲ့ မော်ရိုကို တို့ ကစားရဖို့ ဖြစ်သွားခဲ့ပြီ ဖြစ်ပါတယ်။