ထောင် ၄၁ နှစ်ချခံထားရသည့် ထားဝယ်နိုင်ငံရေးအကျဉ်းသား ကိုရာဇာထွန်း ထောင်ဒဏ် ၇ နှစ် ထပ်ချခံရ

0
3586

ထောင်ဒဏ် ၄၁ နှစ်ချမှတ်ခံထားရသည့် ထားဝယ်နိုင်ငံရေးအကျဉ်းသား ကိုရာဇာထွန်းကို စစ်ကောင်စီက ဒီဇင်ဘာ ၁ ရက်နေ့တွင် နောက်ထပ် ထောင်ဒဏ် ၇ နှစ်ကို ထပ်ပေါင်းချမှတ်ကြောင်း ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ထုတ်ပြန်ထားသည်။

အသက် ၂၅ နှစ်အရွယ် ကိုရာဇာထွန်းကို ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ၊ လက်နက်မှုမျေားဖြင့် ထောင်ဒဏ် ၂၁ နှစ် ချမှတ်ခဲ့သည်။

၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည)၊ ပုဒ်မ ၅၄၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၂/၄၃ တို့ဖြင့် ထောင်ဒဏ် ၂၀ နှစ် ထပ်ချသဖြင့် စုစုပေါင်း ထောင်ဒဏ် ၄၁ နှစ်အထိ ရှိလာခဲ့သည်။

ယခု ဒီဇင်ဘာလ ၁ ရက်နေ့တွင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ နှင့် ပုဒ်မ ၁၄၄ အတွက် ထောင်ဒဏ် ၇ နှစ်ကိုထားဝယ်ခရိုင်တရားရုံးမှာ အပြီးသတ် အမိန့်ချမှတ်ခဲ့တာဖြစ်ကြောင်း ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ယနေ့ (ဒီဇင်ဘာလ ၂) ထုတ်ပြန်သည်။

ကိုရာဇာထွန်းသည် ထားဝယ်မြို့ မြောင်းပုလဲရပ်ကွက်တွင် အဖမ်းခံခဲ့ရခြင်းဖြစ်ပြီး ၎င်း၏ နေအိမ်ကိုလည်း စစ်ကောင်စီတပ်က ချိတ်ပိတ်ထားကြောင်း ထားဝယ်မြို့ခံအချို့က‌ပြောသည်။

ကိုရာဇာထွန်းမှာ ထားဝယ်မြို့စစ်ကြောရေးတွင် ညှင်းပန်းနှိပ်စက်ခံရမှုကြောင့် သေဆုံးခဲ့ပြီဆိုသော သတင်းများထွက်ပေါ်ခဲ့ပြီး ၎င်းသေဆုံးသည်မှာ မဟုတ်မမှန်ကြောင်းကို စစ်ကောင်စီက ၎င်းပြောဆိုထားသည့် ရုပ်သံဗီဒီယိုဖြင့် ပြန်လည် ရှင်းလင်းခဲ့ဖူးသည်။

ထားဝယ်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို စစ်ကောင်စီက နှစ်ရှည်ထောင်ဒဏ်များ ချမှတ်တာရှိပြီး သောကြာပြင်ရွာသား ဦးစောရွှေနှင့် ဦးစိုးမင်းထွေးကို လောင်းလုံးမြို့နယ် ကမြောကင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအိမ်ရှေ့ ဗုံးဖောက်ခွဲမှုနှင့်ပက်သက်ပြီး ၂၀၂၂ ခုနှစ် ဧပြီလ ၂၆ ရက်မှာ ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခဲ့သည်။

ထားဝယ်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်၊ အကျဉ်းသူ ၄၀ ခန့်ရှိကြောင်း ထားဝယ်နိုင်ငံရေးအကျည်းသားများကွန်ရက်ထံက သိရသည်။