တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

0
3149

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

နိုဝင်ဘာ ၂၇ ရက်နေ့မှ ဒီဇင်ဘာ ၂ ရက်နေ့အထိ

စပိန်ရှိ ယူကရိန်းသံရုံးမှာ စာအိတ်ဗုံးပေါက်ကွဲ

စပိန်နိုင်ငံ မက်ဒရစ်မြို့မှာ စပိန်နိုင်ငံဆိုင်ရာ ယူကရိန်းသံအမတ်ကို ဦးတည်ပေးပို့လာတဲ့ စာအိတ်ဗုံးတစ်ခု နိုဝင်ဘာ ၃၀ ရက်နေ့ ဒေသစံတော်ချိန် နေ့လည် ၁ နာရီလောက်က ပေါက်ကွဲခဲ့တယ်လို့ အာဏာပိုင်တွေကနေ ပြောကြားလိုက်ပါတယ်။

ထိုပေါက်ကွဲမှုကြောင့် ယူကရိန်းသံရုံးက လုံခြုံရေးဝန်ထမ်းတစ်ဦး ဒဏ်ရာအနည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ထိုစာအိတ်ဟာ ပုံမှန်စာပို့စနစ်နဲ့ပဲ့ ရောက်ရှိလာခဲ့လို့ လုံခြုံရေးဝန်ထမ်းကနေ သံရုံးဥယျာဉ်ထဲမှာပဲ့ ဖွင့်ဖောက်စစ်ဆေးခဲ့ရာမှ ပေါက်ကွဲခဲ့တာလို့ သိရပါတယ်။

ဒဏ်ရာရရှိသူကို ဆေးရုံပို့ခဲ့ပြီး စိုးရိမ်စရာမရှိဘဲ သူကိုယ်တိုင် အန္တရာယ်မရှိခဲ့ကြောင်း စပိန်နိုင်ငံဆိုင်ရာ ယူကရိန်းသံအမတ် Serhil Pohoreltsev ကပြောကြားထားပါတယ်။

Ref: CNN

………………………………..

တရုတ်နဲ့ ရုရှားဗုံးကြဲလေယာဉ်တွေ ပူးတွဲကင်းလှည့်

ရုရှားနဲ့ တရုတ်တို့ဟာ Tupolev-95 တာဝေးပစ်အမျိုးအစား “Bear” ဗုံးကြဲလေယာဉ်တွေပါဝင်တဲ့ စစ်လေယာဉ်တွေနဲ့ ဂျပန်ပင်လယ်၊ အရှေ့တရုတ်ပင်လယ်တို့ကို ပူးတွဲကင်းလှည့်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနကနေ နိုဝင်ဘာလ ၃၀ ရက်နေ့က ပြောကြားခဲ့ပါတယ်။

တရုတ်စစ်လေယာဉ်နှစ်စီးနဲ့ ရုရှားစစ်လေယာဉ်ခြောက်စီးတို့ တောင်ကိုးရီးယား လေကြောင်းကာကွယ်ရေးဇုန်အထဲ ဝင်ရောက်လာခဲ့ကြလို့ တောင်ကိုရီးယားတိုက်လေယာဉ်တွေ အရေးပေါ် ပျံသန်းခဲ့ရတယ်လို့ ဆိုထားပါတယ်။

ရုရှားဝန်ကြီးဌာနကတော့ ပူးတွဲစစ်ရေးလေ့ကျင့်ခဲ့ပေမဲ့ နိုင်ငံတကာစည်းမျဉ်းတွေနဲ့ ညီအောင် ပြုလုပ်ခဲ့ပြီး အခြားဘယ်နိုင်ငံရဲ့ လေပိုင်နက်ကိုမှ ချိုးဖောက်ခဲ့တာ မရှိဘူးလို့ ပြောကြားထားပါတယ်။

ယခုအကြိမ်က ရုရှားနဲ့ တရုတ်တို့ ပူးတွဲကင်းလှည့်ပြီး နှစ်ဖက်နိုင်ငံတွေမှာ ဆင်းသက်မှုကတော့ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ဝန်ကြီးဌာနတွေက ပြောကြားခဲ့ပါတယ်။

Ref: Nikkei Asia

………………………………..

တရုတ်ရဲ့ ကိုဗစ်မူဝါဒကြောင့် ဂျပန်ကားထုတ်လုပ်ငန်းတွေ ထိခိုက်

တရုတ်နိုင်ငံရဲ့ ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကြောင့် ဂျပန်ကားထုတ်လုပ်ငန်းတွေအပေါ် သက်ရောက်မှုရှိနေကာ ဟွန်ဒါနဲ တိုယိုတာတို့လို စက်ရုံတွေတောင် လုပ်ငန်းလည်ပတ်မှုတွေ ရပ်ဆိုင်းနိုင်တဲ့အထိ ထိခိုက်မှုတွေရှိနေခဲ့တယ်လို့ သိရပါတယ်။

ကာလရှည်လော့ခ်ဒေါင်းချပိတ်ဆို့မှုတွေကြောင့် အလုပ်သမားတွေ လုပ်ငန်းခွင်မဝင်နိုင်တဲ့ ပြဿနာတွေအပါအဝင် ရောင်းချမှုပိုင်းတွေမှာလည်း ကုမ္ပဏီတွေအတွက် အခက်အခဲတွေ ဖြစ်စေခဲ့တာပါ။

တရုတ်ကုမ္ပဏီ Dongfeng နဲ့ ဖက်စပ်ထုတ်လုပ်တဲ့ ဝူဟန်မှာရှိတဲ့ ဟွန်ဒါကားလုပ်ငန်းဟာ နိုဝင်ဘာလ ၂၈ ရက် ၂၉ ရက်တွေမှာ လုပ်ငန်းရပ်ဆိုင်းခဲ့ရတယ်လို့ သိရပါတယ်။

တိုယိုတာကလည်း ကိုဗစ်စည်းမျဉ်းတွေကြောင့် ထုတ်လုပ်မှုတွေ ချိန်ညှိနေရပြီး ထရပ်ကားနဲ့ အခြား ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းတွေကိုပါ ထိခိုက်နေခဲ့တာပါ။

ယာမဟာမော်တာကုမ္ပဏီကလည်း မော်တော်ဆိုင်ကယ်ထုတ်လုပ်မှုကို တစ်စိတ်တစ်ပိုင်းရပ်ဆိုင်းခဲ့ရတယ်လို့ သိရပါတယ်။

Ref: The Japan Times

………………………………..

တရုတ်နိုင်ငံ သမ္မတဟောင်း ကျန်ဇီမင်း ကွယ်လွန်

တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ သမ္မတဟောင်း ကျန်ဇီမင်းဟာ နိုဝင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲပိုင်းက ရှန်ဟိုင်းမြို့မှာ ကွယ်လွန်သွားခဲ့ပါတယ်။

သူဟာ သွေးကင်ဆာ (Leukaemia) ရောဂါအပါအဝင် ကိုယ်တွင်းအင်္ဂါတွေ မကောင်းတော့တာကြောင့် ကွယ်လွန်သွားတာဖြစ်တယ်လို့ သိရပါတယ်။

သူဟာ ကွယ်လွန်ချိန်မှာ အသက် ၉၆ နှစ် ရှိနေပြီဖြစ်ပါတယ်။

၁၉၈၉ ခုနှစ် တိန့်ယန်းမင်ရင်ပြင် ဆန္ဒပြပွဲ ဖြစ်ပွားခဲ့ပြီးနောက် တရုတ်သမ္မတ ဖြစ်လာခဲ့တဲ့ ကျန်ဇီမင်းဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း တရုတ်နိုင်ငံသမိုင်းမှာ အဓိကအရေးပါတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်ခဲ့ပါတယ်။

ကျန်ဇီမင်း သမ္မတအဖြစ် တာဝန်ယူတဲ့ကာလမှာ တရုတ်နိုင်ငံက တံခါးဖွင့်မူဝါဒကို အကြီးအကျယ်ဖော်ဆောင်ခဲ့ပြီး ဖွံ့ဖြိုးတိုးတက်မှုနှုန်းလည်း အားကောင်းခဲ့ပါတယ်။

ကျန်ဇီမင်းဟာ ၁၉၉၇ ခုနှစ်က ဟောင်ကောင်ကို ငြိမ်းချမ်းစွာ လွှဲပြောင်းရယူမှု၊ ၂၀၀၁ ခုနှစ်က ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်းမှာ တရုတ်နိုင်ငံ ပါဝင်မှု အစရှိတဲ့ လုပ်ရပ်တွေကိုလည်း ဦးဆောင်ခဲ့သူ ဖြစ်ပါတယ်။

Ref: BBC

………………………………..

အင်္ဂလန်နဲ့ ဝေးလ်မှာ ခရစ်ယာန်ဘာသာ ကိုးကွယ်သူကျဆင်း

အင်္ဂလန်နဲ့ ဝေးလ်တို့မှာ ခရစ်ယာန်ဘာသာကို ကိုးကွယ်သူအရေအတွက်ဟာ နိုင်ငံ့လူဦးရေရဲ့ ထက်ဝက်အောက်ကို ကျဆင်းလာခဲ့တယ်လို့ ၂၀၂၁ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူချက်တွေအရ သိရပါတယ်။

သန်းခေါင်စာရင်း ကောက်ယူမှုအပြီး အင်္ဂလန်နဲ့ ဝေးလ်မှာ လူဦးရေ ၂၇ ဒသမ ၅ သန်းသာ ခရစ်ယာန် ဘာသာဝင်လို့ ဖော်ပြခဲ့ပြီး ယခင်ကောက်ယူခဲ့သော ၂၀၁၁ ခုနှစ်ထက် ၅ ဒသမ ၅ သန်း လျော့နည်းလာခဲ့တယ်လို့ သိရပါတယ်။

ရာခိုင်နှုန်းအရ ၂၀၁၁ ခုနှစ်မှာ ခရစ်ယာန်ဘာသာဝင် ၅၉ ဒသမ ၃ ရာခိုင်နှုန်းရှိခဲ့ရာမှ ယခုအချိန်မှာ ၄၆ ဒသမ ၂ ရာခိုင်နှုန်းသာ ကျန်ရှိခဲ့တာပါ။

အကြောင်းရင်းက ဘာသာမဲ့ရာခိုင်နှုန်းမှာ ၃၇ ဒသမ ၂ ရာခိုင်နှုန်းအထိ တိုးလာခဲ့ပြီး ဆယ်စုနှစ်တစ်ခုအတွင်း ဘာသာမဲ့အရေအတွက် ၈ ဒသမ ၅ သန်း တိုးလာခဲ့လို့ အရေအတွက် ၂၂ ဒသမ ၂ သန်းအထိ ရှိလာခဲ့ပါတယ်။

ဒီပမဏဟာ အင်္ဂလန်နဲ့ ဝေးလ်တို့ရဲ လူဦးရေ သုံးပုံတစ်ပုံကျော် ဖြစ်ပါတယ်။

Ref: BBC

………………………………..

ဟာဝိုင်အီရှိ ကမ္ဘာ့အကြီးဆုံးမီးတောင် နှစ်ပေါင်း ၃၈ နှစ်အတွင်း ပထမဆုံးအကြိမ် ပေါက်ကွဲ

ကမ္ဘာ့အကြီးဆုံး မီးတောင်ဖြစ်တဲ့ ဟာဝိုင်အီမှာရှိတဲ့ Mauna Loa ဟာ နှစ်ပေါင်း ၃၈ နှစ်အတွင်း ပထမဆုံးအကြိမ် ပေါက်ကွဲခဲ့ပါတယ်။

ချော်ရည်တွေ စီးဆင်းမှုကတော့ တောင်ထိပ်ပိုင်းမှာပဲ့ ရှိနေသေးပေမဲ့ ဒေသခံတွေကိုတော့ သတိပေးချက် ထုတ်ပြန်ထားပြီး ပြာတွေ ကျဆင်းနိုင်တဲ့ အန္တရာယ်ကိုလည်း ကြိုတင်သတိပေးထားခဲ့ပါတယ်။

ဒေသခံတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ အမိန့်ထုတ်ပြန်ထားခြင်းတော့ မရှိသေးပါဘူး။

လက်ရှိပေါက်ကွဲမှုအခြေအနေက လူနေထူထပ်တဲ့ နေရာတွေမှာ ထိခိုက်မှု မရှိသေးဘူးလို့ အရေးပေါ်ကိစ္စရပ်ဆိုင်ရာ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စု၊ ဟာဝိုင်အီအမျိုးသားဥယျာဉ်နယ်နိမိတ်ထဲ ရှိတဲ့ Mauna Loa မီးတောင်ဟာ ပင်လယ်ရေမျက်နှာပြင်အထက် ၁၃၆၈၀ ပေ မြင့်ပြီး မီးတောင်ရဲ့ နယ်နိမိတ်ဧရိယာကတော့ ၂၀၀၀ စတုရန်းမိုင်ကျော် ကျယ်ဝန်းပါတယ်။

Ref: BBC

………………………………..

လန်ဒန်က ကြောင်မလေး ကမ္ဘာ့အသက်အကြီးဆုံးကြောင်အဖြစ် မှတ်တမ်းဝင်

ဗြိတိန်နိုင်ငံ လန်ဒန်မြို့က Flossie ဆိုတဲ့ ကြောင်မလေးကို အသက်ရှင်နေဆဲ ကမ္ဘာ့အသက်အကြီးဆုံးကြောင်အဖြစ် Guinness ကမ္ဘာ့စံချိန်မှတ်တမ်းအဖွဲ့ကြီးက အသိအမှတ်ပြု မှတ်တမ်းတင်လိုက်ပါတယ်။

Flossie ဟာ အသက် ၂၆ နှစ်နဲ့ ၃၁၆ ရက်ရှိပြီဖြစ်တာမှန်ကန်ကြောင်း ဗြိတိန်နိုင်ငံ အော်ပင်တန် (Orpington) မြို့က တာဝန်ရှိသူတွေက အတည်ပြုပေးခဲ့တာပါ။

Flossie ဟာ ၁၉၉၅ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်က ဗြိတိန်နိုင်ငံမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။

သူဟာ လက်ရှိမှာတော့ နားအတော်လေးနေပြီး၊ မျက်စိလဲမှုန်နေပြီဖြစ်ပေမယ့် ဗြိတိန်နိုင်ငံ Kent မြို့မှာ သူ့ကိုမွေးစားထားတဲ့ ဗစ်ကီဆိုတဲ့ အမျိုးသမီးနဲ့ အတူ ကျန်းမာစွာနေထိုင်ဆဲဖြစ်ပါတယ်။

Ref: BBC

………………………………..

အီတလီတောင်ပိုင်းမှာ မြေပြိုမှုကြောင့် လူ ၁၁ ဦး သေဆုံး

အီတလီတောင်ပိုင်း အိစ့်စကီရာကျွန်း (Ischia) မှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့လို့ မြေပြိုမှု ဖြစ်ပွားခဲ့ရာ ကလေးသုံးဦး အပါအဝင် အနည်းဆုံး လူ ၁၁ ဦး သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက အတည်ပြုပြောကြားခဲ့ပါတယ်။

ပြင်းထန်တဲ့ မိုးရွာသွန်းမှုကြောင့် နိုဝင်ဘာလ ၂၇ ရက်မှာ မြေပြိုမှုကြီး ဖြစ်ပွားခဲ့ပြီး ရွံ့နဲ့ အမှိုက်တွေက ကာဆာမီချိုလာ တဲမယ်လ် ဆိပ်ကမ်းမြို့ကို တရှိန်ထိုး ဝင်ရောက်လာခဲ့တာပါ။

မြေပြိုမှုကြောင့် အဆောက်အအုံတွေ ပြိုကျခဲ့ပြီး မော်တော်ကားတွေလည်း ပင်လယ်ထဲကို ရောက်ရှိသွားခဲ့ကြတာ တွေ့ရပါတယ်။

ဒီကျွန်းမှာ ခြောက်နာရီအတွင်း မိုးရေချိန် ၆ ဒသမ ၁ လက်မ ရွာသွန်းခဲ့ပြီး နှစ် ၂၀ အတွင်း မိုးရေချိန် အများဆုံး ရွာသွန်းခဲ့တာ ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

Ref: REUTERS

………………………………..

မူးယစ်ဆေးသုံးထားတာ တွေ့ရလို့ ထိုင်းဘုန်းကြီးကျောင်းမှ သံဃာအားလုံးကို လူဝတ်လဲ

ထိုင်းနိုင်ငံက ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ သီတင်းသုံးတဲ့ သံဃာတွေကို ရှောင်တခင် စစ်ဆေးမှုလုပ်ချိန်မှာ သံဃာအားလုံး မူးယစ်ဆေးဝါး သုံးစွဲထားကြောင်း တွေ့ရှိခဲ့လို့ အားလုံးကို လူဝတ်လဲခိုင်းခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၂၈ ရက်နေ့မှာ ဒေသခံရဲတပ်ဖွဲ့နဲ့ ကျန်းမာရေးအရာရှိတွေက ပတ်ချာဘွန်ပြည်နယ်မှ ဘုန်းကြီးကျောင်းတစ်ကျောင်းကို ရှောင်တခင် ဝင်ရောက်စီးနင်းခဲ့တာပါ။

ဆီးစစ်မှုရလဒ်တွေအရ တရားမဝင် မူးယစ်ဆေးဝါး သုံးစွဲထားကြောင်း တွေ့ရလို့ ကျောင်းထိုင်ဘုန်းကြီးအပါအဝင်

သံဃာ ၄ ပါးလုံးကို လူဝတ်လဲပြီး ကျောင်းကနေ နှင်ထုတ်လိုက်ပါတယ်။

ဘာသာရေးကိစ္စတွေအတွက် ရပ်ရွာလူထု အားကိုးအားထားပြုရတဲ့ ဘုန်းကြီးကျောင်းမှာ သံဃာတစ်ပါးမှ မရှိတော့တဲ့ဖြစ်ရပ်အပေါ် ဒေသခံတွေက စိုးရိမ်ပူပန်မှုတွေ ရှိနေခဲ့တယ်လို့ သိရပါတယ်။

Ref: The Washington Post

………………………………..

ဦးနှောက်သေသွားခဲ့တဲ့ အိန္ဒိယလူငယ်လေးကနေ လူ ၈ ဦးအတွက် ကိုယ်တွင်းအင်္ဂါပေးလှူ

အသက် ၂၅ နှစ်အရွယ် အန်မိုလ် ဂျန် ဆိုသူ အိန္ဒိယလူငယ်လေးက ယာဉ်မတော်တဆမှုဖြစ်ပြီးနောက် ဦးနှောက်သေသွားခဲ့လို့ သူ့ရဲ့မိသားစုဝင်တွေက သူ့ရဲ့ကိုယ်တွင်းအင်္ဂါတွေကို လှူဒါန်းခဲ့ပါတယ်။

နိုဝင်ဘာ ၂၈ ရက်နေ့က သူ့ရဲ့ နှလုံး၊ အသည်း၊ ကျောက်ကပ်နှစ်ခု၊ မျက်လုံးနဲ့ အရေပြားတွေကို ဘိုပေါမြို့၊အင်ဒိုရီမြို့၊ အမယ်ဒါဘတ်မြို့က လူနာတွေဆီ လှူဒါန်းခဲ့ပါတယ်။

အန်မိုလ်ဟာ နိုဝင်ဘာ ၁၇ ရက်နေ့က ယဥ်မတော်တဆမှုဖြစ်ခဲ့ပြီး ခေါင်းမှာ ပြင်းပြင်းထန်ထန်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဦးနှောက်သေဆုံးခဲ့တာပါ။

အစားထိုးကုသမှုအတွက် အဓိကအင်္ဂါအစိတ်အပိုင်းသုံးခုကိုဂူဂျာရတ်၊ အင်ဒိုရီနဲ့ ဒေသဆိုင်ရာဆေးရုံတွေဆီ အလျင်အမြန်ပို့ဆောင်ဖို့ အစိမ်းရောင်စင်္ကြံလမ်း ၃ ခုကို လုပ်ထားခဲ့ရတယ်လို့ ဆိုပါတယ်။

အစိမ်းရောင်စင်္ကြံလမ်းတွေအောက်မှာ အခြားအေဂျင်စီတွေနဲ့ ပူးပေါင်းထားတဲ့ ရဲတပ်ဖွဲ့က ကိုယ်တွင်းအင်္ဂါတွေ ပို့ဆောင်မယ့် လူနာတင်ယာဉ်တွေအတွက် ကြိုတင်ပြီး ယာဉ်ကြောရှင်းပေးခဲ့တယ်လို့လည်း သိရပါတယ်။

Ref: India Time

………………………………..