မော်လမြိုင်-ရန်ကုန် လေကြောင်းခရီးစဉ် ပြန်ပြေးဆွဲမည်

0
4107

ကိုဗစ်ဖြစ်ပွားပြီးနောက် ရပ်နားထားသည့် မော်လမြိုင်-ရန်ကုန် လေကြောင်းလိုင်းခရီးစဉ်ကို ဒီဇင်ဘာလ ၅ ရက်နေ့မှ စတင်ကာ ပြန်လည်ပြေးဆွဲသွားမည် ဖြစ်ကြောင်း မြန်မာအမျိုးသားလေကြောင်းလိုင်း မော်လမြိုင်ဌာနခွဲမှ သိရသည်။

မော်လမြိုင်-ရန်ကုန် လေးကြောင်းလိုင်းခရီးစဉ်ကို တစ်ပတ်လျှင် တနင်္လာနှင့် သောကြာ နှစ်ရက် ပြေးဆွဲသွားမည်ဖြစ်ကြောင်း ယင်းရုံးမှ သိရသည်။

မော်လမြိုင်-ရန်ကုန် လေယာဉ်ခရီးစဉ်အတွက် လက်မှတ်တစ်စောင်လျှင် ၁၄၇၀၀၀ ကျပ် သတ်မှတ်ထားပြီး လိုက်ပါလိုသူများအနေဖြင့် မော်လမြိုင်ရုံးတွင် ကြိုတင်လက်မှတ်ဝယ်ယူနိုင်သည်ဟု ဆိုသည်။

လတ်တလော ကားဖြင့် ခရီးသွားလာရာတွင် ညောင်ခါးရှည် X Ray စစ်ဆေးရေးဂိတ်ကြောင့် ခရီးကြန့်ကြာမှုရှိနေသည့်အတွက် ခရီးသွားများ အခက်အခဲကြုံတွေ့နေကြရသည်။

“ရန်ကုန်ကို ကားနဲ့သွားဖို့ ဘယ်လိုမှ အဆင်မပြေတော့ဘူး။ ညောင်ခါးရှည်ဂိတ်မှာ အတော်ဒုက္ခရောက်ရပါတယ်။ အခု လေယာဉ်နဲ့ သွားလို့ရတော့ ပိုကောင်းတာပေါ့” ဟု မော်လမြိုင်မြို့မှ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ညောင်ခါးရှည် စစ်ဆေးရေးဂိတ်တွင် စစ်ဆေးမှုများပြီး ခရီးကြန့်ကြာနေခြင်း၊ မော်လမြိုင်-ရန်ကုန် လမ်းခရီး တစ်လျှောက်တွင် ပစ်ခတ်မှုများ မကြာခဏဖြစ်ပွားနေခြင်းတို့ကြောင့် မီးရထားဖြင့် ခရီးသွာလားသူလည်း များပြားလာခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယခု ပြေးဆွဲမည့် လေကြောင်းခရီးစဉ်သည် မော်လမြိုင်-ရန်ကုန် ခရီးစဉ်သီးသန့်သာဖြစ်ပြီး ရန်ကုန်မှ မော်လမြိုင်သို့ လာရောက်လိုပါက ရန်ကုန်-ကော့သောင်း-မော်လမြိုင်ခရီးစဉ်အတိုင်း လိုက်ပါစီးနင်းရမည်ဟု မြန်မာအမျိုးသား လေကြောင်းလိုင်း၊ မော်လမြိုင်ဌာနခွဲရုံးမှ သိရသည်။

မော်လမြိုင်လေဆိပ်မှ ယခင်က မော်လမြိုင်-ရန်ကုန်၊ မော်လမြိုင်-ကော့သောင်းကို တစ်ပတ်လျှင် နှစ်ရက်ဖြင့် ပြေးဆွဲခဲ့သော်လည်း ကိုဗစ်ဖြစ်ပွားပြီးနောက်ပိုင်း ရပ်နားထားခဲ့သည်။