သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၂၉)

0
2666
တပ်ခွဲမှူး ကိုတင်ထွန်းအပါဝင် နတ်အိမ်တောင်ရှိ KNU-ABSDF တပ်ဖွဲ့ဝင်တွေ တောင်ထိပ်မှာ ဆွေးနွေးပွဲတခု လုပ်နေစဉ်။

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၂၈)

အပိုင်း-၄- (ABSDF အကွဲအပြဲကာလနှင့် ဘက်မလိုက်ညီညွတ်ရေးအဖွဲ့)

အခန်း-၂၉-

(၁) နတ်အိမ်တောင်တိုက်ပွဲနှင့် အိမ်နီးချင်းတပ်ရင်းများ

ဒီလို အကွဲအပြဲကိစ္စ၊ နယ်မြေခွဲဝေရေးကိစ္စ၊ လက်နက်ခွဲဝေးရေးကိစ္စတွေနဲ့ ကျနော်တို့ အကြီးအကျယ် ငြင်းခုန်လို့ကောင်းတုန်း ၁၉၉၁ ဒီဇင်ဘာ ဒုတိယ သတင်းပတ်ထဲမှာ အရေးပေါ်သတင်းတခု ဝင်လာပါတယ်။ အဲဒါကတော့ ကျနော်တို့ ဘက်မလိုက်အဖွဲ့ရဲ့ နယ်မြေထဲမှာပါတဲ့ တပ်ခွဲ ၂ အခြေစိုက်ရာ နတ်အိမ်တောင်စခန်းကို နဝတ တပ်တွေက ထိုးစစ်ဆင်ဖို့ စစ်ကြောင်းတွေ တက်လာနေပြီဆိုတဲ့သတင်းပါ။

ဒါကြောင့် ငြင်းခုန်မှုတွေကို ခေတ္တဆိုင်းငံ့ပြီး စစ်ပွဲကိစ္စအတွက် အရေးပေါ်ပြင်ဆင်ရပါတယ်။ နတ်အိမ်တောင်စခန်းကနေ အကွဲအပြဲ အစည်းဝေးအတွက် တပ်ရင်းဆီရောက်နေတဲ့ (ဒုရင်းမှူးဖြစ်သွားသူ) တပ်ခွဲမှူး ကိုတင်ထွန်း၊ နောက် ကော်မတီဝင် ဦးဟန်လင်းနဲ့ ရဲဘော်တချို့ကို နတ်အိမ်တောင်ဒေသဆီ ထိုင်းနိုင်ငံဖြတ် ကားလမ်းကနေ အမြန်ပြန်ပို့ရပါတယ်။

နောက်တခါ အဲဒီအချိန်မှာ ၁၀၁ တပ်ရင်းနဲ့ ၁၀၂ တပ်ရင်းတွေလည်း နတ်အိမ်တောင်အနီးက ပြည်သိမ်းစခန်း (အရင် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရန်နိုင် ဦးဆောင်တဲ့ ပြည်ချစ်တပ်မတော် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်စခန်းဟောင်း) ဝန်းကျင်မှာ ရောက်နေပြီဖြစ်တဲ့အတွက် အဲဒီတပ်တွေနဲ့ ပူးတွဲဆောင်ရွက်ဖို့ ကိစ္စတွေကိုလည်း တခါတည်း တာဝန်ပေးလိုက်ပါတယ်။

ကျနော်တို့တပ်ရင်းရဲ့ မြောက်ဘက် အိမ်နီးချင်း (တောင်ဘက် အိမ်နီးချင်းကတော့ ၂၀၃ တပ်ရင်း ဖြစ်ပါတယ်) တပ်ရင်းတွေဖြစ်တဲ့ ၁၀၁ နဲ့ ၁၀၂ တပ်ရင်း နှစ်ခုအကြောင်းကို အကျဉ်းရုံးပြောရမယ်ဆိုရင် ၁၉၉၀ ဖေဖော်ဝါရီ ဒုတိယ သတင်းပတ်မှာ နဝတ-တပ်တွေက ဘုရားသုံးဆူဒေသကို သိမ်းလိုက်တဲ့အတွက် ဘုရားသုံးဆူဒေသအခြေစိုက် အဲဒီတပ်ရင်း နှစ်ခုစလုံး ဆုတ်ပေးလိုက်ရပါတယ်။

အဲဒီနောက်မှာတော့ ABSDF ၁၀၁၊ ၁၀၂၊ PDF (ဗိုလ်မှူးကြိးစိန်မြ ဦးဆောင်တဲ့ မူလ -ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) တို့ဟာ မွန်ပြည်သစ်ပါတီ တပ်တွေနဲ့ ပူးပေါင်းပြီး အထူးစစ်ကြောင်းတခုကို ဖွဲ့စည်းလိုက်ကြောင်း၊ ပြီးတော့ ၁၉၉၀ မတ်လ ၂၂ ရက်နေ့မှာတော့ ကျောင်းသားတော်လှန်ရေးသမိုင်းမှာ ထင်ရှားတဲ့ “ရေးတိုက်ပွဲ” ကို ဆင်နွှဲခဲ့ကြောင်း ၁၀၁ နဲ့ ၁၀၂ ရဲဘော်တချို့က ကျနော့်ကို ပြောပြခဲ့ပါတယ်။

“ရေးတိုက်ပွဲ” အပြီးမှာတော့ တပ်တွေအားလုံးကို ပြန်စုပြီး “ကလိန်ကန်” ဘက်မှာ စခန်းချနေထိုင်ခဲ့ကြောင်း။ အဲဒီကတဆင့် ၁၉၉၁ အစောပိုင်းမှာ မွန်နယ်မြေကနေထွက်ပြီး ကျနော်တို့ ၂၀၁ တပ်ရင်း တပ်ခွဲ ၂-ရှိရာ နတ်အိမ်တောင် ဒေသဘက်ဆီ ထွက်လာတာဖြစ်ကြောင်း၊ အဲဒီနောက် ပြည်သိမ်းစခန်းဝန်းကျင်ဆီ ရောက်လာပြီး ၁၀၂ က ဘိုမတောင်၊ ၁၀၁ က ဆင်မတောင်တွေမှာ တပ်တည်ချထားခဲ့တယ်လို့ ၁၀၁၊ ၁၀၂ ရဲဘော်တချို့က အခုဆောင်းပါးရေးဖို့ မေးမြန်းစဉ်အတွင်း ပြောပြခဲ့ပါတယ်။

တကယ်တမ်း ပြောမယ်ဆိုရင်တော့ အကွဲအပြဲသဘောအရဆိုရင် ကျနော်တို့ ၂၀၁ တပ်ရင်း၊ တပ်ခွဲ ၂ က ဘက်မလိုက်။ ၁၀၁ က ကိုနိုင်အောင်တို့ဘက်၊ ၁၀၂ က ကိုမိုးသီးဇွန်တို့ဘက် ဖြစ်နေတဲ့အတွက် နိုင်ငံရေးအမြင်အရ ဘာမှမဆိုင်သလို ဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့် တကယ့်စစ်ပွဲ ဖြစ်တဲ့အခါမှာတော့ မတူတဲ့ တပ်ရင်း ၃-ရင်းက ကျောင်းသားအားလုံး အတူတကွ လက်တွဲပြီး နဝတတပ်တွေကို ရင်ဆိုင်တိုက်ခိုက်ခဲ့တာကို တွေ့ရပါတယ်။

အဲဒီကာလ နတ်အိမ်တောင်ဒေသတာဝန်ခံ KNU (KNLA) တပ်ရင်း ၁၀ ရဲ့ တပ်ခွဲ ၂ မှူးက ဗိုလ်လှချော (ကွယ်လွန်) ဖြစ်ပါတယ်။ တိုက်ပွဲကာလအတွင်း တာဝန်ယူကြတဲ့ တောင်ကုန်းတွေကတော့ ၂၀၁ တပ်ရင်းက ကျောင်းသားကုန်း၊ ၁၀၁ က အလံတိုင်ကုန်း၊ ၁၀၂ က ၀၁ ကုန်းတို့ ဖြစ်ပါတယ်။

(၂) ဓာတ်ငွေ့ပိုက်လိုင်းအတွက် နတ်အိမ်တောင်ကို တိုက်ခြင်းဖြစ်

ABSDF ၁၀၁ တပ်ရင်း ဥက္ကဌ ကိုတင်စိုးနောင်နဲ့ ၁၀၂ တပ်ရင်းဥက္ကဌ ကိုသီရီညွန့်တို့ကို နတ်အိမ်တောင် နယ်စပ်ဆိုင်းဘုတ်အနီး တွေ့ရစဉ်။

ပုံမှန်အားဖြင့်ဆိုရင်တော့ နဝတ-စစ်ကြောင်းတွေဟာ နယ်မြေရှင်းတဲ့သဘောနဲ့ နတ်အိမ်တောင် တောင်ခြေရင်းအထိ တာဝန်ကျေ စစ်ကြောင်းထိုးလေ့ရှိပြီး တပတ်လောက်ကြာရင် ပြန်ဆုတ်သွားလေ့ရှိပါတယ်။

ဒါပေမယ့် ကျနော်တို့ ကြိုမသိလိုက်တဲ့ အချက်က ဒီတခါ စစ်ဆင်ရေးဟာ အရင်လို ပုံမှန်နယ်မြေရှင်းတဲ့ စစ်ဆင်ရေးမဟုတ်။ နတ်အိမ်တောင်စခန်းကို အခြေစိုက်ပြီး ရတနာ ဓာတ်ငွေ့ပိုက်လိုင်း ဖောက်ဖို့ စီမံကိန်းအတွက် ဖြစ်တယ်။ ဒီဒေသတခုလုံးကို ရှင်းပြီး ဓါတ်ငွေ့ပိုက်လိုင်းဖောက်ဖို့ နဝတ၊ ထိုင်းနဲ့ နိုင်ငံတကာကုမ္ပဏီတွေ သဘောတူညီချက် ယူထားပြီးပြီဆိုတဲ့အချက် ဖြစ်ပါတယ်။

ဆိုလိုတာကတော့ ကျနော်တို့ ကျောင်းသားတပ်ရင်း ၃ ခုနဲ့ KNU တပ်တွေ ဘယ်လိုပဲ ခုခံပါစေ၊ နဝတက နတ်အိမ်တောင်ကို မရမချင်း သိမ်းမယ့်စီမံကိန်း ရှိပြီးသားဖြစ်တဲ့အတွက် ၁၉၉၁ ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ နတ်အိမ်တောင် စခန်းကျသွားပါတယ်။

ဒီတိုက်ပွဲအတွင်း KNU က တဦး၊ ၁၀၁ တပ်ရင်းက ၂ ဦးကျဆုံးပြီး တချို့ဒဏ်ရာရခဲ့ပါတယ်။ ၁၀၁ က ကျဆုံးသွားသူ ရဲဘော် ၂ ဦးရဲ့အမည်ကတော့ တပ်ကြပ် ကိုယုကြည်နဲ့ တပ်သား ကိုမောင်စိုးတို့ ဖြစ်တယ်လို့ သိရပါတယ်။ ကျနော်တို့ ၂၀၁ က ရဲဘော်တချို့၊ ၁၀၂ က ရဲဘော်တချို့ ဒဏ်ရာရခဲ့ပေမယ့် သိပ်မပြင်းထန်ဘူးလို့ သိရပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ KNU နဲ့ ကျနော်တို့ ABSDF တပ်တွေဟာ နတ်အိမ်တောင်စခန်းကနေ ခွာစစ်ဆင်ပြီး လေးအိမ်စုဆိုတဲ့ နတ်အိမ်တောင် အောက်ဖက် ၃-မိုင်ခန့်အကွာ နယ်စပ်စခန်းမှာ ပြန်လည်အခြေစိုက် လှုပ်ရှားခဲ့ပါတယ်။

(၃) ရာဇဝင်ထဲက နတ်အိမ်တောင်

၂၀၁၃ ခုနှစ်မှာ အသစ်ပြောင်းတပ်ထားတဲ့ နတ်အိမ်တောင် နယ်စပ်ဆိုင်းဘုတ်ကို တွေ့ရစဉ်။

တကယ်တမ်း ပြောမယ်ဆိုရင်တော့ နတ်အိမ်တောင်စခန်းဆိုတာဟာ နယ်စပ်ဒေသနဲ့ပတ်သက်ပြီး တောမခိုခင် ကျနော်သိတဲ့ (ကြားဖူးတဲ့) တခုတည်းသောနေရာ ဖြစ်ပါတယ်။ မြန်မာပြည်မြေပုံကို ကြည့်လိုက်မယ်ဆိုရင် မွန်-တနသာၤရီအစပ်က အရှေ့-အနောက် အကျဉ်းမြောင်းဆုံး မိုင် ၃၀ ဝန်းကျင်သာရှိတဲ့နေရာဟာ နတ်အိမ်တောင်စခန်းရှိတဲ့နေရာ ဖြစ်ပါတယ်။

ဒီစခန်းဟာ ကျနော်တို့ထားဝယ်ဒေသရဲ့ အဓိကမှောင်ခိုလမ်းကြောင်းဖြစ်တဲ့အပြင် ပြည်ချစ်တပ်နဲ့ ကော်သူးလေတပ်တွေ ရှိတဲ့နေရာအဖြစ် ကျနော် အလယ်တန်းကျောင်းသားဘဝ၊ အသက် ၁၀ နှစ်လောက်ကတည်းက ကြားဖူးခဲ့တဲ့နေရာဖြစ်ပါတယ်။

ဒါပေမယ့် နတ်အိမ်တောင်စခန်းဆီ ကျနော် တကယ်ရောက်ဖူးတဲ့အချိန်ကတော့ ၁၉၉၀ မေလ ရွေးကောက်ပွဲမတိုင်ခင် ကာလကျမှဖြစ်ပါတယ်။ ရွေးကောက်ပွဲမတိုင်မီမှာ နယ်စပ်ရောက် ကျောင်းသားတွေကို ပြန်ခေါ်ရမယ်ဆိုပြီး မိသားစုတွေကို စစ်-အစိုးရက ဖိအားပေးတဲ့အတွက် ကျနော့်အမေဟာ ဒီလောက်ဝေးလံ ခက်ခဲတဲ့ နတ်အိမ်တောင်စခန်းအထိ ရောက်လာပြီး ကျနော့်ကို လာခေါ်ပါတယ်။

ကျနော့်အမေ ရောက်နေတယ်ဆိုပြီး တပ်ခွဲ ၂ မှုးက ကြေးနန်းပို့တဲ့အတွက် ထိုင်းလမ်းကနေ အရေးပေါ် ရောက်လာတာဖြစ်ပါတယ်။ တခြားကျောင်းသားတွေကိုလည်း အလားတူ လာခေါ်ခိုင်းတာတွေရှိပေမယ့် ပြန်လိုက်သွားတဲ့လူတော့ တဦးမှ မတွေ့မိပါဘူး။

အဲဒီလို မိသားစုကိစ္စ၊ ပုဂ္ဂိုလ်ရေးကိစ္စတွေကို ဆွေးနွေးပြီးနောက်မှာတော့ နတ်အိမ်တောင်စခန်းကို ကျနော် လေ့လာခွင့်ရခဲ့ပါတယ်။ နတ်အိမ်တောင်ဟာ ကျနော်တို့ မင်းသမီးဒေသနဲ့ ရာသီဥတုမတူပဲ တောင်ပေါ်မြို့လေးတခုလို အေးစိမ့်စိမ့်လေး၊ မြူနှင်းဝေေ၀လေး ဖြစ်နေပါတယ်။

ဥရောပဆန်တယ်ပြောရမလား၊ မြန်မာနိုင်ငံ ချင်းတောင်ရှိ နတ်မတောင်လိုလို၊ ဟားခါးနဲ့ ထန်တလန်ဝန်းကျင်က တောင်ထိပ်လိုလို၊ ဒါမှမဟုတ် ထိုင်းနိုင်ငံ မြောက်ပိုင်းက မယ်ဟောင်ဆောင်လိုလို၊ ပိုင်ဒေသလိုလို မြူဆိုင်း အေးစိမ့်နေပြီး အပူရှောင်ဖို့ အလွန်ကောင်းတဲ့ ရာသီဥတု အနေအထားရှိပါတယ်။

ဒီဒေသအတွင်း အမြင့်ဆုံးတောင်တန်း ဖြစ်တဲ့အတွက် တကယ်လို့မြူမဆိုင်းတဲ့နေ့ဆိုရင် ကလိန်အောင်၊ ကံပေါက်နဲ့ ထားဝယ်ဘက်ကို အပေါ်စီးကနေ လှမ်းမြင်ရတဲ့ရှုခင်းက အတော်လှပါတယ်။ ကျနော်ရောက်ဖူးခဲ့သမျှ နယ်စပ်စခန်းတွေထဲမှာတော့ အလှပဆုံးနဲ့ ဆက်သွယ်ရေး အလွယ်ကူဆုံးစခန်းတခုဖြစ်ပြီး အပန်းဖြေစခန်းတောင် ဆောက်သင့်တဲ့နေရာလို့ ထင်မိပါတယ်။ (အခုတော့ အပန်းဖြေစခန်း ဖြစ်နေပြီလို့ သိရပါတယ်)။

၂၀၁၃ မှာတွေ့ရတဲ့ ရတနာဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း နယ်စပ်ရုံးကို အလံတိုင်ကုန်းပေါ်ကနေ မြင်ရပုံ။

သဘာဝအလှအပြင် စီးပွားရေးအခြေနေကို ပြောရမယ်ဆိုရင်တော့ ရှေ့မှာပြောခဲ့တဲ့ ကျနော်တို့ ၂၀၁ တပ်ရင်း၊ ခွဲ ၂ ဘားတိုက်ရှိရာ ကျောင်းသားကုန်းနဲ့ အလံတိုင်ကုန်းကြားမှာ မြန်မာနိုင်ငံထဲဆင်းတဲ့ လူသွားလမ်းလေး (အခုတော့ ဒီလမ်းဟာ ရတနာသဘာဝဓာတ်ငွေ့ ပိုက်လိုင်းသွယ်တန်းတဲ့ လမ်းကြောင်းဖြစ်သွားခဲ့ပါပြီ) ရှိပြီး အဲဒီလမ်းထိပ်မှာ KNU အကောက်ဂိတ်၊ သို့မဟုတ် ဒေသအခေါ် မှောင်ခိုဂိတ် ရှိပါတယ်။

ဒီဂိတ်ဟာ တနေကုန် စည်ကားနေပြီး ကုန်သည်အတက်အဆင်းတွေနဲ့ ရှုပ်ရှက်ခတ်နေပါတယ်။ မြန်မာပြည်ဘက်က တက်လာသူအများစုဟာ နွားတွေ၊ ကျွဲတွေကို သယ်လာသူတွေဖြစ်ပြီး ထိုင်းဘက်က အပြန်မှာတော့ စက်ဘီးတွေ၊ ကားပစ္စည်းတွေ၊ အချိုမှုန့်အပါဝင် ထိုင်းထွက် စားသောက်ကုန်တွေကို ကျောပိုးခြင်းတောင်းတွေနဲ့ ပြန်သည်သွားတာကို တွေ့ရပါတယ်။

ကျောင်းသားစခန်းရဲ့ နောက်ကျောမှာတော့ ကျောက်ပုံရွာဆိုတဲ့ အိမ်ခြေ ၃၀ ခန့်ရှိ နယ်စပ်ရွာလေးရှိပါတယ်။ အဲဒီမှာ ကျနော်တို့တပ်ခွဲက မိသားစုတချို့နေပြီး အများစုကတော့ ကုန်သည်တွေဖြစ်ပါတယ်။ အဲဒီရွာအလွန်မှာ ထိုင်းနယ်ခြားစောင့်ဂိတ်ရှိပြီး အဲဒီဂိတ်နောက်မှာတော့ ဦးပဇ္ဈင်း ဖေကြည်ကျောင်းလို့ ကျောင်းသားတွေကခေါ်တဲ့ ထိုင်း-ထားဝယ် ဘုန်းကြီးကျောင်းတကျောင်း ရှိပါတယ်။

အဲဒီကျောင်း ခြံစည်းရုံးအလွန်မှာတော့ တောချတော ထိုင်း-နယ်ခြားစောင့် တပ်စခန်းကို တွေ့ရမှာဖြစ်ပြီး အဲဒီစခန်းရဲ့ရှေ့မှာတော့ ဘောလုံးကွင်းနဲ့ စာသင်ကျောင်းတွေ ရှိပါတယ်။ အဲဒီ ဘောလုံးကွင်းဘေးမှာတော့ အိမ်ခြေ ၁၀၀ ကျော်လောက်ရှိမယ့် နတ်အိတ်တောင်ရွာနဲ့ ဈေးတန်းကြီးကို တွေ့ရပါတယ်။

နတ်အိမ်တောင်က အိမ်တွေဟာ သွပ်ပြားမိုး သစ်သားအိမ်တွေဖြစ်ပြီး လမ်းမတန်းတလျှောက် အိမ်တွေအားလုံးဟာ ဆိုင်ခန်းတွေနဲ့ တွဲထားတဲ့အိမ်တွေ ဖြစ်ပါတယ်။ နတ်အိမ်တောင် ဈေးတန်းကြီးကိုလည်း သွပ်ပြားနဲ့ပဲမိုးထားတာတွေ့ရပြီး ကျနော်တို့ထားဝယ်မြို့ပေါ်က ဈေးနီးနီး စည်ကားနေတာကို တွေ့ရပါတယ်။

တနည်းအားဖြင့် ပြောမယ်ဆိုရင်တော့ နတ်အိမ်တောင်စခန်းနဲ့ မင်းသမီးစခန်းဟာ မြို့နဲ့တောလို ကွာတယ်လို့ ကျနော်စိတ်ထဲ ခံစားမိပါတယ်။ နတ်အိမ်တောင်စခန်း မကျခင် နောက်ထပ် ၃-၄ ခေါက်လောက် ထောက်ပံ့ရေးတာဝန်နဲ့ ကျနော် ရောက်ဖူးခဲ့ပါသေးတယ်။

နောက်တခါ ထူးထူးခြားခြား နတ်အိမ်တောင်စခန်းဟာ နဝတ-လက်ထဲ ကျပြီးတဲ့အထိ သွားရောက်လည်ပတ်နိုင်တဲ့ တခုတည်းသောနေရာ ဖြစ်ပါတယ်။ ၁၉၉၁ ဒီဇင်ဘာမှာ စခန်းကျပြီးချိန်နောက်ပိုင်း ကျနော်တို့တပ်တွေ ၄ အိမ်စုမှာ စခန်းချထားတယ်ဆိုပေမယ့် နတ်အိမ်တောင် ရွာဖက် သွားနေကြဆဲဖြစ်ပါတယ်။

တခါ ကျနော်ကိုယ်တိုင်လည်း DVB သတင်းထောက်အဖြစ်နဲ့ ရတနာ ပိုက်လိုင်းစီမံကိန်းအတွက် သတင်းယူဖို့ နိုင်ငံခြားသတင်းထောက်တွေနဲ့အတူ နတ်အိမ်တောင်ရွာနဲ့ တောင်ထိပ်ဆီ ၃-၄ ခေါက် ထပ်ရောက်ခဲ့ပါသေးတယ်။

အလားတူ ၂၀၀၈ ထိုင်းခရီးစဉ်နဲ့ ဒီစာအုပ်မရေးခင် ၂၀၁၃ မိုးတွင်းမှာလည်း နယ်စပ်အလွမ်းပြေအဖြစ် နတ်အိမ်တောင်ရွာနဲ့ တောင်ထိပ်စခန်းဆီ ကျနော်သွားလည်ခဲ့ဖူးတာကို အမှတ်ရနေပါတယ်။ ။

……………………………………..

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၃၀) >>>>>

ထက်အောင်ကျော်