ထိုင်းတွင် ပွဲစား စွန့်ပစ်ထားခဲ့သော တရားမဝင် မြန်မာလုပ်သားများ ဖမ်းဆီးခံရ

0
4028

ထိုင်းနိုင်ငံ တာခ့်ခရိုင်တွင် ကားသမားဖြစ်သူ ပွဲစားက စွန့်ပစ်ထားခဲ့သော တရားမဝင် ဝင်ရောက်လာသည့် မြန်မာ အလုပ်သမား ၁၃ဦးကို ဖမ်းဆီးရမိကြောင်း အမှတ် (၃၄) ထိုင်းနယ်ခြားစောင့်တပ်က နိုဝင်ဘာလ ၃ဝရက်တွင် ထုတ်ပြန်သည်။

တရားမဝင် မြန်မာအလုပ်သမားများကို ကားဖြင့် တင်ဆောင်လာသည်ဆိုသည့် သတင်းအရ နိုဝင်ဘာလ ၁၉ ရက် ညနေပိုင်းက စောင့်ဆိုင်းနေစဉ် ယင်းကားကို တာခ့်ခရိုင် မဲလမတ်ဒေသရှိ ဆေးရုံရှေ့တွင် အာဏာပိုင်များက တွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ရပ်တန့်စစ်ဆေးခံရန် အချက်ပြသော်လည်း ကားမှာ ရပ်တန့်ခြင်းမရှိဘဲ မော်ဝါးဆိုသည့်ရွာဘက်သို့ လမ်းကြောင်းပြောင်း ထွက်ပြေးသွားကြောင်း ဖော်ပြသည်။

ယင်းနောက် အာဏာပိုင်များက လိုက်လံဖမ်းဆီးခဲ့ရာ မော်ဝါးရွာလမ်းဘေးတွင် အရှိန်လွန်ကာ လမ်းဘေး ထိုးရပ် ခဲ့သော ပစ်ကပ်ကားကို တွေ့ရှိပြီး ကား၏ အနောက်ဘက်တွင်လိုက်ပါလာသည့် မြန်မာအလုပ်သမား အမျိုးသား လေးဦး၊ အမျိုးသမီး ကိုးဦး စုစုပေါင်း ၁၃ ဦးတို့ကို ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။

ပွဲစားမှာ ကားနှင့် အလုပ်သမားများကို စွန့်ပစ်၍ ထွက်ပြေးသွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

မြန်မာအလုပ်သမားများသည် နိုဝင်ဘာလ ၁၉ ရက် နေ့လယ်ပိုင်းတွင် သောင်ရင်းမြစ်ကို လှေဖြင့်ဖြတ်ကူး၍ ထိုင်းနိုင်ငံထဲသို့ တောလမ်းအတိုင်း လမ်းလျှောက်ပြီးနောက် ပွဲစားက ကားဖြင့်လာခေါ်ခြင်းဖြစ်သည်ဟု ထွက်ဆိုကြကြောင်း ထုတ်ပြန်ထားသည်။

မြန်မာအလုပ်သမားများသည် ဘန်ကောက်မြို့တွင် အလုပ်လုပ်ကိုင်နိုင်ရန်အတွက် လာရောက်ကြခြင်းဖြစ်ပြီး ခရီးစဉ်အတွက် ဘတ် ၂၅၀၀၀ မှ ၂၇၀၀၀ အထိ ကုန်ကျမည်ဖြစ်ကြောင်း ထွက်ဆိုထားသည်။

၎င်းတို့ကို ဥပဒေအရ ဆက်လက်အရေးယူရန် မဲလမတ်ရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။