သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၂၈)

0
814
ကိုမိုးသီးဇွန်နှင့် စခန်းကော်မီတီအသစ် ဆွေးနွေးနေတာကို တပ်ရင်းရုံးနံရံမှာ ချိတ်ဆွဲထား သေနတ်တွေနဲ့အတူ မြင်ရစဉ်။

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၂၇)

အပိုင်း-၄- (ABSDF အကွဲအပြဲကာလနှင့် ဘက်မလိုက်ညီညွတ်ရေးအဖွဲ့)

အခန်း-၂၈-

(၁) ဘက်မလိုက် ညီညွတ်ရေးအဖွဲ့ ပေါ်လာခြင်း

ညီညွတ်ရေးဆိုတဲ့ခေါင်းစဉ်ကို တွေ့ကတည်းက မညီမညွတ်ဖြစ်နေကြပြီဆိုတာကို မြန်မာ့နိုင်ငံရေး၊ တော်လှန်ရေးကို လေ့လာဖူးသူတိုင်း သိပြီးဖြစ်မှာပါ။ ရှေ့မှာတင်ပြခဲ့တဲ့အတိုင်း “ငြိမ်းချမ်းစွာ ကွဲပြဲရေးမူ” အရ ၂၀၁ တပ်ရင်း ၃ ခြမ်းကွဲပြီးတဲ့နောက် မူလနေရာမှာ ဆက်နေတဲ့ ကျနော်တို့အုပ်စုဟာ “ဘက်မလိုက် ညီညွတ်ရေးအဖွဲ့” ဆိုတဲ့ခေါင်းစဉ်နဲ့ စခန်းကော်မတီအသစ်ကို ဖွဲ့လိုက်ပါတယ်။

အရင်ကရှိခဲ့တဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်း စခန်းမှာ ရွေးကောက်ပွဲကော်မရှင်ကိုဖွဲ့၊ ရှေ့တန်းမှာလည်း ကော်မရှင်တွေဖွဲ့ပြီး ရဲဘော်တွေရဲ့ မဲဆန္ဒတွေကို ခံယူရပါတယ်။ အဲဒီရွေးချယ်မှုအရ ပေါ်လာတဲ့ စခန်းကော်မတီသစ်မှာ ကျနော် (ဝင်းထိန်)က ဥက္ကဋ္ဌ၊ ကိုမျိုးသိန်း (ရှေ့ပိုင်းမှာဖော်ပြခဲ့တဲ့ တပ်ထောက်အရာရှိ၊ အခုကနေဒါ) က အတွင်းရေးမှူး၊ ဦးဟန်လင်း (အမေရိကန်မှာ ကွယ်လွန်) က စည်းရုံး-ပြန်ကြားတာဝန်ခံ၊ ကိုအောင်မော် (ရေဇင်းစိုက်ပျိုးရေး တက္ကသိုလ်ကျောင်းသား၊ အခု ဖင်လန်နိုင်ငံ) က ဘဏ္ဍာ-ထောက်ပံ့ တာဝန်ခံ ဖြစ်လာပါတယ်။

တပ်မှူးတွေထဲမှာတော့ ရှေ့ပိုင်းမှာတင်ပြခဲ့တဲ့ တပ်ရင်းထောက်လှမ်းရေးမှူး ကိုသောင်းညွန့် (၂၀၁၂ အထိ နယ်စပ်မှာရှိနေပြီး ၂၀၁၆ မှာကွယ်လွန်) က တပ်ရင်းမှူး (တပ်ရင်းမှူးဟာ ဖွဲ့စည်းပုံ ဥပဒေအရ ဒုဥက္ကဋ္ဌဖြစ်ပါတယ်)၊ တပ်ခွဲ ၂ မှူးကိုတင်ထွန်း (ပြည်တွင်းပြန်ဝင်) က ဒုရင်းမှူး (ဒုရင်းမှူးဟာ ဖွဲ့စည်းပုံဥပဒေအရ တွဲဘက်အတွင်းရေးမှူး) ဖြစ်လာပါတယ်။

ရှေ့ပိုင်းမှာတင်ပြခဲ့တဲ့ စခန်းကော်မတီဟောင်းတွေထဲမှ ကိုဇော်မင်း (၁၉၉၃-က ရနောင်းဘက်မှာ ပျောက်ဆုံး) က တပ်ရေးဗိုလ်၊ ကိုမင်းဇော်ရွှေ (အခု နယူးဇီလန်) က တပ်ထောက်ဗိုလ်၊ ကိုဌေးလှိုင် (အခုထိ နယ်စပ်မှာရှိနေဆဲ) က တပ်ရင်းအရာခံဗိုလ်တွေ ဖြစ်လာပါတယ်။

တပ်ခွဲမှူးတွေအဖြစ်ကတော့ ပုလောဒေသတပ်ခွဲ ၁-မှူးအဖြစ် ကိုခင်မောင်ချို ခေါ် ဘိုင်လာမန် (အခု အမေရိကန်)၊ ဒုခွဲမှူးအဖြစ် ကိုကျော်သူ (အခု အမေရိကန်)၊ တပ်ခွဲ ၂-မှူးအဖြစ် မူလခွဲမှူးဖြစ်သူ ကိုသိန်းမြင့်ကျော် ခေါ် ဘိုင်သိန်းမြင့် (၁၉၉၇ မှာ ကျဆုံး) ဒုခွဲမှူးအဖြစ် ကိုမင်းဇော်သူ (၁၉၉၃-က ရနောင်းဘက်မှာ ကိုဇော်မင်းနဲ့အတူ ပျောက်ဆုံး) တို့ ဖြစ်လာပြီး တပ်ခွဲ ၂-ခွဲနဲ့ ပြန်လည်စုဖွဲ့ခဲ့ပါတယ်။

ဆက်သွယ်ရေး၊ ဆေးနဲ့ ထောက်လှမ်းရေးတပ်ဆွယ် ၃ ခုစလုံး ကျနော်တို့နဲ့အတူ ပါလာတဲ့အတွက် တပ်ဆွယ်တွေကတော့ မူလဖွဲ့စည်းပုံအတိုင်း အပြောင်းလဲ မရှိသလောက်ပါပဲ။

(၂) လက်နက်နှင့် နယ်မြေခွဲဝေးရေးအတွက် ဆွေးနွေးပွဲများ

အကွဲအပြဲကာလ တပ်ရင်းရုံးအသစ်ရှေ့မှာတွေ့ရတဲ့ ရဲဘော်အချို့…။

ဒီလိုစုဖွဲ့မှုလုပ်ပြီးတာနဲ့ တပ်ရင်းပိုင်ပစ္စည်းတွေကို ခွဲဝေတာ၊ လှုပ်ရှားမှုနယ်မြေ ခွဲဝေတာတွေကို ကျနော်တို့ ဘက်မလိုက်အဖွဲ့နဲ့ ဒေါက်တာနိုင်အောင်ကို ထောက်ခံတဲ့ ကိုဇော်သန်းတို့၊ ဆရာအောင်မြင့်တို့ အဖွဲ့ကြား ဆက်လုပ်ရပါတယ်။

ပထမဆုံး ခွဲဝေမှုလုပ်ရတာက တပ်ရင်းကွဲချိန်မှာ တပ်ရင်းရုံးနံရံမှာ ချိတ်ထားတဲ့ သေနတ်တွေကိစ္စပါ။ အဲဒီကာလက လက်နက်အတော်များများကို တပ်ရင်းရုံးနံရံမှာ ချိတ်ထားပြီး ကျည်ဘောက်တွေကိုတော့ တနေရာမှာ သီးခြားစီ သိမ်းထားပါတယ်။ နောက်တခါ ခွဲရင်းခြမ်းရင်းနဲ့ ထပ်သိလာရတာကတော့ သေနတ်မောင်းတံထဲက Fire pin ခလုတ်တွေကို တပ်ရင်းအရာခံဗိုလ် ကိုဝင်းအောင်က သီးခြားသိမ်းထားတဲ့အတွက် အကွဲအပြဲကာလအတွင်း မကျေနပ်လို့ အချင်းချင်း ထပစ်ရင်တောင် အဲဒီသေနတ်တွေက ပစ်လို့မရဘူးနိုင်ဆိုတာကို သိရလို့ ကိုဝင်းအောင်ကို ဝိုင်းအမှတ်ပေးကြတာကို အမှတ်ရနေပါတယ်။

ဒီလိုလက်နက်ခွဲဝေရာမှာ ကျနော်တို့အချင်းချင်းကြား ညှိမရလို့လား၊ ကြားဝင်ညှိနိုင်းပေးသူ လိုလို့လား၊ ဘာကြောင့်မှန်းတော့ မမှတ်မိတော့ပါ။ KNU တပ်မဟာ ၄-ကနေ ကျောင်းသားရေးရာ တာဝန်ခံအဖြစ် တာဝန်ပေးထားသူ ဆရာမန်းငြိမ်းမောင် (ကိုကိုးကျွန်းကနေ ၁၉၇၀ မှာ ထွက်ပြေးလွတ်မြောက်လာသူ၊ ၂၀၁၁ ခုနှစ်နှောင်းပိုင်းမှာ ဒုတိယအကြိမ်ဖမ်းဆီးခံရပြီး ၂၀၁၂ ခုနှစ် မတ်လနှောင်းပိုင်းကမှ ပြန်လွတ်လာသူ) ဟာ ကျနော်တို့စခန်းဆီ ရောက်လာပြီး လက်နက်ခွဲဝေရေးကိစ္စမှာ ကြားဝင်ဆောင်ရွက်ပေးပါတယ်။

ထုံးစံအတိုင်း သူ့ဖက်က များများရသင့်တယ်၊ ငါ့ဖက်က များများရသင့်တယ်နဲ့ ငြင်းခုန်လိုက်ကြတာ ၃-၄ ရက်ကြာတဲ့အထိ သဘောတူညီမှု မရခဲ့ပါဘူး။ နောက်ဆုံးမှာတော့ ခံစားချက်တွေလျော့ချ၊ အပြန်အလှန် နားလည်မှုတွေရအောင် လုပ်ကြရင်းနဲ့ အချိုးတူခွဲဝေဖို့ သဘောတူလိုက်ပါတယ်။ တပ်ရင်းရုံးရှိ လက်နက်အားလုံးပေါင်းက ၄၀ လောက်ပဲရှိပြီး ကျန်တဲ့လက်နက်တွေ အားလုံးက ရှေ့တန်းတပ်တွေနဲ့ အတူရှိနေတာ ဖြစ်ပါတယ်။

အဲဒီရှေ့တန်းတပ်တွေထဲက ကိုကျော်ရတို့ ပင်လယ်ပြင်အုပ်စုနဲ့အတူရှိနေတဲ့ လက်နက်အားလုံးကို ကိုမိုးသီးဇွန်တို့ အဖွဲ့ပိုင်အဖြစ် သဘောတူလိုက်ပါတယ်။ အလားတူ နတ်အိမ်တောင်အခြေစိုက် ဘိုင်သိန်းမြင့်ရဲ့ တပ်ခွဲ ၂ တခုလုံးကလည်း ဘက်မလိုက်ကို ထောက်ခံတဲ့အတွက် အဲဒီကလက်နက် အားလုံးကိုလည်း ဘက်မလိုက်အဖွဲ့ပိုင်အဖြစ် သတ်မှတ်ပေးလိုက်ပါတယ်။

မြိတ်- ပပြင်ဒေသအခြေစိုက် ကိုပြည်ဆောင်ဦးတို့ရဲ့ တပ်ခွဲ ၁-က တပ်စု ၂ စုက ကိုနိုင်အောင်တို့ဖက် ထောက်ခံပြီး တစုက ဘက်မလိုက်ကို ထောက်ခံတဲ့အတွက် ထောက်ခံတဲ့လူနဲ့ ပါသွားတဲ့ လက်နက်စာရင်းအတိုင်း အတည်ပြုလိုက်ပါတယ်။

အလားတူ ကိုဘုန်းကျော် ဦးဆောင်တဲ့ ပြည်ခြားနဲ့ ဘန်းချောင်းဒေသ အခြေစိုက် တပ်ခွဲ ၃ မှာလည်း ၂ စုက ကိုနိုင်အောင်တို့ဖက်ကို ထောက်ခံပြီး တစုက ဘက်မလိုက်ကို ထောက်ခံတဲ့အတွက် လူနဲ့အတူပါသွားတဲ့ လက်နက်စာရင်းအတိုင်း အတည်ပြုလိုက်ပါတယ်။

လက်နက်နဲ့ နယ်မြေခွဲဝေမှု ညှိနှိုင်းရတာဟာ နိုင်ငံရေးအယူအဆညှနိုင်းရတာထက် ပိုခက်တယ်။ ပိုလက်တွေ့ဆန်တယ်ပြောရမလား၊ အတော့်ကို လက်ဝင်တဲ့အလုပ်ပါ။ လက်နက်ကိုင်တော်လှန်ရေးမှာ လက်နက်မရှိရင် ဘာမှလုပ်မရဘူးဆိုတော့ ဒီလက်နက်ကို လူတိုင်းက လိုချင်တာပေါ့။ ဒီအတွက် သူရသင့်တယ်၊ ငါ့ရသင့်တယ် ငြင်းကြခုန်ကြတာ နိုင်ငံရေးငြင်းတာထက် ပိုအန္တရယ်များပါတယ်။ ဒီကိစ္စ ဘယ်လောက်အထိ လက်ဝင်သလဲဆိုတာကိုတော့ တောထဲမှာ နေဖူးသူတွေ၊ လက်နက်နဲ့နီးစပ်သူတွေမှာသာ ပိုနားလည်နိုင်မယ်လို့ ထင်မိပါတယ်။

(၃) ထူးခြားဆန်းကြယ်သော အရက်တရားစီရင်ခန်း

ခွပ်ဒေါင်းယာတြာ အငြင်းပွားဖွယ်ဖြစ်ခဲ့တယ်ဆိုတဲ့ တပ်ရင်း ဆိုင်းဘုတ်။

ကျနော်တို့ ဘက်မလိုက်အဖွဲ့နဲ့ ဒေါက်တာနိုင်အောင်တို့အဖွဲ့ကြားမှာ လက်နက်နဲ့ နယ်မြေလို အရေးကြီးတဲ့ ခွဲဝေမှုကိစ္စအပြင် အရက်ပုလင်း ၃၃-လုံး ခွဲဝေရေးကိစ္စလည်းပါတယ်ဆိုရင် စာဖတ်ပရိတ်သတ် ယုံပါ့မလား။

ဖြစ်ပုံကတော့ ကျနော်တို့စခန်းပိုင် စက်လှေဟာ တပ်ဖွဲ့ဝင်တွေကို ရှေ့တန်းပို့ပြီး အပြန်မှာ လှေသမားတွေ နဲနဲပါးပါး ငွေကြေးအဆင်ပြေစေရေးအတွက် ပစ္စည်းအနဲအကျဉ်းသယ်ယူပြီး နောက်တန်းနဲ့ KNU ရွာတွေဆီမှာပြန်ရောင်းတာမျိုးကို ကော်မီတီက နားလည်မှုပေးထားပါတယ်။

ဒါပေမယ့် ပြသာနာကဖြစ်ချင်တော့ တပ်ရင်းကွဲခါနီးအခေါက်မှာ ဘန်းချောင်းနဲ့ မေတ္တာဖက်ကနေပြန်လာတဲ့ တပ်ရင်းလှေဟာ အရင်လိုစားစရာတွေသယ်လာတာမဟုတ်ပဲ ၃-ဆနီးပါးအမြတ်ရနိုင်တဲ့ Army Rum ပုလင်း ၃၃-လုံး ကိုသယ်လာပါတယ်။

အယင်ကဆိုရင်တော့ ဒီသတင်းကို စခန်းကော်မီတီက မသိပဲ ဒိုင်ရှို လုပ်ကောင်းလုပ်ထားနိုင်မှာဖြစ်ပေမဲ့ အခုတော့ သူတို့လှေ ပြန်ရောက်ချိန်မှာ စခန်းကလည်း ကွဲနေတော့ ဒီ ပုလင်းတွေအကြာင်းကို အားလုံးသိကုန်ပြီး အဲဒီလှေသမား ၂-ဦးကို လုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီး၊ အချုပ် ထဲထည့်။ အရက် ပုလင်း ၃၃-လုံးကိုလည်း သက်သေခံပစ္စည်းအဖြစ်သေတ္တာထဲ ထည့်သိမ်းထားလိုက်ပါ တယ်။

ကံက ထပ်ဆိုးချင်တော့ စခန်းကွဲတဲ့အချိန်မှာ အဲဒီဖမ်းဆီးခံလှေသမား ၂-ဦးစလုံးက ကျနော်တို့ ဘက်မလိုက်အဖွဲ့ကိုထောက်ခဲ့တဲ့အထဲပါလာတဲ့အတွက် ဒီအမှုဟာ ကျနော်တို့ ကော်မီတီသစ်က ပထမဆုံး ကိုင်တွယ်ရတဲ့ အမှုဖြစ်လာပါတယ်။

အချိန်အားဖြင့် နိုင်ငံရေးအကွဲအပြဲသိပ်ပြင်းထန်နေချိန်၊ အုပ်စုကွဲအချင်းချင်းကြားမှာ ဂုဏ်သိက္ခာချင်း ပြိုင်နေကြတဲ့အချိန်ဆိုတော့ “ဒီလှေသမား ၂-ဦးဟာ အရက်သေစာသယ်ယူခြင်းဖြင့် တော်လှန်ရေးရဲ့ ဂုဏ်သိက္ဒာကို ထိခိုက်အောင် လုပ်ခြင်းဖြစ်တယ်” လို့ မှတ်ချက်ချပြီး သူတို့ ၂-ဦးကို ABSDF တပ်ဖွဲ့ဝင် အဖြစ်ကနေ ထုတ်ပယ်ကြောင်း ကော်မီတီသစ်က ဆုံးဖြတ်ချက်ချလိုက်ပါတယ်။

ဒါဟာ အကွဲအပြဲကာလအတွင်း အပြင်းထန်ဆုံးနဲ့ ပထမဆုံးပြစ်ဒဏ်ဖြစ်တာကြောင့် ပြိုင်ဖက် ဘက်အသီးသီးကနေ ဒါကို လက်ညိုးထိုးပီး ပြစ်ဒဏ်နဲ့ ပြစ်မှုမမျှဘူး။ ဒါဟာ “တရားဥပဒေစိုးမိုးရေးအပေါ် နိုင်ငံရေးအယူအဆက လွမ်းမိုးလိုက်တာဖြစ်တယ်” ဆိုပြီး ကျနော်တို့ကော်မီတီသစ်ကို ဝိုင်းဝေဖန်ကြပါတယ်။ ကျနော်တို့ကတော့ ဒီဝေဖန်ချက်ကို လက်မခံပဲ ဆုံးဖြတ်ချက်မပြင်နိုင်ဘူး။ ဒါပေမယ့် တပ်ရင်းညီလာခံမှာ အယူခံဝင်နိုင်တယ်ဆိုပြီး ဒီကိစ္စကို အဆုံးသတ်လိုက်ပါတယ်။

အဲ… .လှေသမား ၂-ဦးကို ဒီလိုအပြစ်ပေးပြီးတဲ့အခါမှာတော့ သူတို့သယ်လာတဲ့ အရက်ပုလင်း ၃၃-လုံးကို တပ်ရင်းရုံးရှေ့ လူမြင်ကွင်းမှာ စံပြ အနေနဲ့ ရိုက်ခွဲပစ်မယ်ဆိုပြီး ဥက္ကဌသစ် ကျနော်က အဆိုပြုလိုက်ပါတယ်။ ဒါပေမယ့် ဘဏ္ဍာရေးတာဝန်ခံနဲ့ တပ်ထောက်အရာရှိတို့ကနေ အရက်တလုံးကို ဘတ် ၁၀၀-လောက်တန်တဲ့အတွက် ဒီလိုလုပ်ရင် ဘတ် ၃၀၀၀-ထောင်ကျော်ကို အလားကားဖြုန်းတီးရာရောက်မယ်။

ဒီ ဘတ် ၃၀၀၀-ဟာ ရဲဘော် ၂၀၀-ခန့်အတွက် တလစာရိက္ခာဖိုးရတယ်ဆိုပြီး အချက်အလက်နဲ့ တင်ပြလာပါတယ်။ နောက်ဆုံးမှာတော့ အများသဘောတူညီချက်အရ ဒီပုလင်းတွေကို မရိုက်ခွဲတော့ပဲ တပ်ရင်းရံပုံငွေရအောင် ပြန်ရောင်းချမယ်လို့ဆုံးဖြတ်လိုက်ပါတယ်။

အဲဒီလိုဆုံးဖြတ်ပြီးကာမှ မထင်မှတ်တဲ့ပြသာနာက စတော့တာပါပဲ။ ၉-ရက်ကြာဆွေးနွေးပွဲကနေ အခု စခန်းကော်မီတီအသစ်ပေါ်ပြီး သတင်း ၂-ပါတ်ကျော်ကြာတဲ့အထိ အကွဲအပြဲတွေနဲ့အလုပ်ရှုပ်နေလို့ အဲဒီပုလင်း ၃၃-လုံးကို ဘယ်သူကမှ အသေချာမစစ်ဆေးရသေးပါဘူး။ သစ်သားတန်းလေးနဲ့ လုပ်ထားတဲ့ လက်လုပ်ဘီဒိုထဲမှာ အဲဒီ ၃၃-လုံးကို ပါကင်ပိတ်အတိုင်းမြင်နေရလို့ ဘီဒိုကို သော့ဖွင့်ပြီး တခါမှ မစစ်ဆေးမိပါ။

အခု ပြန်ရောင်းမယ်ဆိုပြီး ပုလင်းတွေကို ရုံးပေါ်ယူလာတော့မှ… “ဟေး… မင်းတို့ပုလင်း တွေက အရက်ဟုတ်ရဲ့လား၊ အထဲမှာ လဖက်ခြောက်ဖတ်တွေလားမသိဘူး” ဆိုပီး အရက်အကြောင်းအတွေ့အကြုံရှိတဲ့ ကော်မီတီတယောက်က ထအော်ပါတယ်။ ဒီတော့မှ ကျန်တဲ့လူတွေလည်း ပုလင်းတွေကို အသေချာကိုယ်တွယ်စစ်ဆေးကြတာပေါ့။

ဒီလို စစ်တော့မှ ၃၃-လုံးမှာ ၁၀-လုံးလောက်က ရေနွေးကြမ်းတွေ ဖြစ်နေပါရော့လား။ မောင်ကျိုးဖိုးတွေများ ကျွမ်းကျင်မှုကတော့ လက်ဖျားခါလောက်ပါရဲ့။ အပူပေးထားတဲ့အပ်နဲ့ ပုလင်းဖင်အောက်ကနေ အရက်ကိုစုတ်ထုပ်ပီး ရေနွေးတွေကိုပြန်ထည့်ထားပါသတဲ့။ ဒီတော့ အပေါ်က ပါကင်ကနေရာ ဘာမှမယွင်းပဲ ရေနွေးတွေ ပုလင်းထဲ ရောက်နေတာပေါ့။

နောက်ဆုံးမှာတော့ တပ်ရင်းအကွဲအပြဲငြင်းခုံနေစဉ် သတင်း ၂-ပတ်ကျော် ကာလတလျောက်လုံး ဒီအရက်ပုလင်းတွေ သိမ်းဆည်းရာ တပ်ရင်းရုံးဘေးက အဆောင်လေးမှာနေထိုင်တဲ့ ဒုရင်းမှုးဆရာအောင်မြင့်နဲ့ ကော်မီတီဝင် ကိုညဏ်စိုးတို့ဆီ အားလုံးကလက်ညိုးထိုးပါတော့တယ်။

ဒီတော့မှ ညဏ်ကြီးရှင် ကိုညဏ်စိုးက ထွက်လာပြီး ပုလင်းထဲကအရက်တွေကို လက်ရာမယွင်းစေပဲ သိပ္ပံနည်းကျ ထုတ်ယူူနည်းအဆင့်ဆင့်ကို ရှင်းပြတော့ပါတယ်။ ဒီလိုနဲ့ ကျနော်တို့ရဲ့ အရက် ၃၃-လုံးခွဲဝေရေး မဟောသဓာ တရားစီရင်ခန်းလည်း တခန်းရပ်ပြီး စခန်းတခုလုံး တဝါးဝါး-တဟားဟားနဲ့ ရယ်မောခဲ့ကြဖူးတာကို ကျနော် အမှတ်ရနေပါတယ်။

(၄) ခွပ်ဒေါင်း ယတြာ

တောထဲမှာကြုံခဲ့ရတဲ့အဖြစ်အပျက်အများစုဟာ စိတ်ညစ်စရာတွေဖြစ်ပေမယ့် လူတွေဟာ စိတ်ညစ်စရာကို သိပ်မမှတ်မိပဲ ရယ်စရာတွေကိုပဲ မှတ်မိနေတတ်သလားတော့ မပြောတတ်ပါ။

အဲဒီအကွဲ အပြဲကာလ ကျနော်မှတ်မိနေတဲ့ နောက်ထပ်ရယ်စရာတခုကတော့ ခွပ်ဒေါင်း-ယာတြာဖြစ်ပါတယ်။ တပ်ရင်းဆိုင်းဘုတ်မှာ ခွပ်ဒေါင်း ၂-ကောင်ကို မျက်နှာချင်းဆိုင်ဆွဲထားလို့ အချင်းချင်းခွပ်ကြတာ၊ ကျောင်းသားစခန်းဆီ ခွပ်ဒေါင်းအရှင်ကိုသယ်လာပြီး လာရောင်းလို့ ခွပ်ဒေါင်းတွေ ပြသာနာတက်တာဆိုတဲ့ ယတြာဆန်ဆန် ဖြစ်စဉ်တခုလဲ ကျနော်တို့စခန်းမှာဖြစ်ပွါးခဲ့ပါသေးတယ်။

ရှေ့အခန်းမှာဖေါ်ပြခဲ့တဲ့အတိုင်း အများသွားတောင်ကြားလမ်းထိပ်မှာ စိုက်ထူထားတဲ့ တပ်ရင်း ဆိုင်းဘုတ်ကို စာဖတ်သူတွေ အသေချာကြည့်မယ်ဆိုရင် ခွပ်ဒေါင်း ၂-ကောင်ဟာ ဘုန်းကြီးကျောင်းဝတွေမှာ မြင်ရလေ့ရှိတဲ့ ခြင်္သေ့နှစ်ကောင်လို မျက်နှာချင်းဖြစ်နေတာကို တွေ့ရနိုင်ပါတယ်။

ဒီအတွက် ဆိုင်းဘုတ်ရေးဆွဲတဲ့ ဒုရင်းမှုး ဆရာအောင်မြင့်ဆီ စွဲချက်ကရောက်လာပါလေရော။ “ဆရာ ခွပ်ဒေါင်းပုံ အဆွဲကောင်းလို့ ခွပ်ဒေါင်းတွေ အချင်းချင်း ခွပ်ကုန်ကြပြီ” ဆိုပြီး အားလုံးက ဆရာ့ကို ဝိုင်းစကြပါတယ်။ ဒီလို စတာကို မခံနိုင်တဲ့ ဆရာအောင်မြင့်ကလည်း အဲဒီဆိုင်းဘုတ်ကြီးကို ချက်ချင်းဖြုတ်ချပြီး ခွပ်ဒေါင်း ၂-ကောင်ကိုပြန်ဖျက်၊ ABSDF အမည်နဲ့ တပ်ရင်း နံပတ်လောက်ကိုပဲ ချန်ပြီး ပြန်ပြင်လိုက်ပါတယ်။

ဆိုင်းဘုတ်တွေနဲ့ပါတ်သက်ပြီး သတိရသလောက်ဆက်ပြောရမယ်ဆိုရင် အဲဒီကာလက ကျနော်တို့ ကျောင်းသားတွေဟာ ဘာလုပ်လုပ်၊ ဆိုင်းဘုတ်တင်တာကို အရင်ဆုံးလုပ်လေ့ရှိပါတယ်။ တပ်ရင်း အဝင်၀ ဆိုင်းဘုတ်၊ တပ်ရင်းရုံး ဆိုင်းဘုတ်၊ စာကြည့်တိုက် ဆိုင်းဘုတ်၊ စာသင်ကျောင်း ဆိုင်းဘုတ်၊ ဆေးခန်း ဆိုင်းဘုတ်၊ မွေးမြူရေးခြံ ဆိုင်းဘုတ်၊ ယုတ်စွအဆုံး စိုက်ခင်းထဲမှာ ဘာအပင်မှမစိုက်သေးခင် ”တပ်ရင်း စိုက်ပျိုးရေးခြံ” ဆိုတဲ့ ဆိုင်းဘုတ်ကို အရင်ဆုံး စိုက်တဲ့ခေတ်ပါ။

ဒီလိုနဲ့ စခန်းမှာ အထိုင်များတဲ့၊ စိတ်ရှည်သီးခံပြီး အားလုံးနဲ့တည့်အောင်ပေါင်းတတ်တဲ့ ဒုရင်းမှုးဆရာအောင်မြင့်ဟာ “ဆိုင်းဘုတ်ရေးတဲ့ ပန်းချီဆရာ” အဖြစ် အုန်းပင်တက်လက်မှတ် ရခဲ့ပေါ့။

ဆရာအောင်မြင့်ရဲ့ ဒေါင်းရုပ် ယာတြာကနေ ဒေါင်းအရှင် ဇါတ်လမ်းအကြောင်းကိုဆက်ရမယ်ဆိုရင် ကျနော်တို့ဘက်မလိုက်အဖွဲ့ဆီပါလာတဲ့ တပ်မှုးတဦးနဲ့ ဆွေမျိုးတော်စပ်သူတဦးဟာ မြန်မာနိုင်ငံက ရှားပါးတိရိစ္ဆန်တွေကိုသယ်ပြီး ထိုင်းမှာထွက်ရောင်းဖို့အတွက် ကျနော်တို့စခန်းဆီ ခေတ္တာရောက်နေပါတယ်။

ကံဆိုးပြီး တိုက်ဆိုက်မှုဖြစ်ချင်တော့ သူ ကျနော့်တို့ဆီမှာ အဲဒီလိုခေတ္တာတည်းခိုနေတဲ့ အချိန်ဟာ ကျနော်တို့ တပ်ရင်းကွဲတဲ့အချိန်နဲ့ ကွက်တိဖြစ်နေပါတယ်။ ကံကထပ်ဆိုးချင်တော့ သူသယ်လာတဲ့ရှား ပါးတိရိစ္ဆန်တွေက ဒေါင်းတွေချည်းဖြစ်နေပြန်ပါတယ်။

“ခင်ဗျားဗျာ၊ ကျောင်းသားစခန်းဆီလာပြီး ခွပ်ဒေါင်းတွေလာရောင်းရတယ်လို့” ဆိုပြီး သူ့ကို ကျနော်တို့ ဝိုင်းစကြတာကို ကျနော်မှတ်မိနေဆဲဖြစ်ပါတယ်။
………………………………………

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၂၉) >>>>>

ထက်အောင်ကျော်