မိုးကြောင့် တိုင်းအတွင်းက တောင်သူများအခက်တွေ့၊ ဆုံးရှုံးမှုများရှိ

0
3952

အချိန်အခါမဟုတ် ရွာသွန်းနေသည့်မိုးကြောင့် တောင်သူများ အခက်တွေ့နေကြရကြောင်း ဒေသခံတောင်သူများက ပြောသည်။

ပွင့်လင်းရာသီဖြစ်သည့် သီတင်းကျွတ်ကာလမှ နိုဝင်ဘာလကုန်အထိ မိုးရွာသွန်းခဲ့ပြီး ယခုဒီဇင်ဘာလတွင်လည်း မိုးရွာသွန်းမည်ဟု မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနတို့က ထုတ်ပြန်ထားသည်။

သရက်ချောင်းမြို့နယ်တွင် မကြာခဏ မိုးရွာနေသဖြင့် ကွမ်းသီးခွဲခြင်း၊ နေလှန်းခြင်းပြုလုပ် မရဖြစ်နေကြောင်း ဆင်းကူးကျေးရွာမှ ဒေသခံတောင်သူ ဒေါ်ဝင်းဝင်းခက်က ပြောသည်။

“ကွမ်းသီးလှန်းရတာလည်း အဆင်မပြေ၊ အလုပ်သမား ဈေးကလည်းကြီး၊ ကွမ်းသီး ဈေးကလည်း မရှိနဲ့ ဒီတစ်နှစ်မှာ ဒုက္ခဖြစ်တာ မပြောနဲ့တော့။ မိုးက နေ့တိုင်းရွာတယ်။ မနက်ပိုင်း တနပ်စာလှန်း၊ ၁၁ နာရီထိုးရင် ပလပ်စတစ်ပိုင်းတွေ ဝယ် ဖုံး၊ ဖုံးလို့ မခံတဲ့ဟာတွေက (စို) ရွဲ။ အဲဒီလိုဖြစ်နေတယ်ပေါ့” ဟု ဒေါ်ဝင်းဝင်းခက်က ဆိုသည်။

မိုးရေထိသည့် ကွမ်းသီးများမှာ အနီရောင်၊ အမည်းရောင်ဖြစ်သွားခြင်း၊ မှိုတက်ခြင်းတို့ ဖြစ်သဖြင့် တစ်ပိဿာလျှင် ငါးရာ ကျပ်ခန့် ဈေးကျသွားသည်ဟု ၎င်းက ပြောသည်။

မိုးကြောင့် ဆားကွင်းပြင်သည့် လုပ်ငန်းများကို ရပ်နားထားရကြောင်း ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်မှ ဆားလုပ်ငန်းရှင် ဦးသန်းဝင်းက ဆိုသည်။

“ဆားလုပ်တဲ့ သက်တမ်းတစ်လျှောက် ဒီနှစ်လောက် မိုးဖျက်တာ တခါမှ မကြုံဖူးသေးဘူး။ ခါတိုင်းဆို ဖျက်မိုးလာမယ်။ တစ်ရက်၊ နှစ်ရက်လောက် လာပြီး ပျောက်သွားတယ်။ အခုက ရက်ရှည်ကြီး၊ မိုးကာလလိုမျိုး ရွာနေတာ တခါမှ မကြုံဖူးသေးဘူး” ဟု ၎င်းက ပြောဆိုသည်။

ဆားက ပုံမှန်နှစ်ဆိုလျှင် ဒီဇင်ဘာလအတွင်း ထွက်ရှိသော်လည်း ယခုနှစ် ဒီဇင်ဘာလကုန်သည်အထိ ဆားထွက်ရှိနိုင်ဦးမည် မဟုတ်‌သဖြင့် ဆုံးရှုံးမှုများဖြစ်ပေါ်နေကြောင်း ၎င်းက ဆိုသည်။

“တိုင်းပြည်ကလည်း ကံဆိုးမိုးမှောင်ကျတဲ့အချိန် ရာသီဥတုကလည်းဖျက်၊ လူတွေလည်း ဒုက္ခရောက်” ဟု ဦးသန်းဝင်းက ပြောသည်။

အလားတူ ရော်ဘာလုပ်ငန်းများလည်း နားထားရသည်ဟုဆိုသည်။

မိုးကာလကဲ့သို့ မိုးရွာနေသဖြင့် ရော်ဘာခြစ်မရဘဲ နားနေရသည့်ရက်က ပိုများနေကြောင်း သရက်ချောင်းမြို့နယ် စော်ဖျားရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“ကျွန်မတို့မှာ အခြေအနေလေး အေးနေတုန်းသွားခြစ်ရတာ။ တော်ကြာ တိုက်ပွဲဖြစ်ဘာဖြစ်ဆို ခြစ်မရတော့ဘူး။ အခု အခြေအနေလေးအေးတုန်း ခြစ်ခါမှ မိုးက ရွာနေတော့ ဘာမှလုပ်လို့မရဘူး” ဟု ၎င်းက ဆိုသည်။

တစ်ရက်လျှင် ရော်ဘာ ခုနစ်ပြားခန့်ရရှိသဖြင့် တစ်ရက် မခြစ်ရပါက ငွေကျပ် နှစ်သောင်းခန့်ဆုံးရှုံးသည်ဟု ၎င်းက ပြောဆိုသည်။

လယ်ယာလုပ်ငန်းတွင်လည်း မိုးကြောင့် အထိနာနေကြောင်း လယ်သမားများက ပြောသည်။

“မိုးရွာတယ်ဆိုတော့ ဘယ်လိုမှ အလုပ်လုပ်လို့မရဘူး။ ဆုံးတာနဲ့ ရှုံးတာနဲ့ အရမ်းကိုဖြစ်ကုန်ပြီ။ (မှည့်ကြွေစပါးတွေ) ရေစိမ်ကုန်တာနဲ့ အားလုံး ချည်ဖတ်ဖြစ်ကုန်ပြီ” ဟု ထားဝယ်မြို့၊ ဥဿရံရပ်ကွက်မှ လယ်သမား ဦးကျော်ကျော်လင်းက ဆိုသည်။

လယ်ကွင်းအတွင်း မိုးရေရှိနေပြီး ရိတ်သိမ်းပြီးလျှင် စပါးများကို စုပုံရန်မြေနေရာ မရှိဖြစ်နေခြင်းကြောင့် လုပ်ငန်းများ ရပ်နားထားရကြောင်း ၎င်းက ပြောသည်။

အမှည့်လွန်ပြီး ကြွေကျကုန်သဖြင့် စပါးအထွက်နှုန်းလည်း လျော့ကျသွားသလို မိုးဒဏ် လေဒဏ်ကြောင့် လဲကျကုန်သည့် စပါးပင်များကို ရိတ်သိမ်းရာတွင်လည်း အချိန်ပိုကြာသဖြင့် ရိတ်ခြွေခ ပိုပေးရနိုင်ကြောင်း တောင်သူ လယ်သမားအချို့က ပြောဆိုကြသည်။