တိုင်းအတွင်း ဒီဇင်ဘာလတွင်လည်း မိုးရွာဦးမည်

0
3978

တနင်္သာရီတိုင်းအတွင်း မြို့နယ်များတွင် နိုဝင်ဘာလအတွင်းက မိုးရက်ဆက်ရွာသွန်းခဲ့ပြီး ယခု ဒီဇင်ဘာလ ၁၀ ရက်နေ့အထိလည်း မိုးရွာဦးမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနတို့က ထုတ်ပြန်ထားသည်။

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်း တစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီး အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ ဒီဇင်ဘာလ ၁ ရက်တွင် ထုတ်ပြန်ထားသည်။

ထို့ကြောင့် တနင်္သာရီတိုင်းတွင် ဒီဇင်ဘာလ ၁ ရက်မှ ၁၀ ရက်နေ့အထိ လေးရက်မှ ခြောက်ရက်ခန့် ရွာသွန်းမြဲထက် မိုးထစ်ချုန်းရွာနိုင်ကြောင်း ထုတ်ပြန်သည်။

ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက ထားဝယ်၊ လောင်းလုံး၊ သရက်ချောင်း၊ ရေဖြူမြို့နယ်ရှိဒေသအများအပြားတွင် မိုးရက်ဆက်ရွာသွန်းခဲ့သလို မြိတ်နှင့် ကော့သောင်းတို့တွင်လည်း၏ နှစ်ရက်၊ သုံးရက်ခြား မိုးရွာခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“ဒီနေ့ဆိုလည်း မိုးနည်းနည်း နည်းနည်းရွာနေတယ်။ မနေ့ညကလည်း မိုးရွာတယ်” ဟု ကော့သောင်းမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ထားဝယ်တွင် နိုဝင်ဘာလ ၃၀ ရက် ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး လောင်းလုံးမြို့နယ်တွင်လည်း မိုးသည်းထန်စွာရွာခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။

နိုဝင်ဘာလတွင် မိုးမပြတ်ရွာသွန်းနေသဖြင့် စပါးရိတ်သိမ်းမရဖြစ်နေပြီး အမှည့်လွန်သည့် စပါးများမှာ ကြွေကျပြီး အပင်များပင် ပေါက်ကုန်ပြီဖြစ်ကြောင်း ထားဝယ်မြို့၊ ဥဿရံရပ်ကွက်မှ လယ်သမား ဦးကျော်ကျော်လင်းက ပြောသည်။

“ပြန်ကြီးကျွန်းမှာလည်း မနေ့က မိုးရွာလိုက်တာ မနည်းဘူး” ဟု ၎င်းက ဆိုသည်။

ပြန်ကြီးကျွန်းမှာ လောင်းလုံးမြို့နယ်က ကျွန်းတစ်ခုဖြစ်ပြီး ယင်းကျွန်းတွင် ၎င်းအပါအဝင် တောင်သူများ လယ်လုပ်ငန်း လုပ်ကိုင်ကြကြောင်း ဦးကျော်ကျော်လင်းက ပြောဆိုသည်။

အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ၏ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း တနင်္သာရီတိုင်း အတွင်း ဒီဇင်ဘာလ ၁ ရက်မှ ၄ ရက်အထိ မိုးရွာနိုင်ကြောင်း နိုဝင်ဘာလ ၂၈ ရက်က ထုတ်ပြန်ထားသည်။

ထိုင်းပင်လယ်ကွေ့မှ အစပျိုးဖြစ်ပေါ်လာသော လေပွေလှိုင်းသည် ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းသို့ရောက်ရှိလာပြီး လေဖိအားနည်းရပ်ဝန်းတစ်ခုအဖြစ်သို့ ရောက်ရှိနိုင်ကြောင်း ဖော်ပြသည်။

မုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိလာပါက သီရိလင်္ကာကမ်းခြေသို့ ဦးတည် ရွေ့လျားနိုင်ကြောင်း အထက်ပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တနင်္သာရီတိုင်း အပါအဝင် ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင် ဒီဇင်ဘာ ၁ ရက်နေ့မှ ၄ ရက်နေ့အထိ နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ပြီး ကျန်ဒေသများတွင် တိမ်အသင့်အတင့်ဖြစ်ပေါ်နိုင်ကြောင်း ထုတ်ပြန်ထားသည်။