ထိုင်းတွင် MoU တရားဝင်မြန်မာလုပ်သားများ လိုက်ပါလာသည့်ကားတိမ်းမှောက်၊ သုံးဦးသေဆုံး

0
3304

ထိုင်းနိုင်ငံ တာခ့်ခရိုင်တွင် နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ (MoU) စနစ်ဖြင့် တရားဝင် ဝင်ရောက်လာသည့် မြန်မာအလုပ်သမားများကို တင်ဆောင်လာသော ဘတ်စ်ကားတစ်စီး တိမ်းမှောက်သဖြင့် အနည်းဆုံးလူ သုံးဦး သေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

နိုဝင်ဘာလ ၂၉ ရက် ည ၉ နာရီခန့်တွင် တာခ့်ခရိုင် မဲဆောက်မြို့မှ တာခ့်မြို့သို့သွားသော အမြန်လမ်းမကြီးပေါ်ရှိ တောင်ဆင်းလမ်းတစ်နေရာတွင် တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း ရေးသားထားသည်။

မြန်မာအလုပ်သမားများကို မြဝတီ-မဲဆောက်နယ်စပ်ဂိတ်မှတစ်ဆင့် ထိုင်းနိုင်ငံအတွင်းသို့ ကားဖြင့် တင်ဆောင်လာခြင်း ဖြစ်သည်။

ကားပေါ်တွင် မြန်မာအလုပ်သမား ၄၅ ဦး၊ ကားမောင်းသူတစ်ဦးနှင့် အကူတစ်ဦး စုစုပေါင်း ၄၇ ဦးတို့ လိုက်ပါလာခဲ့ကြောင်း ဖော်ပြသည်။

ကားတိမ်းမှောက်မှုကြောင့် ကားမောင်းသူနှင့် မြန်မာအလုပ်သမားနှစ်ဦးတို့ သေဆုံးခဲ့ပြီး ၄၄ ဦး ဒဏ်ရာရရှိကြောင်း သတင်းများတွင် ရေးသားထားသည်။

ကားသမားများနှင့် မြန်မာအလုပ်သမားများမှာ ကားထဲတွင် ပိတ်မိနေသဖြင့် ကယ်ဆယ်ရေးအဖွဲ့များက ဖြတ်စက်များအသုံးပြုကာ တစ်ဦးချင်းစီ ကယ်ထုတ်ခဲ့ရကြောင်း ဖော်ပြသည်။

သေဆုံးနှင့် ဒဏ်ရာရရှိသူများကို တာ့စိန်မဟာရတ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ပြသည်။

ကားသမားသည် လမ်းကြောင်းအနေအထားကို ကျွမ်းကျင်မှုမရှိဟု ယူဆရပြီး ကားသည် ဘရိတ်ပေါက်ကာ အရှိန်မထိန်းနိုင်တော့ဘဲ လမ်းဘေးတောင်ကုန်းကို ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သတင်းများတွင် ရေးသားထားသည်။

ကားတိမ်းမှောက်သောနေရာသည် တောင်ဆင်းဖြစ်ရာ အန္တရာယ်များသဖြင့် အရှိန်လွန်မောင်းနှင်ခြင်းမပြုကြရန် သတိပေးချက်များ ထုတ်ထားသောနေရာဖြစ်ပြီး ကားမတော်တဆမှုကြောင့် မကြာခဏ လူသေဆုံးဒဏ်ရာရရှိခဲ့သော နေရာဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

Ref: Matichon Online, MGR Online