ထားဝယ်တွင် ခရီးသည်တင်ယာဉ်တိမ်းမှောက်၍ တစ်ဦးသေ၊လေးဦးဒဏ်ရာရ

0
4942

ထားဝယ်မြို့အနီး ဇဟာရွာအဝင် လမ်းပိုင်းတစ်နေရာတွင် နိုဝင်ဘာလ ၃၀ ရက် ညနေပိုင်းက မော်တော်ယာဉ် တိမ်းမှောက်မှုဖြစ်ပွားရာ ခရီးသည် အမျိုးသမီး ငါးဦးအနက် လေးဦးဒဏ်ရာရရှိပြီး တစ်ဦးသေဆုံးခဲ့သည်ဟု ဇမ္ဗူသီရိအရေးပေါ်လူနာ ကူညီသယ်ဆောင်ရေးအဖွဲ့ထံမှသိရသည်။

ယနေ့ ညနေ‌ လေးနာရီဝန်းကျင်ခန့်တွင် မော်လမြိုင်မြို့မှ ထားဝယ်မြို့သို့ ယာဉ်မောင်းနှင့် ယာဉ်ပိုင်ရှင်အပါအဝင် စုစုပေါင်း လူခုနှစ်ဦးလိုက်ပါလာသော အံစာတုံးအမျိုးအစား မော်တော်ယာဉ်တစ်စီးသည် ထားဝယ်မြို့အဝင် ဇာဟာရွာလမ်းပိုင်းတစ်နေရာ‌တွင် လမ်းဘေးထိုးကျကာ တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

သေဆုံးသူမှာ ထားဝယ်ခရိုင် မေတ္တာမြို့နယ် ဖောင်းတောရွာသူ အသက် ငါးဆယ်အရွယ်ရှိအမျိုးသမီး ဖြစ်သည်ဟု ယင်းအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်မျိုးသွင်ကပြောသည်။

“ကျွန်တော်တို့ ရောက်သွားချိန်မှာတော့ ကားက လမ်းဘေးထိုးကျနေတယ်။ မိုးကလည်း ရွာနေတာပေါ့နော လမ်းချော်တဲ့ အနေထားရှိတယ် သေဆုံးသူအမျိုးသမီးကတော့ ကားအောက်ပိနေတာ မနည်း ဆွဲထုတ်ရတယ်”ဟု ၎င်းကပြောသည်။

အဆိုပါမော်တော်ယာဉ်မှာ မော်လာမြိုင်အခြေစိုက် ထွန်းမြင့်မိုရ် ယာဉ်လိုင်းမှ ခရီးသည်တင်ယာဉ်ဖြစ်ပြီး ကျပ်ငွေ တစ်သိန်းခွဲဖြင့် စီးလုံးဖြတ် အငှားလိုက်လာကြောင်း ယင်းမော်တော်ယာဉ်ပိုင်ရှင် အမျိုးသမီးကပြောသည်။

အဆိုပါမော်တော်ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးသူအမျိုးသမီးနှင့် ဒါဏ်ရာရသူ အမျိုးသမီးလေးဦးတို့အား ဇမ္ဗူသီရီ အဖွဲ့၊ ထားဝယ်ခရိုင်မီးသတ်တပ်ဖွဲ့၊ ဇာဟာအားမာန် ပရဟိတအဖွဲ့နှင့် ရင်ခုန်သံပရဟိတာအဖွဲ့တို့ပူးပေါင်း၍ ထားဝယ်ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားခဲ့သည်ဟု ဇမ္ဗူသီရိ အဖွဲ့ထံမှသိရသည်။