ဗိုလ်မှူးတစ်ဦး၏ အလောင်းကိုလာယူသည့် စစ်ကောင်စီကား မိုင်းဆွဲခံရ

0
4090

ဗိုလ်မှူးတစ်ဦး၏ ရုပ်အလောင်းကို သွားယူသည့် စစ်ကောင်စီတပ်ကား သရက်ချောင်းမြို့နယ် ဝဲရစ်နှင့် ကမြိုင်ရွာကြားတွင် မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ဒေသခံအချို့က ပြောသည်။

မြိတ်မှ ထားဝယ်ဘက်ကို ရွှေလီရတနာခရီးသည်ကားပေါ်တွင် အရပ်ဝတ်ဖြင့် လိုက်ပါလာသည့် ကြည်းတပ်မှ ဗိုလ်မှူး ဝင်းဌေးနိုင်ကို ဘုတ်တောင်၌ နိုဝင်ဘာလ ၂၆ ရက် ည ၇နာရီခွဲခန့်တွင် ဖမ်းမိကြောင်း ကစယ်ဒိုဖက်ဒရယ်စစ်ကြောင်း က ထုတ်ပြန်ထားသည်။

ဗိုလ်မှူးဝင်းဌေးနိုင်မှာ အမှတ် (၁၂) တပ်မတော် တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းမှ လမ်းကြုံလိုက်လာသူ ဖြစ်ပြီး စစ်ဆေးမေးမြန်းနေစဉ် ပြန်လည်ခုခံရန်ကြိုးစားခဲ့သဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု ယင်းအဖွဲ့က နိုဝင်ဘာ ၂၉ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

ဘုတ်တောင်အနီးတွင် ထားခဲ့သည့် ဗိုလ်မှူးဝင်းဌေးနိုင်၏ ရုပ်အလောင်းကို နိုဝင်ဘာလ ၂၉ ရက် နေ့လယ်ပိုင်းက စစ်တပ်ကားနှင့် အရေးပေါ်ကားတစ်စီးတို့ဖြင့် လာယူပြီးအပြန် မွန်းလွဲ ၁ နာရီခန့်တွင် မိုင်းဆွဲတိုက်ခိုက်ခံရခြင်း ဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

အလောင်းသယ်လာသည့် စစ်တပ်ကားနှစ်စီးကို မိုင်းသုံးလုံးဖောက်ခွဲတိုက်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှု ၁၀ မိနစ်ခန့် ဖြစ်ပွားခဲ့ကြောင်း ပုတီးတစ်လုံးပြောက်ကျားတပ်ဖွဲ့က နိုဝင်ဘာလ ၂၉ ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။

မိုင်းဆွဲတိုက်ခိုက်မှုဖြစ်စဉ်တွင် စစ်ကောင်စီတပ်ဘက်က လေးဦး သေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို ပုတီးတစ်လုံးပြောက်ကျားတပ်ဖွဲ့၊ ကျားရိုင်းပြောက်ကျားတပ်ဖွဲ့၊ ဂဠုန်မင်းပြောက်ကျားတပ်ဖွဲ့နှင့် အဖြူရောင်ရိန်းဂျားပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရုပ်အလောင်းသွားယူရန် အရပ်ဖက်က ကားအချို့ကို ခေါ်ယူခြင်းရှိခဲ့ကြောင်း ဒေသခံအချို့က ဆိုသည်။

စစ်ကာင်စီတပ်ကားမှာ လမ်းဘယ်ဖက်ခြမ်းမှ မောင်းနှင်လာသည်ကို တွေ့ရပြီး မိုင်းဆွဲတိုက်ခိုက်ခံရသဖြင့် ကားအောက်ပိုင်း ထိခိုက်ပျက်စီးမှုရှိကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

မိုင်းဆွဲမှုကြောင့် ထိခိုက်မှု အခြေအနေနှင့်ပတ်သက်၍ Dawei Watch အနေဖြင့် သီးခြားအတည် မပြုနိုင်သေးပေ။