တိုက်ပွဲရက်ဆက်ဖြစ်လာပြီးနောက် ပုလောရွာအချို့ ဧည့်သည်လက်မခံရဲဖြစ်လာ

0
3589

တိုက်ပွဲနေ့စဉ်နှင့်အမျှ ဖြစ်ပွားနေသည့် ပုလောမြို့နယ် ကျေးရွာအချို့တွင် ညအိပ်ဧည့်သည် လက်မခံရဲတော့သည့် အခြေအနေဖြစ်လာကြောင်း ဒေသခံများထံမှ သိရသည်။

ပုလောမြို့နှင့် ပလမြို့နယ်ခွဲကြားရှိ ကျေးရွာများအနီးတစ်ဝိုက်တွင် နိုဝင်ဘာလအတွင်း ပစ်ခတ်တိုက်ခိုက်မှုများ၊ မိုင်းဆွဲတိုက်ခိုက်မှုများ ခပ်စိပ်စိပ်ဖြစ်ပေါ်လာနေပြီး ယင်းမြို့အနီးရှိ ကျေးရွာအချို့တွင် စစ်ကောင်စီက ဝင်ရောက် ရှာဖွေ စစ်ဆေးမှုများပြုလုပ်ကြောင်း ဒေသခံများက ပြောသည်။

ပလမြို့သည် ပုလောမြို့၏ တောင်ဖက်တွင်ရှိသည်။

ယင်းသို့ စစ်ဆေးရာတွင် ဧည့်သည်လက်မခံရန်၊ လက်ခံလျှင် အိမ်ရှင်ပါ အမှုပတ်မည် စသဖြင့် ပြောဆိုသတိပေးမှု များ ရှိကြောင်း ဒေသခံများက ဆိုသည်။

ယင်းနောက် ဧည်သည့်များကို နေထိုင်ခွင့်ပြုရန် စိုးရိမ်ထိတ်လန့်နေကြကြောင်း ဒေသခံများထံ မေးမြန်းချက်အရ သိရသည်။

“ရွာခံကလွဲပြီး ဧည့်သည်နေထိုင်ခွင့် မပေးတော့ဘူး။ မောင်နှမသားချင်း လာနေတာတောင် မရတော့ဘူး” ဟု ပုလောမြို့အနီးနေ ကျေးရွာဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ပလမြို့ခံများမှာလည်း ဧည့်သည်ကြောင့် အမှုပတ်မည်ကို စိုးရိမ်နေကြကြောင်း မြို့ခံများက ပြောဆိုသည်။

“ကဒဲနဲ့ ပဝတ်ကုန်းသားတွေကို အဓိကထားပြီး ရှာဖွေစစ်ဆေးဖမ်းဆီးတာမျိုးတွေလုပ်လာတော့ အိမ်ရှင်တွေက အမှုပတ်မှာကြောက်ပြီး ဧည့်သည်တွေကို ပြန်နှင်ထုတ်ကြတာလည်းပါတယ်။ သီးသန့်ကြီးတော့ ဧည့်သည်တိုင်းကို လိုက်လွှတ်တာ မဟုတ်ဘူး” ဟု ပလမြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

နိုဝင်ဘာလ ၂၅ ရက်က ပလမြို့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနေအိမ် ဗုံးဖောက်ခွဲခံရပြီး ပြည်သူအများအပြား ဖမ်းဆီး စစ်ရေးခံရကာ ပြန်လွတ်လာသူများရှိသလို ဆက်လက်ဖမ်းဆီးခံထားရသူများလည်း ရှိကြောင်း မြို့ခံအချို့က ပြောဆိုသည်။

နိုဝင်ဘာလအတွင်း ပုလောမြို့နယ် ကျေးရွာများအနီးတစ်ဝိုက်တွင် တိုက်ပွဲ၊ ပစ်ခတ်မှုနှင့် မိုင်းဆွဲတိုက်ခိုက်မှုများ ခပ်စိပ်စိပ်ဖြစ်လာပြီး ဒေသခံများမှာလည်း ဘေးလွတ်ရာမြို့များနှင့် ကျေးရွာများသို့ ပြောင်းရွှေ့နေထိုင်နေရသည်။

နိုဝင်ဘာလ ၂၅ ရက်ကလည်း ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်များက ပုလောမြို့အခြေစိုက် (၂၈၅) ကို ပထမဆုံး အကြိမ် လာရောက်တိုက်ခိုက်ခဲ့သေးကြောင်း ပုလောဒေသကာကွယ်ရေးအဖွဲ့ PRDF က ထုတ်ပြန်ထားသည်။