တနင်္သာရီတိုင်းတွင် စစ်ဘေးရှောင် တစ်သောင်းကျော်ရှိ၊ အခက်အခဲများစွာကြုံနေရ

0
3807

တနင်္သာရီတိုင်းတွင် စစ်ဘေးရှောင် တစ်သောင်းကျော်ရှိနေပြီး စားဝတ်နေရေး၊ ကျန်းမာရေးစသဖြင့် အခက်အခဲ များစွာကြုံတွေ့နေရကြောင်း ဒေါနတနင်္သာရီ-စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့ထံက သိရသည်။

အာဏာသိမ်းပြီးနောက် ဖြစ်ပွားလာသည့် လက်နက်ကိုင် ပဋိပက္ခများကြောင့် ထားဝယ်ခရိုင်၌ ‌ရေဖြူမြို့နယ်တွင် စစ်ဘေးရှောင် ၁၀၀၀ ခန့်၊ ထားဝယ်မြို့နယ်တွင် ၁၅၀ ခန့်၊ လောင်းလုံးမြို့နယ် တွင် ၂၀၀ ခန့်၊ သရက်ချောင်း မြို့နယ်တွင် ၁၅၀ ခန့်ရှိကြောင်း အထက်ပါအဖွဲ့က ကောက်ယူထားသည့် စာရင်းများအရ သိရသည်။

မြိတ်ခရိုင်၌ ပုလောမြို့နယ်တွင် ၅၀၀၀ ခန့်၊ တနင်္သာရီမြို့နယ်တွင် ၃၀၀၀ ခန့်ရှိကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

လောင်းလုံးနှင့် တနင်္သာရီမြို့နယ်တို့က စစ်ဘေးရှောင်ဦးရေကို သီးခြားကောက်ယူထားခြင်း မဟုတ်ဘဲ တိုက်ပွဲ သတင်းနှင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ရသည့် သတင်းမျာကို အခြေခံကာ ကောက်ယူထားခြင်းဖြစ်ကြောင်း အထက်ပါအဖွဲ့မှ တာဝန်ရှိသူအမျိုးသားတစ်ဦးက ပြောသည်။

ထားဝယ်မြို့နယ် အရှေ့တောဒေသ၊ ရေဖြူမြို့နယ် ကလုံးထာ၊ ဧကနိ၊ သစ်ကတုံး၊ ထန်းတလုံး၊ လေးအိမ်စု၊ ရေပုန်း စသည့်ကျေးရွာများ၊ သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်နှင့် စော်ဖျားရွာ၊ လောင်းလုံးမြို့နယ် ညောပြင် ရွာရှိ ဒေသခံများ စစ်ဘေးရှောင်နေရကြောင်း ဒေသခံများနှင့် စစ်ဘေးရှောင်အရေးကူညီပေးနေသူတို့ထံမှ သိရသည်။

တနင်္သာရီမြို့နယ်တွင် လယ်သစ်၊ ဗောဓိကမ်း၊ ထုံခါ၊ ဘန်လော၊ ညောင်ပင်ကွင်း၊ ခြောက်မိုင်၊ အနောက်မော်တုံး၊ ဇဝဲနှင့် ပုလောမြို့နယ်တွင် ကဒဲ၊ သကန်းတော၊ ပဝတ်ကုန်း၊ နန်းတောင်၊ ဂျက်ဂါ၊ ကျောင်းနိမ့်၊ ပိန္နဲပင်ရှောင် စသည့် ကျေးရွာများက ဒေသခံများ တိမ်းရှောင်နေရကြောင်း ၎င်းတို့ထံမှ သိရသည်။

ပုလောမြို့နယ်တွင်သာ စစ်ဘေးရှောင်စခန်း ဖွင့်လှစ်ထားရှိပြီး ပုလောစစ်ဘေးရှောင်စခန်းတွင် လာရောက် ခိုလုံနေ သည့် စစ်ဘေးရှောင်ဦးရေမှာ ၂၀၀၀ ခန့်ရှိကြောင်း ဒေါနတနင်္သာရီ-စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။

“ပုလောမြို့နယ်ထဲမှာတောင် အခုလောလောလတ်လတ် တိုက်ပွဲဖြစ်တဲ့ ရွာတွေကနေ ထွက်ပြေးလာတဲ့ စစ်ရှောင် တွေဟာ စစ်ရှောင်စခန်းကို မရောက်ရှိလာသေးဘဲ ပြန့်ကြဲပြီးတော့ တောတောင်ဥယျာဉ်ထဲမှာ သော်လည်းကောင်း နီးစပ်ရာမြို့တွေဆီကို ထွက်ပြေးတိမ်းရှောင်နေရတာရှိပါတယ်” ဟု ၎င်းက ဆိုသည်။

ကျန်သည့် မြို့နယ်များတွင် စစ်ဘေးရှောင်စခန်းဟု သီးသန့်မရှိဘဲ ယာယီစခန်းများတွင် အုပ်စုအလိုက် စစ်ဘေးရှောင် သူများရှိပြီး နီးစပ်ရာကျေးရွာများရှိ ဆွေမျိုးမိတ်ဆွေများထံ ခိုလုံသူရှိသလို တောတောင်ဥယျာဉ်များတွင် ယာယီတဲများ ထိုးကာ နေထိုင်ကြသူများလည်းရှိကြောင်း ၎င်းက ပြောဆိုသည်။

စစ်ဘေးရှောင်များတွင် ယာယီစစ်ဘေးရှောင်သူနှင့် အမြဲတမ်း စစ်ဘေးရှောင်သူဟု နှစ်မျိုး ရှိသည်။ မလုံခြုံမှုကြောင့် ပြည်ပသို့ မိသားစုလိုက်ထွက်ခွာသွားသူများလည်းရှိသည်။

စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာသည့်အချိန်နှင့် တိုက်ပွဲဖြစ်ပွားချိန်တွင် နီးစပ်ရာ တောတောင်၊ ဥယျာဉ်၊ ကျေးရွာ၊ မြို့ပေါ်သို့ ယာယီတိမ်းရှောင်ကြရပြီး အခြေအနေတည်ငြိမ်လျှင် နေရပ်ပြန်လာကြသူများကို ယာယီ စစ်ဘေး ရှောင်ဟု စစ်ရှောင်အရေး ကူညီနေသူတို့က ပြောသည်။

တိုက်ပွဲ မကြာခဏဖြစ်ပွားခြင်း၊ နေအိမ်များ မီးရှို့ဖျက်ဆီးခံရခြင်း၊ တပ်စွဲထားခြင်း စသည်တို့ကြောင့် နေရပ်ကို လုံးဝ မပြန်နိုင်ဖြစ်နေသူများကို နေရပ်မပြန်နိုင်သည့် အမြဲတမ်း စစ်ဘေးရှောင်ဟု ၎င်းတို့က ဆိုသည်။

တနင်္သာရီတိုင်းတွင် အမြဲတမ်းစစ်ဘေးရှောင် နှစ်ထောင်ကျော် ရှိနိုင်ကြောင်း ဒေါနတနင်္သာရီ-စစ်ဘေး ရှောင်များ အထောက်အကူပြုရေးအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

“(စစ်ရှောင်ဒေသခံတွေ) သူတို့မှာ အဓိကတွေ့ရတဲ့ အချက်က စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု မရှိတော့ဘူးပေါ့နော်။ ဘယ်လို မျိုးလဲဆိုရင် ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးစသဖြင့် ကိစ္စတခုခုကြောင့် စစ်တပ်ရှိတဲ့ နေရာ ဒါမှမဟုတ် မြို့ပေါ်ကို သွားရတော့မယ့်အကြောင်းဖန်လာရင် သူတို့ လုံးဝ မသွားရဲကြတော့ဘူး” ဟု ၎င်းက ပြောသည်။

ပွင့်လင်းရာသီတွင် တနင်္သာရီတိုင်းရှိ ဒေသခံပြည်သူများမှာ ကွမ်းသီးနှင့် ရော်ဘာထုတ်လုပ်ကြသည့် အချိန်ဖြစ်သည်။

တိုက်ပွဲဖြစ်ပွားနေသည့် နေရာများ၊ မကြာခဏ စစ်ကြောင်းထိုးနေသည့် နေရာများ၊ နယ်မြေမအေးချမ်းသည့် ဒေသမှ ဒေသခံပြည်သူများနှင့် စစ်ဘေးရှောင်များမှာ မလုံခြုံမှုကြောင့် ဥယျာဉ်ခြံမြေ လုပ်ငန်းများ၊ သက်မွေးဝမ်းကျောင်း လုပ်ငန်းများကို မလုပ်နိုင်ကြကြောင်း ဒေသခံများနှင့် စစ်ဘေးရှောင်အရေး ကူညီနေသူများက ဆိုသည်။

“ကိုယ့်အသက်ထက်လည်း ဘာမှ အရေးမကြီးဘဲ” ဟု လောင်းလုံးမြို့နယ်မှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ဘေးရှောင်များ စားရေးသောက်ရေးအတွက် ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်၊ ငါးသေတ္တာ၊ ငါးခြောက်၊ ဆေးဝါးအချို့ စသည်တို့ကိုသာ လှူဒါန်းပေးနိုင်ကြောင်း စစ်ဘေးရှောင်အရေး ကူညီနေသည့်အဖွဲ့များထံမှ သိရသည်။

ထို့ကြောင့် အာဟာရပြည့်ဝအောင် စားသောက်နိုင်မှု မရှိခြင်း၊ ဆေးဝါးလိုအပ်ချက်၊ ကုသရေးပိုင်းတွင် ကျွမ်းကျင်သူ ဆရာဝန်နှင့် သူနာပြု လုံလောက်စွာ မရှိခြင်း စသည့် လိုအပ်ချက်များရှိနေကြောင်း အဆိုပါအဖွဲ့များထံမှ သိရသည်။

“စစ်ရှောင်တွေရဲ့ ကျန်းမာရေးအခက်အခဲသည် ဆေးဝါးရော ကုသမှုအပိုင်းကျွမ်းကျင်သူရော နှစ်ပိုင်းစလုံးတွေ့ရ တယ်။ ဒီအတွက်ကြောင့် သူတို့သည် ဆေးမြီးတိုတွေ၊ ဒေသခံ ဆေးဆရာတွေ၊ နည်းနည်းတတ်ကျွမ်း နားလည် သူတွေရဲ့ ဗဟုသုတတွေ အဲဒါတွေနဲ့ပဲ အားကိုးပြီးတော့ ကျန်းမာရေးကိစ္စကို ဖြေရှင်းနေရပါတယ်” ဟု ဒေါနတနင်္သာရီ-စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်က ဆန်နှင့် ဆေးဝါးသယ်ယူခြင်းကို ဂိတ်များတွင် တင်းတင်းကျပ်ကျပ် စစ်ဆေးနေသလို အဝင် အထွက် လမ်းကြောင်းများကိုလည်း ပိတ်ဆို့ စစ်ဆေးမှုများ ပြုလုပ်နေခြင်းကြောင့် စစ်ဘေးရှောင်ပြည်သူများ အတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးများကို သယ်ယူပို့ဆောင်ပေးရသည့်နေရာတွင် များစွာအခက်အခဲရှိကြောင်း ဒေသခံများနှင့် စစ်ရှောင်အရေး ကူညီပေးနေသူအချို့က ပြောဆိုသည်။