ထိုင်းတွင် မြန်မာအချင်းချင်း မဖွယ်မရာလုပ်ရန်ကြံသူကို အမျိုးသမီးဖြစ်သူက ဓားဖြင့်ပြန်ခုခံ

0
4313

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် မြန်မာလူမျိုးအချင်းချင်း မဖွယ်မရာပြုလုပ်ရန်ကြံစည်သော အမျိုးသားကို အမျိုးသမီးဖြစ်သူက ဓားဖြင့်ပြန်လည်ခုခံခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

မြန်မာအမျိုးသမီးဖြစ်သူက ရုန်းကန်ခဲ့ပြီးနောက် လက်တွင်ပါလာသော မီးဖိုချောင်သုံးဓားဖြင့် ခုခံသဖြင့် အသက် ၂၃နှစ်အရွယ် မောင်ထင်နိုင်ဆိုသူ၏ ဝမ်းဗိုက်နှင့် ဘယ်ဘက်လက်မောင်းကို ဒဏ်ရာရကြောင်း ရေးသားထားသည်။

ဘန်ကောက်မြို့အနီး ဘန်ဘောနယ်မြေတွင် နိုဝင်ဘာလ ၂၆ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က မြန်မာလူမျိုးများ နေထိုင်ရာ အငှားတိုက်တစ်လုံးတွင် ယင်းသို့ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

ပလက်စတစ်စက်ရုံတွင် လုပ်ကိုင်သည့် အသက် ၂ဝအရွယ် မြန်မာအလုပ်သမား အမျိုးသမီးသည် အစ်ကိုဖြစ်သူနှင့် အတူ နေထိုင်ခြင်းဖြစ်သည်။

၎င်းတို့တွင် သားငါးနှင့် ဟင်းသီးဟင်းရွက်များကို တစ်လွှာတည်းရှိ အစ်ကိုဖြစ်သူ၏ သူငယ်ချင်း အခန်းထဲက ရေခဲသေတ္တာတွင် ထားလေ့ရှိကြောင်း သတင်းတွင်ရေးသားသည်။ 


အခင်းဖြစ်သည့်နေ့က အလုပ်နားရက်ဖြစ်သဖြင့် မြန်မာအမျိုးသမီးသည် မွန်းလွဲပိုင်းတွင် ထမင်းဟင်းချက်ရန် တစ်လွှာတည်းရှိ အဆိုပါအခန်းမှ ဝက်သားနှင့် အသီးအရွက်များ သွားယူခဲ့ကြောင်း ဖော်ပြသည်။

အစ်ကိုဖြစ်သူ အလုပ်သွားချိန်တွင် သူငယ်ချင်းဖြစ်သူ၏ အခန်းသော့ကို နှမဖြစ်သူကို ပေးထားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ယင်းသို့သွားယူစဉ် ပေါင်မုန့်စက်ရုံမှ အလုပ်လုပ်ကာ ပြန်လာသည့် မောင်ထင်နိုင် အခန်းထဲတွင် ရှိနေခဲ့ပြီး အဆိုပါအမျိုးသမီးကို အတင်းချုပ်ကာ အိပ်ယာပေါ်သို့ ဆွဲခေါ်၍ မဖွယ်မရာ ပြုကျင့်ရန် ကြိုးစားခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။

အခင်းဖြစ်ပွားမှုကို မြန်မာအမျိုးသမီး၏ သူငယ်ချင်းဖြစ်သူက ရဲစခန်းသို့ အကူညီတောင်းခံသဖြင့် ဘန်ခွန်ထီးယန်ရဲစခန်းက သွားရောက်စစ်ဆေးခဲ့ကြောင်း ဖော်ပြသည်။

ဓားဒဏ်ရာများရရှိထားသော မောင်ထင်နိုင်အား ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် ရရှိထားသော ဒဏ်များကို အရေးပေါ်ဆေးကုသပေးရန် မလိဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သတင်းတွင်ရေးသားထားသည်။

မြန်မာအမျိုးသမီးကို ရဲစခန်းသို့ ခေါ်ဆောင်သွား၍ စစ်ဆေးမေးမြန်းခဲ့ပြီး အမှုဖြစ်စဉ်အတွက် ဥပဒေအရ ဆက်လက် အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိနေကြောင်း ထိုင်းသတင်းဌာန Ch 7 HD News က ဖော်ပြထားသည်။

ပြီးခဲ့သော နိုဝင်ဘာလ ၁၁ ရက်နေ့က ဘန်ကောက်ခရိုင် ဘန်ဘော်ဒေသ အေကချိုင်တွင် အခန်းတွင်း တစ်ဦးတည်း နေထိုင်သော ကော့သောင်းဒေသခံတစ်ဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံခဲ့ရသေးသည်။ ယင်းအမှုတွင် မြန်မာအမျိုးသား တစ်ဦး ပြစ်မှုကျူးလွန်သည်ဟုဆိုကာ ကိုယ်တိုင် လာရောက်အဖမ်းခံခဲ့သည်။

Ref: CH 7 News HD, Siamrath Online