ထောင် ၁၁နှစ်ချခံထားရသည့် တိုင်းဝန်ကြီးချုပ် ဦးမြင့်မောင်ကို အမှုနှစ်ခုဖြင့်ထပ်တိုးတရားစွဲ

0
3342

NLD အစိုးရလက်ထက်က တနင်္သာရီတိုင်းဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ ဦးမြင့်မောင်ကို စစ်ကောင်စီက အမှုနှစ်ခုဖြင့် ယခုရက်ပိုင်းအတွင်း ထပ်မံတရားစွဲဆိုကြောင်း ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက် (DPPN) က ယနေ့ နိုဝင်ဘာလ ၂၈ သတင်းထုတ်ပြန်သည်။

ဦးမောင်မြင့်မှာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ) ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၀၉၊ သဘာဝဘေးဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ စသော အမှုသုံးခုအတွက် ထောင်ဒဏ် ၁၁နှစ် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၁၁ ရက်တွင် ပြစ်ဒဏ်ချမှတ်ခံထားရသူ ဖြစ်သည်။

လက်ရှိ နိုဝင်ဘာလ နောက်ဆုံးပတ်တွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၃၀ (က) ဖြင့် အမှုနှစ်ခု ထပ်တိုးတရားစွဲဆိုခြင်း ဖြစ်ကြောင်း DPPN ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များကို ဖျောက်ဖျက်ခြင်း၊ ဘာသာရေးကိုအကြောင်းပြပြီး မဲဆွယ်စည်းရုံး ဟောပြောခြင်း၊ ကြေညာချက်ထုတ်ပြန်ခြင်းတို့ကို ပြုလုပ်သည်ဟု စွပ်စွဲကာ တရားစွဲဆိုခြင်းဖြစ်ကြောင်း အဆိုပါကွန်ရက်ထံမှ သိရသည်။

“အခုရက်ပိုင်းအတွင်းမှာပဲ တရားစွဲဆိုခဲ့တာလို့ သိရတယ်။ အပြစ်ရှိတယ်ဆိုရင် အစကတည်းက ပုဒ်မတွေရှိနေရမယ် လေ။ အပြီးသတ်အမိန့်ချပြီးမှ အမှုထပ်တိုးတရားစွဲတာဟာ (စစ်ကောင်စီက) စဉ်းစား၊ စဉ်းစားပြီး အပြစ်မရှိ အပြစ်ရှာ တရားစွဲတာလို့ပဲ မြင်တယ်” ဟု ထားဝယ် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ပြောသည်။

ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃၀ (က) မှာ ပြစ်မှုကျူးလွန်သူကို ထောင်ဒဏ် ၃ နှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ အမိန့်ချမှတ်နိုင်သည့် ပုဒ်မဖြစ်သည်။

အာဏာသိမ်းသည့် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြင့်မောင်ကို စစ်ကောင်စီတပ်က နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးထားပြီး ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ထားဝယ် အကျဉ်းထောင်ကို ပို့ဆောင်ခဲ့သည်။

၎င်းကို အခြားအကျဉ်းသား၊ အချုပ်သားများနှင့် စကားပြောဆိုခွင့်မပြုဘဲ ထားဝယ်အကျဉ်းထောင်ရှိ သီးသန့် တိုက်ခန်းငယ်တစ်ခုတွင် တစ်ယောက်တည်းထားရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းနှင့် နီးစပ်သူတစ်ဦးက ပြောဆိုထားသည်။