မြိတ်တွင် ကျပ် ၃၀ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဖမ်းမိဟုဆို

0
3770
ဓာတ်ပုံ - CCDAC Myanmar

မြိတ်မြို့နယ်မှ အန်ဒမန်ပင်လယ်ပြင်သို့သယ်ဆောင်သွားမည့် ငွေကျပ် ၃၀ ဘီလီယံတန်ဖိုးရှိ မူးယစ်‌ဆေးဝါးများကို ဖမ်းမိကြောင်း စစ်ကောင်စီ၏ မူးယစ်ဆေးဝါးအလွဲသုံးချမှုထိန်းချုပ်ရေး ဗဟိုကော်မတီက နိုဝင်ဘာလ ၂၆ရက်က ထုတ်ပြန်သည်။

အလေးချိန် တစ်တန်ရှိသည့် အိုက်စ်အမျိုးအစား မူးယစ်ဆေးများကို ရှမ်းပြည်နယ်တောင်ပိုင်းမှ မြိတ်မြို့သို့သယ်ယူပြီး ယင်းမှတစ်ဆင့် အန်ဒမန်ပင်လယ်ကိုဖြတ်ကာ ပြည်ပသို့ပို့ရန် သယ်ဆောင်လာခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။

ယင်းမူးယစ်ဆေးဝါးများ ပင်လယ်သို့မရောက်မီ မြိတ်မြို့နယ် လယ်ကယ်ကျေးရွာအနီးတွင် မော်တော်ယာဉ် နှစ်စီးပေါ်တွင် နိုဝင်ဘာလ ၉ ရက်က စစ်ဆေးတွေ့ရှိခဲ့သည်ဟုဆိုသည်။

ယင်းမူးယစ်ဆေးနှင့် ဆက်စပ်သူ ၁၃ ဦးကိုလည်းဖမ်းဆီးထားသည်ဟုဆိုသည်။

မြိတ်မြို့ ကလွင်ကျေးရွာနှင့် အနောက်လယ်ရပ်ကွက် ဘောတံတားအနီးတွင် အမျိုးသားခြောက်ဦး၊ မွန်၊ တနင်္သာရီတိုင်းအစပ်က မလွှဲတောင်စစ်ဆေးရေးဂိတ်တွင် ဇနီးမောင်နှံနှစ်ဦး၊ ထားဝယ်မြို့ အိမ်ရှေ့ပြင်ရပ်ကွက် တည်းခိုခန်းတစ်ခုတွင် အမျိုးသားနှစ်ဦး၊ ရန်ကုန်တိုင်း တွံတေးမြို့နယ်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရှမ်းပြည်နယ် လာရှိုးမြို့တို့တွင် တစ်ဦးစီ ဖမ်းမိခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ယင်းအပြင် ၎င်းတို့အသုံးပြုသည့် မော်တော်ယာဉ် ငါးစီးကိုလည်း သိမ်းဆည်ရမိခဲ့ကြောင်း မူးယစ်ဆေးဝါးအလွဲသုံးချမှုထိန်းချုပ်ရေး ဗဟိုကော်မတီက ထုတ်ပြန်ထားသည်။

Photo CCDAC Myanmar