တရုတ်တွင် ဆန္ဒပြသူများက သမ္မတဆင်းပေးရန်၊ ကွန်မြူနစ်ပါတီဖယ်ပေးရန်အထိ တောင်းဆို

0
3300

တရုတ်တွင် ကိုဗစ် lockdown ချထားမှုများကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများ ဖြစ်ပွါးခဲ့ရာ ဒုတိယမြောက်ညတွင် မြို့ကြီးများစွာကို ကူးစက်ကာ သမ္မတဆင်းပေးရန်၊ ကွန်မြူနစ်ပါတီ ဆင်းပေးရန်အထိ တောင်းဆိုနေကြောင်း BBC သတင်းတစ်ရပ်က ဖော်ပြထားသည်။

မြို့တော်ဘေဂျင်း နှင့် ဘဏ္ဍာရေးမြို့တော် ရှန်ဟိုင်း တို့တွင် ဆန္ဒပြသူများ စုစည်းခဲ့ပြီး အချို့က သမ္မတရှီကျင့်ဖျင် ဆင်းပေးရန် ဟစ်အော်ခဲ့ကြသည်။

ကိုဗစ်နိုင်တင်းကြောင့် အစုလိုက်အပြုံလိုက် ဆေးစစ်ရခြင်း၊ အစုလိုက်အပြုံလိုက် သီးခြားခွဲနေထိုင်ရခြင်း၊ အသွားအလာကန့်သတ်ခြင်းတို့ ပါဝင်သည့် ရှီကျင့်ဖျင် အစိုးရ၏ ဇီးရိုးကိုဗစ် မူဝါဒကို ဆန္ဒပြသူများက  အပြစ်တင်သွားခဲ့သည်။

ကိုဗစ်ကူးစက်မှုကြောင့် တိုက်ခန်းမြင့်တစ်ခု အသွားအလာကန့်သတ်ထားချိန်တွင် မီးလောင်ရာ လူ ၁၀ ဦးသေဆုံးခဲ့ရာမှ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း အူရန်ကျီမြို့တွင် ဆန္ဒပြပွဲများ စတင်ခဲ့ခြင်း ဖြစ်သည်။

အသွားအလာ ကန့်သတ် ပိတ်ဆို့ထားခြင်းက ကယ်ဆယ်ရေးလုပ်ငန်းများကို နှေးကွေးစေခဲ့သည်ဟု ဆန္ဒပြသူများက ပြစ်တင်ထားပြီး အာဏာပိုင်များက ယင်းကိစ္စကို ငြင်းဆန်ထားသည်။

ဆန္ဒပြပွဲများသည် အနောက်တောင်ပိုင်း ချန်ဒူးမြို့၊ အလယ်ပိုင်း ရှီအန် နှင့် ဝူဟန် တို့အထိ ပျံ့နှံ့လာခဲ့ပေသည်။

နန်ကျင်း ဆက်သွယ်ရေးနည်းပညာ တက္ကသိုလ်တွင် လည်း ကျောင်းသားများ ဖုန်းမီးများ ဖွင့်ကာ ညသပိတ်များ မှောက်ပြီး ဆန္ဒပြနေကြသည်။