သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၂၅)

0
2740
ကျန်းမာရေးတာဝန်ခံ ကိုဝင်းမင်း နိုင်ငံခြားဧည့်သည်များကို ဆေးခန်းအခြေအနေ ရှင်းပြနေစဉ်။

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၂၄)

အပိုင်း -၃- (အများသွားတောင်ကြားလမ်းပေါ်က စစ်သည်တော်များ)

အခန်း-၂၅-

(၁) နိုင်ငံခြားဘာသာစကားနှင့် တောခိုကျောင်းသားများ

အုပ်ချုပ်မှုကိစ္စနည်းနည်း တည်ငြိမ်လာတဲ့အခါမှာတော့ တော်လှန်ရေးရဲ့ ပင်မသင်တန်းတွေဖြစ်တဲ့ စစ်ရေး၊ နိုင်ငံရေး၊ ဆက်သွယ်ရေး၊ ကျန်းမာရေး၊ ထောက်လှမ်းရေး ပညာဆိုင်ရာ ရက်ရှည်သင်တန်းတွေအပြင် ဘာသာစကား ရက်တိုသင်တန်း အမျိုးမျိုးဖွင့်ဖို့ ကျနော်တို့ စခန်းကော်မီတီက စီစဉ်ပါတယ်။

ပထမ ဆုံးဖွင်တဲ့ သင်တန်းက အင်္ဂလိပ်စာ အခြေခံသင်တန်းဖြစ်ပြီး အင်္ဂလန်မှ ကျောင်းသားတဦးက စေတနာ့ဝန်ထမ်းအဖြစ် လာသင်ပေးတာပါ။ ဒါပေမယ့် ပထမ ၃-၄ ရက်လောက်ပဲ သင်တန်းသား ၂၀ လောက်တက်ပြီး တဖြည်းဖြည်းနဲ့ နည်းနည်းသွားတဲ့အတွက် သင်တန်းဆရာလည်း စိတ်ပျက်ပြီး ပြန်သွားပါတယ်။

ဒုတိယ ဖွင့်တဲ့သင်တန်းကတော့ ထီးထာက ကရင်အမျိုးသမီးနဲ့ လက်ထပ်ထားတဲ့ ထိုင်းကျောင်းဆရာတဦးဖွင့်တဲ့ ထိုင်းစာသင်တန်းပါ။ A-B-C-D အပါဝင် အက္ခရာ ၂၆ လုံးကို အခြေခံထားတဲ့ အင်္ဂလိပ်စာကို မြန်မာနိုင်ငံကကျောင်းတွေမှာ ကျနော်တို့သင်ဖူးပြီးဖြစ်တဲ့အတွက် သိပ်အထူးအဆန်း မဟုတ်ပါ။

ဒါပေမယ့် ကောကိုင်၊ ခေါ်ခိုင်၊ ခေါခူးဝပ် အပါဝင် အက္ခရာ ၄၄ လုံးကို အခြေခံထားတဲ့ ထိုင်းစာကတော့ မြန်မာနိုင်ငံမှာတုန်းက ကျနော် တခါမှမသင်ဖူးသလို ကြားလည်းမကြားဖူး၊ မြင်လည်းမမြင်ဖူးတဲ့အတွက် တကယ့်ကို အသစ်အဆန်း ဖြစ်နေပါတယ်။

“စဝါဒီခပ်” … “စဘိုင်ဒီမိုင်” … “ပိုင်-ကန်ချနပူရီ” ထက် ပိုမပြောတတ်ပဲ ထိုင်းထဲ ခဏခဏသွားနေရတဲ့ ကျနော်အဖို့ ထိုင်းစာဟာ မတတ်မဖြစ် တတ်ထားသင့်တဲ့အတွက် မဖြစ်မနေ သင်မယ်ဆိုပြီး အားခဲထားပါတယ်။ ဒါပေမယ့် ကံကဆိုးချင်တော့ သင်တန်းက တပတ်တောင်မခံပါဘူး။ ဟွေးနန်းခေါင်နဲ့ ထီးထာကြားမှာ ထိုင်းကျောင်းဆရာ ဆိုင်ကယ်မှောက်လို့ ဆေးရုံတက်လိုက်ရတယ်ဆိုပြီး အဲဒီ သင်တန်းပျက်သွားပါတယ်။

တတိယ ဖွင့်တဲ့ သင်တန်းကတော့ မဟာမိတ်ဆံရေးမှာ မဖြစ်မနေ၊ နေစဉ်အသုံးဝင်မယ့် ကရင်ဘာသာစကား ဖြစ်ပါတယ်။ ဒီတကြိမ်အတွက် ဆရာကတော့ အဝေးကနေ လာသူမဟုတ်။ ကျနော်တို့တပ်ရင်း ဆေးတပ်ဆွယ်က ဆရာခင်ဇော်ဖြစ်ပါတယ်။ ဘာကြောင့်မှန်းတော့မသိ။ ကျောင်းသားတွေက သူ့ကို “သရာအီးသာ” လို့ ခေါ်ကြပါတယ်။

ကရင်စာဟာ ထိုင်းစာလို အသစ်အဆန်း မဟုတ်ဘူးလို့ ထင်ရပေမယ့် အသေချာ ဖတ်ကြည့်တော့ တလုံးမှ နားမလည်ပါ။ အခုနော်ဝေးမှာ ကျနော်သင်နေရတဲ့ နော်ဝေးစာနဲ့ အင်္ဂလိပ်စာ ကွာသလို ကရင်စာနဲ့ မြန်မာစာကွာတယ်လို့ ထင်မိပါတယ်။

ဘာကြောင့်လဲဆိုရင် အင်္ဂလိပ်ရော၊ နော်ဝေးပါ လက်တင်စကားလုံးကို အခြေခံထားပေမယ့် အသံထွက်မတူ၊ အဓိပ္ပာယ်မတူတဲ့အတွက် ဘာသာစကား ၂ ခုဟာ နီးစပ်သလိုလိုနဲ့ အချင်းချင်း နားမလည်ကြပါဘူး။ ဒီလိုပါပဲ၊ မြန်မာနဲ့ ကရင်စာဟာလည်း သာမန်ကြည့်လိုက်ရင် အခြေခံထားတဲ့ စကားလုံးတွေက အတူတူလို့ ထင်ရပေမယ့် အသံထွက်မတူ၊ အဓိပ္ပာယ်မတူတဲ့အတွက် အချင်းချင်း နားမလည်ကြပါဘူး။

နောက်ပိုင်းမှာ အင်္ဂလိပ်စာသင်တန်းတွေ မကြာခဏ ထပ်ဖွင့်ဖြစ်ပေမဲ့ ထိုင်းစာနဲ့ ကရင်စာကတော့ အဲဒီတကြိမ်ပဲ ဖွင့်ဖူးတယ်လို့ ကျနော်အမှတ်ရနေပါတယ်။ အဲဒီကာလက ကျနော်တို့ ကျောင်းသားတွေ အင်္ဂလိပ်စာ ကျွမ်းကျင်မှု အခြေနေကိုပြောရမယ်ဆိုရင် “ခွေးအ လှည်းနင်းခံရသလို” အသံထွက် မမှန်၊ ဝါကျမမှန်တဲ့ အကျိုးအပဲ့ စကားလုံးတွေနဲ့ အလုပ်ဖြစ်အောင် မနည်းပြောနေရတဲ့ အခြေနေမျိုးပါ။

ဗဟိုနဲ့ နယ်မြေကော်မီတီမှာ တာဝန်ထမ်းစဉ်ကဆိုရင် ကျနော်တို့ စခန်းကနေ ဗဟိုနိုင်ငံခြားရေးဌာနမှာ တာဝန်ကျတဲ့ ဦးအောင်ခင် တယောက်ပဲ အင်္ဂလိပ်စကား ကောင်းကောင်းပြောတတ်တာကို တွေ့ရပြီး ကျန်ပုဂ္ဂိုလ်အားလုံး သူလိုကိုယ်လို ခွေးအ လှည်းနင်းတဲ့အဆင့်ထက် မကျော်ကြပါဘူး။

ကျနော်တို့စခန်းရဲ့ အခြေနေကို ပြောရမယ်ဆိုရင်တော့ အယင် ပထမဆုံး စခန်းကော်မီတီခေတ်က ရှေ့နေ ကိုမြင့်သိန်း (၁၉၈၉-ဖေဖော်ဝါရီမှာ လုပ်ကြံခံရသလိုလိုနဲ့ ပျောက်ဆုံးသွားသူ) တယောက်ပဲ အင်္ဂလိပ်စကား ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်ပြီး ကျန်ကော်မတီဝင်တွေကတော့ သူလိုကိုယ်လို အဆင့်ထက် မကျော်ဘူးလို့သိရပါတယ်။

ကျနော်တို့ ကော်မတီခေတ်မှာတော့ ဆေးကျောင်းသားဖြစ်တဲ့ ကိုဝင်းမင်းက အင်္ဂလိပ်စကား အကောင်းဆုံးဖြစ်ပါတယ်။ နောက်တခါ ကံဆိုးတာလား၊ ကံကောင်းတာလား မပြောတတ်။ ကိုဝင်းမင်းဟာ ထိုင်းထဲ ခရီးသွားရင်း ထိုင်းရဲက ဖမ်းမိပြီး ထိုင်းအချုပ်ထဲမှာ ၄၅ ရက်ကျခံခဲ့ရာကနေ ထိုင်းစကားပါ နည်းနည်းတတ်လာတဲ့အတွက် ကျနော်တို့ ကော်မီတီထဲမှာတော့ ဒီပုဂ္ဂိုလ်ဟာ ဘာသာစကား အထူးချွန်ဆုံးသူ ဖြစ်ခဲ့ပါတယ်။

—————————–

(၂) သူပုန်တွေ အင်္ဂလိပ်စကားပြောတတ်ဖို့ လိုသလား

ဆေးတပ်ဆွယ်က ရဲမေအချို့…မင်းသမီးစခန်းမှာတွေ့ရစဉ်။

ကိုဝင်းမင်း အပါအဝင် တခြားကျောင်းသားတွေ တောမခိုခင် မြန်မာနိုင်ငံမှာတုန်းက အင်္ဂလိပ်စကား လက်တွေ့ပြောဖူးခြင်းရှိ မရှိ အသေချာတခါမှ မမေးဖြစ်ခဲ့ပါ။ ကျနော်ကိုယ်တိုင်ကတော့ တောခိုပြီး နိုင်ငံခြားသတင်းထောက်တွေ၊ NGO တွေနဲ့တွေ့မှ အင်္ဂလိပ်စကားကို လက်တွေ့ပြောဖူးပါတယ်။

မြန်မာနိုင်ငံမှာတုန်းက အင်္ဂလိပ်စာကို ၅ တန်းကနေ တက္ကသိုလ်နောက်ဆုံးနှစ်အထိ ၁၀ နှစ်နီးပါး သင်ဖူးတယ်ဆိုပေမယ့် အလွတ်ကျက် သင်လာတာသာဖြစ်ပြီး နိုင်ငံခြားသားတဦးဦးနဲ့ တခါမှ လက်တွေ့စကား မပြောဖူးခဲ့ပါ။

ပြီးတော့ သင်ထောက်ကူ ပစ္စည်းတွေဖြစ်တဲ့ ဗီဒီယိုတွေ၊ စီဒီတွေ၊ ကက်ဆက်တွေလည်း မရှိတဲ့အတွက် ကျနော်တို့ကို သင်ပေးနေတဲ့ ဆရာကိုယ်တိုင် အသံထွက်မှန် မမှန်လည်း မသိပါ။ အင်္ဂလိပ်စကား လက်တွေ့ တခါမှမပြောဖူးပဲ အင်္ဂလိပ်စာပြဆရာ ဖြစ်နေသူတွေ ထွက်တဲ့အသံကို အမှန်လို့ယူပြီး ၁၀ နှစ်နီးပါး အလွတ်ကျက်လာခဲ့တာကို နောင်တရသလိုလို ဖြစ်နေမိပါတယ်။

နောင်တရတယ်ဆိုပေမယ့် အခု အင်္ဂလန်နိုင်ငံသားတွေကိုယ်တိုင် တောထဲအထိ လာပြီး သင်ပေးပြန်တော့လည်း ကျနော်တို့ကျောင်းသားတွေက သိပ်စိတ်ဝင်တစား မရှိလှပါ။ ဘယ်လောက်အထိ စိတ်ဝင်စားမှု မရှိသလဲဆိုရင် စေတနာ့ဝန်ထမ်း လာသင်ပေးတဲ့ အင်္ဂလိပ်ကျောင်းသားတွေသာ တဦးပြီးတဦး မြန်မာလို နည်းနည်းပြောတတ်ပြီး ပြန်သွားကြပါတယ်။ ကျနော်တို့ ကျိုးဖိုးတွေက “ခွေးအ လှည်းနင်း” တဲ့ အဆင့်က မကျော်ပါဘူး။

တခါ အင်္ဂလိပ်စာ လာပြပေးတဲ့ စေတနာ့ဝန်ထမ်း နိုင်ငံခြားကျောင်းသားတွေနဲ့ ကျနော်တို့ တောခို ကျောင်းသားတွေကြား မတူညီတဲ့အချက်ကတော့ နိုင်ငံခြားကျောင်းသားတွေက Plan နဲ့အလုပ်လုပ်ပြီး ကျနော်တို့ကျိုးဖိုးတွေက “မီးစင်ကြည့်က” သို့မဟုတ် “ကြည့်လုပ်ကြတာပေါ့” ဆိုတဲ့ Plan မရှိပဲ လက်တန်းသွားတဲ့ သဘောမျိုးတွေ့ရပါတယ်။

ဆိုလိုတာကတော့ လနဲ့ချီပြီး သင်တန်းအခါခါ တက်ပေမယ့် ကျနော်တို့ တောခိုကျောင်းသားတွေဟာ အင်္ဂလိပ်စာကို မယ်မယ်ရရ မတတ်လိုက်ပါ။ ဒါပေမယ့် နိုင်ငံတကာ ကျောင်းသားတွေကတော့ ၃ လလောက် တောထဲမှာနေပြီးတာနဲ့ မြန်မာစကားနဲ့စာကို အခြေခံ ပြောတတ်၊ ရေးတတ်သွားကြတာကို တွေ့ရပါတယ်။

အဲဒီလို မြန်မာလိုတတ်သွားတဲ့ အင်္ဂလိပ်ကျောင်းဆရာတွေထဲက ထူးခြားသူတဦးကို ဖော်ပြရမယ်ဆိုရင် ၁၉၉၇ ဖေဖော်ဝါရီလ မင်းသမီးခစန်းကျတဲ့အထိ ကျနော်တို့နဲ့ အတူနေခဲ့တဲ့ အင်္ဂလန်က စေတနာ့ဝန်ထမ်း ကျောင်းသားတဦးဖြစ်သူ ဂျိမ်းစ် မော်စလီ (James Mawdsley) ပဲ ဖြစ်ပါတယ်။ သူဟာ ကျနော်တို့စခန်းက အပြန်မှာ မြန်မာနိုင်ငံထဲဝင်ပြီး ဆန္ဒပြတဲ့အတွက် နဝတ-ကဖမ်းဆီးပြီး ထောင်ဒဏ်နှစ်ရှည်ချခံခဲ့ရဖူးသူ။ အဲဒီ ထောင်တွင်းအတွေအကြုံတွေကို My terror at the hands of the Burmese junta ဆိုပြီးဆောင်းပါး ရေးသားခဲ့သူဖြစ်ပါတယ်။

ကျောင်းသားတွေဘက်ကို ပြန်ကောက်ရမယ်ဆိုရင်တော့ ကျောင်းသားအားလုံး အင်္ဂလိပ်စာကို စိတ်မဝင်စားဘူးလို့တော့ ယတိပြတ် ပြောလို့မဖြစ်ပါဘူး။ အတော့်ကို အနည်းစုလေးကတော့ Dictionary ကိုတောင် အလွတ်ကျက်တဲ့အထိ စိတ်ဝင်စားတာမျိုး ကျနော်တွေ့ဖူးပါတယ်။ ကျနော်ကိုယ်တိုင်လည်း Dictionary ထဲက စာလုံးတွေကို တနေ့ ၁၀ လုံး အလွတ်ကျက်မယ်ဆိုရင် တလ အလုံး ၃၀၀ ရမယ်။ တနှစ်ဆိုရင် စာလုံး ၃၀၀၀ ကျော်တတ်မယ်ဆိုပြီး စီမံကိန်းချ လုပ်တဲ့အဖွဲ့ထဲ ပါခဲ့ဖူးပါတယ်။ ဒါပေမယ့် ထုံးစံအတိုင်း တပတ် ဆယ်ရက်လောက် လုပ်ပြီးရင် အဖျားရှုးသွားလေ့ရှိပါတယ်။

ထူးထူးခြားခြား ကျနော်တို့ကျောင်းသားတွေ တောတွင်းကာလ ၁၀ နှစ်နီးပါးလုံးလုံး မပျက်မကွက် လုပ်နိုင်ခဲ့တာကတော့ အင်္ဂလိပ် စာလုံးဆက် ကစားနည်း (Scrabble) ပဲ ဖြစ်ပါတယ်။ နေ့လုံးပေါက်၊ ညလုံးပေါက် ဆော့ဖူးတဲ့အချိန်တွေကို ကျနော် အမှတ်ရနေဆဲ ဖြစ်ပါတယ်။

အင်္ဂလိပ်စကားလုံး ကြွယ်အောင်ဆိုပြီး ဒီလိုကစားကြတာဖြစ်ပေမယ့် နောက်ပိုင်းမှာတော့ ကော်ဖီတခွက်ကြေး၊ နေကြာစေ့ တထုပ်ကြေးဆိုပြီး အလောင်းစား သဘောလေးနဲ့ လုပ်လာပါတယ်။ ဒါကြောင့် ဝေါဟာရ ကြွယ်ဝရေးထက် အနိုင်ရရေးဘက်ကိုသာ ဦးစားပေးခဲ့ပြီး စကားလုံးအသစ်တွေ ရှာထည့်ရေးအစား၊ အမှတ်များများရတဲ့ စကားလုံးတွေကိုသာ ထပ်ကာထပ်ကာ ရွေးထည့်နေတာကြောင့် စကားလုံးအသစ်လည်း သိပ်မတိုးလာခဲ့ပါဘူး။

အင်္ဂလိပ်စာအတွက် ကျောင်းသားအနည်းအကျဉ်းက ဒီလို Dictionary ကို အလွတ်ကျက်တဲ့အထိ ကြိုးစားနေပေမယ့် လူများစုကြီးကတော့ ဒါကို သိပ်ကြည့်လို့ ရပုံမပေါ်ပါဘူး။ သူပုန်လုပ်ပါတယ်ဆိုမှ သေနတ်ပစ်နည်း၊ စစ်တိုက်နည်း မသင်ပဲ အင်္ဂလိပ်စာသင်နေသူတွေကို တခုခုလွဲနေသလို အချို့က အမြင်ရှိနေကြပါတယ်။

တည့်တည့်ပြောရမယ်ဆိုရင် ဒီလူတွေဟာ တောထဲမှာ မနေရဲသူ၊ ပင်ပန်းဆင်းရဲမှုဒဏ်၊ တော်လှန်ရေးဒဏ်ကို မခံနိုင်လို့ ဘန်ကောက်သွားပြီး ဒုက္ခသည် လျှောက်ချင်နေသူ၊ နိုင်ငံခြားထွက်ပြီးပညာသင်ချင်နေတဲ့ “ပညာတတ် အချောင်သမား” အဖြစ် အမြင်စောင်းမှုတွေ ရဲဘော်ထုအကြား ဖြစ်ပေါ်နေပါတယ်။

နောက်တခါ အဲဒီကာလက ABSDF စခန်းအသီးသီးကနေ တက္ကသိုလ်ကျောင်းသား ၃၀ ကို ရွေးချယ်ပြီး နိုင်ငံခြားကို ပညာတော်သင် စေလွတ်မယ်လို့ သတင်းတခု ကျယ်ကျယ်လောင်လောင် ထွက်ခဲ့ပါသေးတယ်။ ဒီအတွက် ကျနော်တို့စခန်းက ၃ ဦး ရွေးချယ်ခံရပြီး ၁၉၉၀ နှောင်းပိုင်းမှာ စေလွှတ်မယ်လို့ သိရပေမယ့် ဒီလိုလွှတ်သင့် မလွှတ်သင့်နဲ့ ပတ်သက်လို့ ဗဟိုကော်မီတီအတွင်း သဘောထားကွဲလွဲခဲ့တာကနေ အဲဒီ အစီစဉ် ပျက်သွားတယ်လို့ဆိုပါတယ်။

ဒါပေမဲ့ အခု ဒီအကြောင်း ဆောင်းပါးရေးဖို့ အသေချာလိုက်မေး ကြည့်တဲ့အခါမှာတော့ အဲဒီသတင်းဟာ ကောလာဟလသာဖြစ်ပြီး ပညာတော်သင်စီမံကိန်းဆိုတာ တကယ်မရှိခဲ့ပါဘူးလို့ အဲဒီကာလ ဗဟိုကော်မီတီဝင်ဟောင်းတချို့က ကျနော်ကို ပြန်ပြောပြခဲ့ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် တက္ကသိုလ်ကျောင်းသားတွေ အင်္ဂလိပ်စာသင်တာကို ရာဇဝတ်မှု ကျုးလွန်သလိုမြင်ခဲ့ပြီး တက္ကသိုလ်ကျောင်သားက သေနပတ်ပစ်နည်းသင်တာကိုတော့ မှန်ကန်တဲ့ လုပ်ရပ်အဖြစ် မြင်ခဲ့မိတာတွေ အဲဒီကာလက တကယ်ကိုရှိခဲ့ပါတယ်။ အခု နှစ် ၂၀ ကြာပြီးချိန်မှာတော့ အဲဒီအမြင်တွေဟာ မယုံနိုင်စရာတခုလို ဖြစ်နေခဲ့ပါတော့တယ်။

———————-

(၃) ခတ်သစ်သဘောၤသားများနှင့် ပင်လယ်ပြင်မှာ ရန်ပုံငွေရှာခြင်း

၂၀၁ တပ်ရင်းရဲ့ ပင်လယ်ပြင်စစ်ကြောင်းတခုကို မြိတ်ကျွန်းစုဒေသမှာ တွေ့ရစဉ်..

ဒီလို အထွေထွေသင်တန်းတွေ၊ သဘောတရား ငြင်းခုံမှုတွေနဲ့ နေစဉ်အလုပ်ရှုပ်နေတဲ့ ကျနော်တို့ စခန်းကော်မီတီကို လှုပ်နှိုးလိုက်တဲ့ ဖြစ်ရပ်ကတော့ ပင်လယ်ပြင် စစ်ကြောင်းကနေ ဝင်လာတဲ့ အရေးပေါ် ကြေးနန်းစာပဲ ဖြစ်ပါတယ်။

ဖြစ်ပုံကတော့ ရှေ့ပိုင်း (အပိုင်း ၉ မှာ) တင်ပြခဲ့တဲ့အတိုင်း ၁၉၈၈ ခုနှစ်၊ စက်တင်ဘာ ၁၈ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံဆီ ပထမဆုံး သွားရောက်လည်ပတ်ခဲ့တဲ့ နိုင်ငံခြားခေါင်းဆောင် ထိုင်းကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ချာဗလစ် ယောင်ချာယုဟာ သစ်ထုတ်ခွင့်၊ ငါးဖမ်းခွင့်တွေ နဝတအစိုးရနဲ့ သဘောတူချက် ရလာပါတယ်။

ဒီစာချုပ်တွေအရ ထိုင်းငါးဖမ်းလှေတွေဟာ မြိတ်ကျွန်းစုအနီး ငါးလာဖမ်းနေကြပါတယ်။

အဲဒီကာလ ကျနော်တို့ရဲ့ “ရန်သူ့လက္ခာဏာ သတ်မှတ်ချက်” အရ “စစ်အာဏာရှင်စနစ်’” ဟာ ဘုံရန်သူဖြစ်ပါတယ်။ ဒါကြောင့် အဲဒီစနစ်ကို အကောင်ထည်ဖေါ်နေတဲ့ စစ်အစိုးရ သို့မဟုတ် နဝတကို ရန်သူအဖြစ် သတ်မှတ်ထားပါတယ်။

တခါ အဲဒီရန်သူနဲ့ ပူးတွဲစီးပွားလုပ်သူတွေ၊ ရင်းနှီးမြှုပ်နှံမှု လုပ်နေသူတွေကို ရန်သူ့အားပေးအဖြစ် သတ်မှတ်ထားပါတယ်။ ဒီမူဝါဒရဲ့လုပ်ငန်းစဉ်အဖြစ် ပင်လယ်ပြင်မှာတွေ့တဲ့ ရန်သူ့အားပေးလှေတွေကို ရှာဖွေဖမ်းဆီးဖို့၊ ကလန်ကဆန်လုပ်ရင် အရေးယူဖို့ စခန်းကော်မီတီကနေ ရှေ့တန်းတပ်တွေကို ညွှန်ကြားထားပါတယ်။

ဒီတာဝန်တွေနဲ့ ပင်လယ်ပြင်ဆီ စစ်ကြောင်းထွက်နေတဲ့ တပ်စုမှူး ကိုကျော်ရ (၁၉၉၂ မှာ ဘန်ကောက်သံရုံးကတဆင့် ပြန်ဝင်သွားသူ) ဦးစီးတဲ့ စစ်ကြောင်းကနေ ထိုင်းငါးဖမ်း လှေကြီးတစီးကို ဖမ်းမိထားတယ်။ ဒီလှေပေါ်မှာ နဝတနဲ့ ဖက်စပ်လုပ်ထားတဲ့ စာချုပ်တွေလည်းပါတယ်။ အဲဒါ ဘယ်လို ဆက်လုပ်ရမလဲဆိုပြီး ကျနော်တို့ စခန်းကော်မတီဆီ ကြေးနန်းဝင်လာတာပါ။

အဲဒီကာလဟာ မီဇူဟို (Mizuho) ဆက်သွယ်ရေးစက်တွေ ကျနော်တို့ ဝယ်ထားနိုင်ပြီဖြစ်တဲ့အတွက် “ဒစ်ဒစ် ဒါဒါ” ကြေးနန်းအပြင် ရှေ့တန်းနဲ့နောက်တန်း တိုက်ရိုက် စကားပြောလို့ ရနေပြီဖြစ်ပါတယ်။ ဒါကြောင့် လှေကိုယ်စားလှယ်တွေ မင်းသမီးစခန်းဆီလာပြီး အခွန်လာဆောင်ဖို့၊ အခွန် မဆောင်မချင်း လှေကိုဖမ်းထားဖို့ စခန်းကော်မတီကနေ ညွှန်ကြားလိုက်ပါတယ်။

ဒါပေမယ့် လှေကိုယ်စားလှယ်တွေ ကျနော်တို့ခစန်းမှာ တကယ်တမ်း လာဆွေးနွေးတဲ့အခါမှာတော့ ရှေ့တန်းက ကိုကျော်ရတို့နဲ့ ပြောတာနဲ့ ဒီမှာလာပြောတာအကြား ကွဲလွဲမှုတွေ ရှိနေပါတယ်။ နောက်တခါ ကျနော်တို့တပ်က လှေဖမ်းထားတဲ့ကိစ္စကို လှေပိုင်ရှင်က နဝတတပ်ဆီ သတင်းပို့ပြီး စစ်သင်္ဘောတွေနဲ့ လာဝိုင်းခိုင်းတယ်လို့လည်း သတင်းတွေထွက်လာပါတယ်။

ဒီလိုနဲ့ လှေကိုယ်စားလှယ်တွေနဲ့ စခန်းကော်မတီ တာဝန်ရှိသူတွေကြား ဆွေးနွေးမှုဟာ သိပ်အဆင်မပြေပါဘူး။ ဒီကြားထဲ ပိုဆိုးတာက အဲဒီညမှာ မိုးတွေရွာပြီး ရာသီဥတုဆိုးတဲ့အတွက် ရှေ့တန်းနဲ့ စက်အဆက်သွယ် လုံးဝပြတ်သွားပါတယ်။

နောက်တနေ့ မိုးလင်းလို့ ကြေးနန်းဝင်လာတော့ နဝတ စစ်သင်္ဘောတွေ တဖြည်းဖြည်းနီးလာလို့ လှေပေါ်ကလူတွေအားလုံးကို လွှတ်ပေး၊ အရေးကြီးပစ္စည်းတွေကို သိမ်း၊ ဘတ်ငွေ သန်း ၄၀ လောက်တန်တဲ့ လှေကြီးကို ဖောက်ခွဲဖျက်ဆီးပြီး ဆုတ်ပေးလိုက်ရပါတယ်တဲ့။ ကျနော်တို့လည်း ဘာမှမတတ်နိုင်တော့။ စစ်ရေးအခြေနေအရ မလုပ်မဖြစ် လုပ်လိုက်ရတဲ့ စစ်ဆင်ရေးတခုအဖြစ်သာ သဘောထား ခံယူလိုက်ရပါတယ်။

ဒါပေမယ့် ပြဿနာက အဲဒီမှာတင် ပြီးသွားတာ မဟုတ်ပါဘူး။ ဒီလှေဖောက်ခွဲတဲ့ သတင်းဟာ ဟိုးလေးတကျော် ဖြစ်သွားပြီး ထိုင်းမီဒီယာတွေမှာ ပါလာပါတယ်။ ABSDF ဗဟိုနဲ့ KNU ဗဟိုရှိရာ မာနယ်ပလောအထိ ဒီကိစ္စ ရောက်သွားပြီး အဲဒီကာလ ABSDF ဥက္ကဋ္ဌ ကိုမိုးသီးဇွန်နဲ့ DAB ဥက္ကဋ္ဌ ဗိုလ်ချုပ်မြ တို့ဆီအထိ ထိုင်းလှေကိုယ်စားလှယ်တွေက သွားရောက် တိုင်တန်းခဲ့တဲ့အတွက် တော်လှန်ရေး အသိုင်းအဝိုင်းကြားမှာလဲ ဒီသတင်းက အတော့်ကို လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ပါတယ်။

အနှစ်ပြန်ချုပ်ရရင်တော့ နိုင်ငံရေး၊ စစ်ရေး အခြေနေတွေအရ လုပ်သင့်လို့ လုပ်လိုက်တဲ့ စစ်ဆင်ရေးတခု ဖြစ်ပေမယ့် ကျနော်တို့ရဲ့ အတွေ့အကြုံ နုနယ်မှုနဲ့ အကျိုးအပြစ်တွေကို အသေချာ ကြိုမတွက်နိုင်မှုတွေက ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာစေခဲ့ပါတယ်။ လက်တွေ့ ပထဝီအနေထား၊ ထိုင်းနိုင်ငံနဲ့ ဆက်ဆံရေး အနေထား၊ မဟာမိတ် KNU နဲ့ ဆက်ဆံရေး အနေထားတွေအရ ကျနော်တို့ စခန်းတာဝန်ရှိသူတွေနဲ့ ကိုကျော်ရတို့ အတော်လေး ကျဉ်းထဲကျပ်ထဲ ရောက်သွားခဲ့ပါတယ်။

ပင်လယ်ပြင်ထဲမှာ မဟာမိတ် KNU တပ်တွေရဲ့ ဖိအားပေးမှု၊ ထိုင်းနိုင်ငံထဲမှာ ထိုင်းအာဏာပိုင်တွေရဲ့ ဖိအားပေးမှုတွေကို သူအတော်ခံခဲ့ရတယ်လို့ ကိုကျော်ရက သူပြန်မဝင်ခင်မှာ ပြောပြခဲ့ဖူးတာကို ကျနော်အမှတ်ရနေပါတယ်။

………………………………….

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၂၆) >>>>>

ထက်အောင်ကျော်