အမှိုက်နှင့်အတူ အကျင့်ကောင်းများ စွန့်ပစ်ခံလိုက်ရခြင်း

0
3329

အမှိုက်နှင့်ပတ်သက်လျှင် ထားဝယ်မြို့မှာ ချီးမွှန်းခံရလေ့ရှိသည်။ အမှိုက်ကင်းစင်နေသည့် လမ်းမကြီးများက မနက်ခင်းတိုင်းကို ကြိုဆိုနေစမြဲပင်။ အာဆီယံ အသန့်ရှင်းဆုံးဆုရသည့်မြို့အဖြစ်လည်း ဂုဏ်ယူဝံ့ကြွားခဲ့ကြရသည်။

ထားဝယ်မြို့တွင် စနစ်တကျ စည်းကမ်းရှိရှိ အမှိုက်သိမ်း၊ အမှိုက်စွန့်သည့် အလေ့အထ ရာနှုန်းပြည့် မစွမ်းဆောင်‌နိုင်သေးသော်လည်း အရှိန်ရနေပြီဟု ဆိုနိုင်ပေသည်။

ချောင်း‌ထဲ၊ မြစ်ထဲ အမှိုက်မပစ်ကြရန် စောင့်ကြည့်သည့်အဖွဲ့များ၊ စည်းကမ်းမဲ့ အမှိုက်ပစ်လျှင် ဒဏ်ကြေးသတ်မှတ်ပြီး သတင်းပေးတဲ့သူကို ထက်ဝက်ခွဲပေးခြင်းတို့ လုပ်ခဲ့သည်။

ရပ်ကွက်တိုင်းတွင် အခကြေးငွေဖြင့် အမှိုက်သိမ်း လုပ်ငန်းများ ပေါ်လာရန်၊ အမှိုက် အစိုအခြောက် ခွဲခြားပစ်တတ်ရန်၊ ငယ်ငယ်ကတည်းက အမှိုက်စနစ်တကျစွန့်ပစ်တတ်ရန်၊ ဘုရားဖူးကားများပေါ်က အမှိုက်စွန့်ပစ်ခြင်းများကို ကြပ်မတ်ရန် စသည့် လက်တွေ့လုပ်ဆောင်မှုများဖြင့် အရှိန်ရနေခဲ့သည်။

ယင်းသို့ အရှိန်ရလာရန် လူအား၊ ငွေအားဖြင့် အချိန်ကုန်ခံ တည်ဆောက်လာခဲ့ကြရခြင်းဖြစ်သည်။

ထားဝယ်လူထုကြားထဲ အမှိုက်နှင့် ပတ်သတ်ပြီး အလေ့အကျင့်ကောင်းများကို ပြုစုပျိုးထောင်ရန်

စည်ပင်သာယာရေးကော်မတီနှင့် ထားဝယ်မြို့က အရပ်ဘက်အဖွဲ့အစည်းများ၊ ပရဟိတအဖွဲ့များ၊ လူငယ်များ အားကြိုးမာန်တက် ဆောင်ရွက်ခဲ့ကြရသည်။

အမှိုက်လိုက်ကောက်သည့်အဖွဲ့များရှိသလို သက်ဆိုင်ရာဌာနများကလည်း ကြပ်မတ်ခြင်းများရှိသည်။ မြို့ခံလူထု ကိုယ်တိုင်ကလည်း အမှိုက်ကို စည်းကမ်းဖြင့် ပစ်ကြသည်။ ကိုယ့်အမှိုက်ကိုယ် သေချာပစ်ကြသည်။

ယင်းအလေ့ကျင့်ကောင်းများ အစပျိုးနေချိန်မှာပင် ကိုဗစ်ကပ်ဘေးနှင့် ကြုံရပြီး အမှိုက်သိမ်းအဖွဲ့များ ရပ်နားလိုက်ရ သလို သက်ဆိုင်ရာဌာနကလည်း သေချာကြီးကြပ်နိုင်မှု အားနည်းခဲ့သည်။ ကိုဗစ် ငြိမ်စပြုပြီး ယခင်ကကဲ့သို့ ပြန်လုပ်ရန် အားယူနေချိန် အာဏာသိမ်းမှုနှင့် ကြုံရတော့သည်။

အာဏာသိမ်းမှု လှိုင်းတံပိုးကြီးက အရှိန်ရနေသည့် အမှိုက်ပစ်သည့် အလေ့အကျင့်ကောင်းအရာအားလုံးကို ဖျက်ဆီး ဝါးမြိုသွားခဲ့ပါတော့သည်။

ယင်းကြောင့် ယခုတစ်ပတ် တနင်္သာရီပုံရိပ်အစီအစဉ်တွင် တိုင်းအတွင်း အမှိုက်စွန့်ပစ်မှုအခြေအနေကို မေးမြန်းဖော်ပြလိုက်ပါသည်။

“အမှိုက်ပရမ်းပတာပစ်တာတွေ မြင်လာရတယ်။ အမူအကျင့်ကောင်းတွေက လျော့ကျသွားတာပေါ့”

Clean Dawei အဖွဲ့မှ တာဝန်ရှိသူတစ်ဦး

Clean Dawei အဖွဲ့ကို လွန်ခဲ့သည့်နှစ်‌နှစ်ကျော်က ဖွဲ့စည်းခဲ့ပြီး ထားဝယ်မြို့နယ် စည်ပင်သာယာရေးကော်မတီနှင့် လောကအလင်းအဖွဲ့တို့က အဓိကပါဝင်ကြကာ ကျန်ထားဝယ်အခြေစိုက် ပရဟိတအဖွဲ့အားလုံးနီးပါးနှင့် လူငယ်များပါဝင်ကြသည်။ (အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်းတွင် အဖွဲ့ဝင်များစုစည်းမရတော့သဖြင့် Clean Dawei အဖွဲ့ကို ဖျက်သိမ်းပစ်ခဲ့ရသည်)

DW ။ အရင်က ထားဝယ်မြို့ရဲ့ အမှိုက်သန့်ရှင်းရေးကို ထဲထဲဝင်ဝင်လုပ်ခဲ့ဖူးတဲ့ Clean Dawei အဖွဲ့ရဲ့ လက်ရှိအခြေအနေကို ပြောပြပေးပါ။

ဖြေ ။ Clean Dawei အဖွဲ့က ပွင့်ပွင့်လင်းလင်းပြောရရင် ဖျက်လိုက်ပြီပေါ့နော်။ ဖျက်လိုက်ပြီဆိုတာက လူတွေ မရှိတော့တာကို။ ပါဝင်တဲ့လူတွေ၊ ပါဝင်တဲ့အဖွဲ့တွေ ရှင်းရှင်းပြောရရင် Clean Dawei အဖွဲ့ကို ထောက်ပံ့ပေးတာက လောကအလင်း (အရပ်ဖက်အဖွဲ့) လေ။ နောက်တစ်ခုက စည်ပင်။ စည်ပင်ကျတော့ ဌာနဆိုင်ရာလိုအပ်ချက်တွေကို ကူညီပေးတာပေါ့။ လောကအလင်းကတော့ ငွေရေးကြေးရေးနဲ့ ပတ်သတ်တာတွေ ထောက်ပံ့ပေးတာပေါ့။ အမှိုက်နဲ့ ပတ်သတ်ပြီး ပညာပေးမယ်ပေါ့။ ၂နှစ်ကျော် ၃နှစ် လုပ်ခဲ့တဲ့အထဲမှာ တော်တော်လေးကို ကူညီပေးခဲ့ကြပါတယ်။

သို့သော်လက်ရှိအနေအထားမှာ လောကအလင်းအဖွဲ့က မရှိတော့ဘူး။ သူပရောဂျက်မရှိတော့ ထောက်ပံ့ပေးမယ့် နောက်ခံ မရှိတော့ဘူးပေါ့။ နောက်တစ်ချက်ကလည်း ဒီထဲမှာ ထဲထဲဝင်ဝင် ပါဝင်လှုပ်ရှားတဲ့သူတွေလည်း မရှိ‌ကြတော့ဘူး။ Clean Dawei ဆိုတာ ရှိခဲ့တယ်ဆိုတာ ဖြစ်သွားတာပေါ့။ အခုချိန်မှာတော့ ဘာမှလုပ်လို့ မရဘူးပေါ့။ လုပ်မယ့်လူလည်း မရှိဘူးပေါ့။ လူအင်အား၊ ငွေအင်အား မရှိတာလည်းပါတယ်။

DW ။ အရင်က Clean Dawei က ဆောင်ရွက်ခဲ့ လုပ်ဆောင်ချက်တွေကို ပြန်ပြောပြပေးပါလား။

ဖြေ ။ Clean Dawei အဖွဲ့ကို စပြီးလုပ်ဆောင်တဲ့အချိန်မှာ လာပြီးပူးပေါင်းတဲ့အဖွဲ့တွေ အများကြီးရှိတယ်။ လူငယ်တွေလည်း အများကြီးပါဝင်ကြတော့ activity လုပ်တဲ့အချိန်မှာ အရမ်းအဆင်ပြေတယ်။ ဦးတည်ချက်က လူတွေကို အမှိုက်နဲ့ ပတ်သတ်ပြီး အသိပညာပေးမယ်ဆိုပြီး သွားတာကို။ ဆာဗေးဆင်းတာတွေ၊ အမှိုက်စို အမှိုက်ခြောက်ခွဲတာတွေ လုပ်ခဲ့တယ်။ အတိုင်းအတာတစ်ခုအထိ အောင်မြင်ခဲ့တယ်လို့ ခံယူတယ်။ နောက်ပိုင်းမှာ Clean Dawei လိုမျိုးပဲ မြိတ်မှာလည်း အဖွဲ့တစ်ခုပေါ်လာတယ်။ အပြိုင်အဆိုင်လုပ်ကြတယ်။ လူတွေအားလုံး လက်ခံလာကြတယ်။ နောက်တစ်ဆင့်တက်တဲ့အနေနဲ့ ဘုရားဖူးလာတဲ့ ကားတွေမှာ အမှိုက်ခြင်းတွေတပ်တာ ၊ စနစ်တကျ စွန့်ပစ်ဖို့ စာကပ်အသိပညာပေးတာလုပ်ဖို့ တာစူထားတဲ့အချိန်မှာ ရပ်လိုက်ရတာ။

DW ။ အချိန်တစ်ခုပေးပြီး Clean Dawei ဆိုတာကို တည်ဆောက်လာရတယ်။ အတိုင်းအတာတစ်ခုအထိ လုပ်ဆောင်မှုတွေမှာ အောင်မြင်မူတွေရလာတဲ့အချိန်မှာမှ (အာဏာသိမ်းမှုကြောင့်) ရပ်တန့်သွားတဲ့အပေါ် ဘာများ မှတ်ချက်ပြုချင်တာရှိလဲ။

ဖြေ ။ စိတ်မကောင်းဘူးပေါ့။ အခုထားဝယ်မှာ။ အမှိုက်သိမ်းကားတွေ ပေါ်လာတယ်ဆိုတာက Clean Dawei နဲ့ အများကြီး ပူးပေါင်းလုပ်ဆောင်ထားတာတွေ ရှိတာကို။ လူတွေမှာ အမှိုက်ကို စနစ်တကျ ပစ်ရမယ်ဆိုတာတွေ ဝင်လာတယ်။ အခကြေးငွေနဲ့ အမှိုက်ပစ်တဲ့ဟာကို လူတွေလက်ခံလာတယ်။ နောက်တစ်ဆင့်ပေါ့လေ။ ဒီထက်ပိုပြီး စနစ်ကျဖို့ လမ်းကြို၊ လမ်းကြားပါမကျန်၊ အများပြည်သူနဲ့ ဆိုင်တဲ့နေရာ ပန်းခြံလိုနေရာတွေမှာ၊ မူကြိုနဲ့ မူလတန်းကျောင်းတွေမှာ အမှိုက်ကို ငယ်ငယ်ကတည်းက အမှိုက်အစို၊ အခြောက် ခွဲပစ်တတ်ဖို့ လေ့ကျင့်ပေးဖို့ကအစ အများကြီးစီစဉ်ထားတာပေါ့။ သို့သော်လည်း ရပ်လိုက်ရတာပေါ့လေ။ အကြောင်းမျိုးမျိုးကြောင့်။ တကယ်ကိုပဲ အကျိုးရှိတဲ့ လုပ်ငန်းတစ်ခုကို အချိန်ကာလတိုလေးမှာ အောင်မြင်နေတုန်းမှာ အကြောင်းအမျိုးမျိုးကြောင့် ရပ်လိုက်ရတာ တကယ်ကိုပဲ စိတ်မကောင်းဖြစ်မိတယ်။ ရှေ့ဆက်ရလဒ်ကိုမြင်နေပြီ၊ အသီးအပွင့်ကလည်းရှိနေပြီ ဆက်လုပ်ရင် ပိုပြီးကောင်းလာမယ်ဆိုပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ရပ်လိုက်ရတာ စိတ်မကောင်းပါဘူး။

DW ။ ဆိုတော့ အချိန်တစ်ခုပေးပြီး လူတွေရဲ့အမှုအကျင့် ပြောင်းဖို့ ကြိုးစားခဲ့တဲ့ဟာက အခုရပ်သွားရတယ်။ ဆိုတော့ အဲအချိန်မှာ လူတွေက နဂိုအတိုင်းပြန်ဖြစ်သွားကြပြီလား။ အမှိုက်တွေ စည်းကမ်းမဲ့ စွန့်လာကြပြန်ပြီလား။ ဘယ်လိုမြင်လဲ။

ဖြေ ။ ကြပ်မတ်မှုအားနည်းတာပေါ့။ အရင်တုန်းက (အရပ်ဖက်လူပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းထားတဲ့) စည်ပင်ကော်မတီဆိုတာနဲ့ စည်ပင်အဖွဲ့ဆိုပြီး နှစ်မျိုးရှိတယ်လေ။ နောက်ပိုင်းမှာကတော့ (အာဏာသိမ်းပြီးမှာ)  စည်ပင်ကော်မတီကို ဖျက်လိုက်တာကို။ စည်ပင်အဖွဲ့ဆိုတာကတော့ ဝန်ထမ်းတွေကိုပြောတာကို။ စည်ပင်အဖွဲ့က သူတို့ရဲ့မူလ အလုပ်တွေက အရမ်းများတာကို။ ကြပ်မတ် မနိုင်တာတွေပါတယ်။ ရင်တုန်းကတော့ အပြင်က ပရဟိတအဖွဲ့တွေက ပူးပေါင်းပြီးတော့လုပ်ကြတော့ ချောင်းတွေထဲ အမှိုက်မပစ်ရအောင်၊ စောင့်ကြည့်တာတို့ ဒဏ်ရိုက်တာတို့ ရှိတာကို။ အခုချိန်မှာ ဒါမျိုးတွေက မရှိတော့တာကို။ လူရဲ့သဘောသဘာဝကလည်း စည်းကမ်းဖောက်လို့ရရင် ဆက်ဖောက်ချင်တယ်။ အရေးယူမယ့်သူလည်းမရှိ ပိုပြီးလုပ်ရဲလာတယ်။ ဟိုးတလောကပဲ ကမ်းနားလမ်းမှာ အမှိုက်တွေအရမ်းကို ပွနေတာ။ အမှိုက်ပရမ်းပတာပစ်တာတွေ ဖြစ်လာတာကို မြင်လာရတယ်။ အခုနားက စိတ်မကောင်းဘူးလို့ပြောတာ အဲဒါတွေပါတယ်။ အခုချိန်မှာ ငါလုပ်တာဘယ်သူမှ မမြင်ပါဘူးလေဆိုပြီး ငါလုပ်တာဘယ်သူမှလည်း ပြောမယ့်သူမရှိပါဘူးဆိုပြီး အမှိုက်ပို ပစ်ချင်သလိုပစ်နေကြတာ ရှိကြပါတယ်။ ချောင်းတွေ၊ လမ်းတွေမှာ ပစ်နေတာတွေမြင်ရပါတယ်။ ဆိုတော့ အရင်တုန်းကရှိခဲ့တဲ့ အမူအကျင့်ကောင်းတွေက ပျောက်သွားတာတော့မဟုတ်ဘူး။ လျော့ကျသွားတာပေါ့။

DW ။ ဘာများဖြည့်စွက်ပြောချင်တာရှိသေးလဲ။

ဖြေ ။ ကောင်းတာကို လုပ်တယ်ဆိုပေမယ့် ရည်ရွယ်ချက်ကတစ်မျိုး ရလာဒ်က တစ်မျိုးဖြစ်သွားတာတွေ ရှိပါတယ်။ ကောင်းမှန်းသိပေမယ့် ထလုပ်လို့မရတဲ့အကြောင်းတရားတွေလည်း ရှိပါတယ်။ ဒါမျိုးတော့ရှိတာပေါ့နော်။

DW ။ ကျေးဇူးတင်ပါတယ်။

“တံတားပေါ်ကနေ အမှိုက်ထုပ်ကို ထားဝယ်မြစ်ထဲကို ပစ်ချလိုက်တယ်”

ကိုသန့်ဇင်အောင် (ထားဝယ်မြို့၊ ရှမ်းမလည်ဆွဲရပ်ကွက်)

DW ။ အာဆီယံ အသန့်ရှင်းဆုံးဆုရ မြို့တော်ထားဝယ်ရဲ့ အမှိုက်ကင်းစင်မှု၊ သန့်ရှင်းမှု အခြေအနေနဲ့ အခုအခြေအနေ ဘယ်လိုကွာဟမှုတွေရှိနေပါသလဲ။

ဖြေ ။ ဘယ်လိုကွာဟမှုရှိလဲဆို အဓိကတော့ ဘယ်လိုပြောမလဲ ကျွန်တော့်အမြင်ပေါ့နော်။ တစ်မြို့လုံး ပတ်ပြီးသွားတဲ့ အခြေအနေကတော့ သိပ်ပြီးတော့ အမှိုက်မရှိဘူး။ ဘာလို့လဲဆိုတော့ အရင်က ကိုယ့်အိမ်ကထွက်တဲ့ အမှိုက်တွေကို ပစ်လို့ရအောင် စည်ပင်က အမှိုက်ပုံးတွေ ထားပေးထားတယ်။ စည်ပင်အမှိုက်ပုံးနဲ့တုန်းက အမှိုက်ပုံးမှာ အမှိုက်ပြည့်လာရင် ခွေးတွေက အမှိုက်တွေကို ဆွဲနဲ့ ဘာနဲ့ အရမ်းကို ညစ်ပတ်စုတ်ပြတ်သတ်တယ်။ နောက်ကနေ စည်ပင်အမှိုက်ကားက လိုက်သိမ်းတယ်။ အဲ့ဒါက အရင်တုန်းက အခြေအနေ၊ နောက်တော့ ကိုဗစ်မဖြစ်ခင်မှာ အမှိုက်သိမ်းတဲ့ စနစ်ကို ပုဂ္ဂလိကတွေကို အားလုံးပေးလိုက်တယ်။ ပုဂ္ဂလိကအမှိုက်သိမ်းစနစ်နဲ့က တစ်လကို အမှိုက်သိမ်းခ တစ်လ ၂၀၀၀-၃၀၀၀ (ကျပ်) ပေးရတာတော့ ရှိတယ်။ တစ်မျိုးကောင်းတာက ခွေးဆွဲတာတွေ ညစ်ပတ်တာတွေ မဖြစ်တော့ဘူး။

ပြီးတော့ အရင်တည်းကကို အရပ်ဘက် အဖွဲ့အစည်းတွေက အမှိုက်လိုက်ကောက်တာတွေက သပ်သပ်၊ မြို့နယ်စည်ပင်က အလုပ်သမားငှားပြီး မြို့ထဲမှာ အမှိုက်ကောက်တာတွေ ရှိတယ်။ အခုထိလည်း အဲ့ဒီပုံစံအတိုင်း Run နေတာ ရှိတယ်။ မိန်းလမ်းလို နေရာမျိုးတွေမှာပေါ့နော်။ အဓိကတော့ ဧည့်သည်သွားလာများတဲ့ နေရာတွေမှာပေါ့။ ဒါကတော့ မြို့တွင်းအခြေအနေပေါ့၊ မြို့ပြင်အခြေအနေတော့ ကျွန်တော်မသိဘူး။

 DW ။ အမှိုက်ကောက်အဖွဲ့တွေရော ပြန်လည်ပတ်နေတာရှိသလား။ သက်ဆိုင်ရာဌာနကရော အမှိုက်နဲ့ပက်သက်ပြီး ဘယ်လိုဆောင်ရွက်မှုတွေ ရှိလဲ။ ဘယ်လိုမြင်တွေ့ရလဲ။

ဖြေ ။ အမှိုက်ကောက်တဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကတော့ ကိုဗစ်တည်းက ရပ်လိုက်ပြီ။ မရှိတော့ဘူး။ လူတွေ လုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ စည်ပင်က ဝန်ထမ်းငှားပြီး လုပ်နေတာရှိတယ်။

DW ။ ချောင်းတွေ၊ မြောင်းတွေနဲ့ ထားဝယ်မြစ်အတွင်းကို စည်းကမ်းမဲ့ အမှိုက်ပစ်တာမျိုးတွေရော တွေ့ရတာ မျိုးရှိလား။ ဒီလို ပစ်တဲ့အပေါ်မှာရော ကြပ်မတ်မှုတွေရှိသေးလား။

ဖြေ ။ ရေတက်ချိန်ဆိုရင်တော့ မင်းရပ်ကတို့ချောင်းမှာ ရေတက်ချိန်ဆို အမှိုက်တွေပါလာတတ်တယ်။ တချို့တွေကတော့ ပုဂ္ဂလိက တာဝန်မဲ့မှုတွေနဲ့ ဆိုင်တယ်။ တချို့တွေလည်း ကျွတော်မြင်ရတာ သုံးလေးခါရှိပြီ။ ကမြောကင်းတံတားကို လာတယ်။ ပြီးတော့ တံတားပေါ်ကနေ အမှိုက်ထုပ်ကို ထားဝယ်မြစ်ထဲကို ပစ်ချလိုက်တယ်။ အဲဒီလိုတွေလည်း ရှိတယ်။ ထားဝယ်မြို့ထဲမှာတော့ အမှိုက်ပြဿနာက အဲဒီလောက်ကြီးထိ မရှိဘူး။

DW ။ ကျေးဇူးတင်ပါတယ်။

“စနစ်ကြောင့် အကျင့်ကောင်းတွေ ပျောက်သွားမယ်”

မြိတ်မြို့ ရွှေပြည်တန်ရပ်ကွက်နေ အသက် ၄၀ ကျော် အရွယ်အမျိုးသားလုပ်ငန်းရှင်

DW ။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ သဘာဝပတ်ဝန်းကျင်နဲ့ ဆက်စပ်တဲ့ အမှိုက်တွေကို စနစ်တကျ စွန့်ပစ်တတ်တဲ့ အကျင့်တွေ၊ အပတ်စဉ်တိုင်းလို အမှိုက်နဲ့ ပတ်သက်ပြီး ကမ်းပိန်းလုပ်တာ အမှိုက်ကောက်တာတွေ မတွေ့ရတော့ဘူးပေါ့။ ဒီအပေါ်မှာ ဘယ်လိုမြင်ပါသလဲ။

ဖြေ ။ အခုအနေကို ပြန်ကြည့်ကြည့် အုပ်ချုပ်ရေးဘက်ရော ဥပဒေပြုမဏ္ဍိုင်ရော အစစအရာအရာ အားလုံး တပ်က ချုပ်ကိုင်ထားတဲ့အချိန်မှာ ကောင်းတဲ့အလုပ်၊ အများအတွက် ကောင်းတဲ့အလုပ် လုပ်တဲ့သူ မရှိကြတော့ဘူး၊ နီးရာချောင်းထဲ အမှိုက်ပစ်တဲ့ခေတ် ပြန်ရောက်နေပါပြီ။

DW ။ ဒီလို ပတ်ဝန်းကျင်အတွက်ရော လူထုအတွက်ပါ အကျိုးရှိတဲ့ ကောင်းမွန်တဲ့အလုပ်တွေကို ဘာကြောင့် မလုပ်ဖြစ်ကြတာလဲ။

ဖြေ ။ အဓိကက သူတို့ပဲ အုပ်ချုပ်နေတာ၊ ဒါတွေကိုလုပ်တဲ့ တစ်ဦးတစ်ယောက်ရော၊ အဖွဲ့အစည်းတွေက ဒါကို လိုက်လုပ်နေမယ်ဆိုရင် တပ်ကိုအားပေးရာလည်း ရောက်သလို၊ အခြားတစ်ဖက်ကလည်း တပ်နဲ့

တစ်ဖက်တည်း ဆိုတာမျိုး သွားမြင်ကြတာပေါ့။ ဒီလိုမြင်တာ အန္တရာယ်ရှိတယ်။ အန္တရာယ်ရှိတဲ့အတွက်ကြောင့် ခုချိန်မှာ ဘယ်သူမှ ဝင်မလုပ်ကြဘူး။ လုပ်တဲ့သူတချို့ရှိချင် ရှိမယ်။ လုပ်နေတဲ့အပေါ်မှာရော တပ်နဲ့ ရဲရော ဘာမှ အာမခံချက် မပေးနိုင်ဘူး။ ဒီတော့ နားလည်ပါးနပ်စွာနဲ့ ရှောင်ပြီးတော့ လုပ်သင့်တဲ့ အလုပ်ကိုလုပ်မယ်။ မလုပ်သင့်တဲ့ အလုပ်ကို မလုပ်တော့ဘူး။

DW ။ ခုနကပြောတဲ့ နီးရာချောင်းထဲ အမှိုက်ပြန်ပစ်တဲ့ခေတ် ပြန်ရောက်နေတယ်ဆိုတာက ဘာကို ဆိုလိုတာလဲ။

ဖြေ ။ လူတွေက အစကတည်းက စည်းကမ်းမရှိဘူး။ ကိုယ်နဲ့ နီးရာနီးရာ ချောင်း၊ မြောင်းတွေထဲ အမှိုက်ပစ်နေကြတာက နေပြီးတော့ (ကိုဗစ်မတိုင်ခင်က) စနစ်တကျစွန့်ပစ်တတ်တဲ့ အကျင့်ရအောင် စလုပ်နေတဲ့ အဆင့်ပဲ ရှိသေးတယ်။ အခုဆို အရင်လို အမှိုက်ကားတွေ ရက်မမှန်တော့ဘူး။ သူတို့လာချင်တဲ့ရက်မှ လာချင်လာမယ်။ ဒီတော့လူတွေကလည်း ပစ်ချင်တဲ့နေရာ ပစ်ကြတာပေါ့။ အရေးယူဖို့ နေနေသာ ဘယ်သူမှ ဂရုမစိုက်ကြတော့ဘူး။

DW ။ ပတ်ဝန်းကျင်အတွက်ရော လူထုအတွက် အကျိုးပြုတဲ့ အလုပ်လုပ်တဲ့သူတွေ မရှိကြတော့ ဘာတွေ အကျိုးသက်ရောက်မှုရှိလာနိုင်မလဲ။

ဖြေ ။ ဒီလို မလုပ်ကြတော့ ထိခိုက်ဆုံးရှံးတာတွေတော့ ရှိမှာပေါ့။ စနစ်ကြောင့် အကျင့်ကောင်းတွေ ပျောက်သွားမယ်။ သဘာဝပတ်ဝန်းကျင်ယိုယွင်း ပျက်ဆီးတာတွေ ဖြစ်လာမယ်။ ဒါတွေကို လူတွေကပဲ ခံစားကြရမယ်။

DW ။ အခြားဖြည့်စွင်ပြောချင်တာများ ရှိပါသလား။

ဖြေ ။ ကောင်းတဲ့အရာတွေဆိုပေမယ့် မလုပ်ရဲကြဘူး။ ရပ်ရွာအတွက် နိုင်ငံအတွက် အကျိုးဖြစ်စေတာကို လုပ်ချင် ကိုင်ချင်ပေမယ့် လုပ်ရင် ကြားညှပ်တဲ့ အနေအထားရှိတယ်။ ဘာဖြစ်နေသလဲဆိုရင် ကိုယ့်ထမင်းကိုယ်စားပြီး ဘကြီးနွားကျောင်းနေသလိုဖြစ်နေတာကိုး။ ဒီတော့ ဘာမှ မလုပ်ကြတော့တာပါ။

DW ။ ကျေးဇူးတင်ပါတယ်။