ထားဝယ်တွင် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားသုံးဦး အသတ်ခံရ

0
4729

ထားဝယ်မြို့၊ သင်္ဘောဆိပ်ရပ်ကွက်မှ အမျိုးသမီးတစ်ဦးနှင့် သရက်ချောင်းမြို့နယ် ပြင်းဖြူကြီးရွာမှ အမျိုးသားသုံးဦး၏ အလောင်းလေးလောင်းကို နိုဝင်ဘာ ၂၅ ရက်နေ့ (မနေ့က) မနက်ပိုင်းတွင် ဆင်ဖြူပြင်ဆိပ်ကမ်းအနီးတွေ့ရှိခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

သရက်ချောင်းမြို့နယ်၊ ဆင်ဖြူပြင်ရွာ ဆိပ်ခံတံတားအနီးတွင် ငါးဖမ်းလှေတစ်စီး မျောပါနေသည်ကို တွေ့ရှိရပြီး လှေပေါ်တွင် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားသုံးဦး၏ ရုပ်အလောင်းများကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သရက်ချောင်းမြို့ပေါ်ရပ်ကွက်မှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

လှေပေါ်တွင်သေဆုံးနေသူ အမျိုးသမီးမှာ ထားဝယ်မြို့ သင်္ဘောဆိပ်ရပ်ကွက်မှ မခိုင်(ခေါ်) ဒေါ်ဝင်းခိုင်ကျော်ဖြစ်ပြီး သရက်ချောင်းမြို့နယ် ပြင်းဖြူကြီးရွာမှ အမျိုးသား သုံးဦးမှာ ရွာအခေါ် သားသား(ခ) ကိုအောင်မျိုးသန်း၊ အာလူး၊ ချူးဝါး တို့ဖြစ်သည်ဟု ပြင်းဖြူကြီးရွာမှ ဒေသခံအချို့က ပြောသည်။

အသက် ၃၅ နှစ်ခန့်ရှိ သားသားမှာ ရွာတွင် လှေငယ်ဖြင့် ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူဖြစ်ပြီး ကျန်နှစ်ဦးမှာ ၎င်းထံတွင် အခစားဖြင့် လုပ်ကိုင်နေသည့် အလုပ်သမားများဖြစ်သည်ဟု ပြင်းဖြူကြီးရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ပင်လယ်မှာ လှေတစ်စီးမျောနေတယ်ဆိုပြီးပြောတယ်၊ အိမ်က မိသားစုနဲ့ အဆက်အသွယ်ပြတ်နေတာကလည်း တစ်ရက်နှစ်ရက်ဖြစ်ပြီလို့ ပြောတယ်၊ အလောင်းကို မနေ့က တွေ့တာ” ဟု အထက်ပါ အမျိုးသားက ဆိုသည်။

သေဆုံးသူ လေးဦးမှာ နိုဝင်ဘာ ၂၃ ရက်နေ့ကတည်းက အသတ်ခံရခြင်းဖြစ်ပြီး နိုဝင်ဘာ ၂၅ ရက် နံနက်မှ လှေပေါ်တွင် အလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအချို့က ပြောသည်။

၎င်းတို့ လေးဦးကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း နိုဝင်ဘာ ၂၅ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

ဒေါ်ဝင်းခိုင်ကျော်မှာ ပျူစောထီးခေါင်းဆောင်ဖြစ်ပြီး စစ်ကောင်စီနှင့် ပျူစောထီးအဖွဲ့အတွက် လိုအပ်သည့် လက်နက်ခဲယမ်းနှင့် စစ်ကူအင်အားကို ရေလမ်းကြောင်းအသုံးပြုကာ ကူညီပေးနေသူဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒေါ်ဝင်းခိုင်ကျော်၏ သားမှာ ရေတပ်မှ စစ်ဗိုလ်တစ်ဦးဖြစ်ပြီး ကျန်သုံးဦးမှာ ဒေါ်ဝင်းခိုင်ကျော်၏ လုံခြုံရေးအဖြစ် လိုက်ပါသူ နောက်လိုက် ပျူစောထီးများဖြစ်သဖြင့် သုတ်သင်ရှင်းလင်းခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကိုသားသားတွင် စစ်ကောင်စီက ထုတ်ပေးသည့်လက်မှတ်ဖြင့် အနောက်ဘက်ကမ်းရွာများအထိ ငါးသွားဖမ်းလေ့ရှိကြောင်း၊ အနောက်ဘက်ကမ်းရွာမှ အခြား တံငါလုပ်စားနေသည့် ရွာခံများက ၎င်းတို့ရှာဖွေနေသည့် နေရာတွင် ငါးမဖမ်းရန် ပြောဆိုမှုများရှိကြောင်း ပြင်းဖြူကြီးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

အာလူးနှင့် ချူးဝါးမှာ နေ့စားအလုပ်သမားများဖြစ်ပြီး ယခုတစ်ခေါက်မှ သားသားလှေတွင် လိုက်ပါခြင်းဖြစ်သည်ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

“သူတို့တွေက တစ်နေ့လုပ် တစ်နေ့စားတွေ၊ အားလူးဆိုလည်း အိမ်ကိုမရှိဘူး၊ အဖိုးအိမ်မှာ ကပ်နေကြရတာ၊ သူ့အဖေက လေစွဲနေတယ်၊ သူတို့ညီကိုတွေအကုန်လုံး သူ့အဖေ လေစွဲနေသူကို လုပ်ကျွေးနေကြတယ်၊ ချူးဝါးကိုတော့ သိပ်မသိဘူး” ဟု အထက်ပါ အမျိုးသမီးက ဆိုသည်။

အသက် ၃၀ ခန့်ရှိ အာလူးမှာ သားသား၏ ယောက်ဖတော်စပ်ဖူးသူဖြစ်ပြီး ချူးဝါးမှာ အသက် ၂၀ ကျော် ၃၀ နီးပါး ခန့်ရှိမည်ဟု ခန့်မှန်းရကြောင်း ဒေသခံအချို့ကပြောသည်။

အသက် ၅၀ ခန့်ရှိ(ခန့်မှန်း) ဒေါ်ဝင်းခိုင်ကျော်ကို မော်ရှည်ကုန်းသုဿာန်တွင် နေ့ချင်း သင်္ဂြိုဟ်ခဲ့ပြီး ပြင်းဖြူကြီးရွာသား သုံးဦးကို ၎င်းတို့ရွာတွင်ပင် နေ့ချင်းသင်္ဂြိုဟ်ခဲ့သည်ဟု သိရသည်။