ပုလောနှင့် ကျွန်းစုက ဒီရေတော ဧကလေးထောင်ကျော်ကို ကာကွယ်တောအဖြစ်သတ်မှတ်

0
3440

မြိတ်ခရိုင် ကျွန်းစုနှင့် ပုလောမြို့နယ်တို့ရှိ ဒီရေတောဧရိယာ ၄၀၅၇ ဧက ကို ကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ် လိုက်ကြောင်း သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ကျွန်းစုမြို့နယ်ရှိ အကျယ်အဝန်း ၃၃၄၀ ဧကရှိသော မအိုင်ကျွန်းဒီရေတောနှင့် ပုလောမြို့နယ်ရှိ အကျယ်အဝန်း ၇၁၇ ဧကရှိသော ကျောက္ကာအနောက်ကျွန်းတို့ကို ကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်လိုက်ခြင်းဖြစ်သည်။

မအိုင် ဒီရေတောအား ဩဂုတ်လကတည်းက သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ကျောက္ကာအနောက်ကျွန်းကိုမူ နိုဝင်ဘာလ ၁၅ ရက်က စတင်သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း အထက်ပါဌာနထံမှ သိရသည်။

မအိုင်ကျွန်း ဒီရေတောအတွင်း လမု၊ သမဲ့၊ ကန့်ပလာ၊ ဗြူးခြေထောက်၊ ဗြူးအုပ်ဆောင်း၊ မဓမ၊ ပင်လယ်အုန်း၊ ခရာ အစရှိသည့် ဒီရေတောပင်များ ပေါက်ရောက်လျက်ရှိပြီး ရေငန်ငါးအမျိုးမျိုး၊ ပုစွန်၊ ကဏန်း၊ ခရုစုပ်ငှက်၊ နှုတ်သီးဝိုင်း ရေညောင့်ငှက်၊ ဝန်ပိုငှက်၊ တောဘဲ၊ ဒင်ကျီးငှက်တို့ ကျက်စားလျက်ရှိသည်ဟု ဆိုသည်။

ကျောက္ကာအနောက်ကျွန်း ဒီရေတောတွင်လည်း ဗြူးခြေထောက်၊ ဗြူးအုပ်ဆောင်း၊ လမု၊ ကန့်ပလာ၊ ကနစို၊ ပင်လယ်အုန်း စသည့် ဒီရေတော သစ်မျိုးများ၊ တောကျီးကန်း၊ ချိုး၊ ဘုတ်၊ ရေကြက်၊ ဗျိုင်း၊ မျောက်၊ ဖွတ်၊ ဖျံ၊ မြွေ၊ အင်းကျား စသည့် တိရစ္ဆာန်များအပါအဝင် ငါးမျိုးစုံ၊ ပုစွန်၊ ကဏန်းတို့ ကျက်စားလျက်ရှိသည်ဟု ဆိုသည်။

ဒီရေတောများသည် မုန်တိုင်း၊ မြစ်ကမ်းပါး ပြိုကျခြင်းကဲ့သို့သော သဘာဝဘေးအန္တရာယ်များကို ကာကွယ်ပေးသည်။

ယင်းပြင် ဒီရေတောအတွင်းရှိ အပင်များ၊ သက်ရှိသတ္တဝါများကို ထိန်းသိမ်းခြင်းဖြင့် သဘာဝ ဂေဟစနစ်ကို သဟဇတ ဖြစ်စေပြီး ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ကို လျှော့ချပေးသည်။

သို့သော် စာရွက်ပေါ်တွင် ဒီရေတောထိန်းသိမ်းရေး ဧရိယာအဖြစ်သတ်မှတ်ခြင်းဖြင့် မရဘဲ လက်တွေ့ ထိန်းသိမ်းရေး လုပ်ငန်းစဉ်များကို ရေရှည်လုပ်ဆောင်နိုင်မှသာ ထိရောက်နိုင်မည်ဖြစ်ကြောင်း ယခင်က အရပ်ဘက်အဖွဲ့အစည်း ဒီရေတော ထိန်းသိမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်ခဲ့ဖူးသူ ထားဝယ်ဒေသခံတစ်ဦးက ထောက်ပြသည်။

“ဒီအချိန်မှာ ဘာမှ လက်တွေ့ထိထိရောက်ရောက် မလုပ်နိုင်ဘဲနဲ့ ထိန်းသိမ်းနေတာကတော့ အလကားပဲပေါ့။ စာရွက်ပေါ်မှာတော့ ကြိုက်သလို ထိန်းလို့ရတာပေါ့” ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ အထိ တစ်နှစ်တာအတွင်း ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တော ၄၀၄,၁၅၈ ဧက၊ သဘာဝ ထိန်းသိမ်းရေးနယ်မြေ ၅၈၁,၈၀၄ ဧက သတ်မှတ်ဖွဲ့စည်းထား ကြောင်း သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနထံမှ သိရသည်။

ကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်ထားသော ဧရိယာအတွင်း သစ်ထုတ်ယူခြင်း၊ သား၊ ငါးဖမ်းဆီးခြင်းတို့ လုပ်ခွင့်မရှိကြောင်း တားမြစ်ထားသည်။

ကျူးလွန်ပါက သစ်တောဥပဒေပုဒ်မ ၄၀ ဖြင့်‌ အရေးယူခံရပြီး တစ်နှစ်ထက်မပိုသည့် ထောင်ဒဏ်ချမှတ်ခံရနိုင်ကြောင်း မြို့နယ် သစ်တောဦးစီးမှူးတစ်ဦးက ပြောသည်။

မြေပြင်ကွင်းဆင်းခြင်းမရှိ၊ ဥပဒေလုပ်ထုံးလုပ်နည်းများအတိုင်း တိတိကျကျ မလိုက်နာဘဲ စာရွက်ပေါ်တွင် ကြိုပြင် ကာကွယ်တောအဖြင့် ဒီရေတောများကို သတ်မှတ်ခြင်းကြောင့် ‌ဒေသခံများ အခက်တွေ့ရကြောင်း လေ့လာသူတစ်ဦး က ဆိုသည်။

“ဒေသခံတွေက အရင်အဲဒီနေရာတွေမှာ ဥယျာဉ်ခြံတွေနဲ့ အေးအေးဆေးဆေး နေနေကြတာ။ ကြိုးပြင် ကာကွယ်တောဆိုပြီး သတ်မှတ်လိုက်တော့ အလကားနေရင်း သစ်တောဥပဒေချိုးဖောက်သူဖြစ်သွားတယ်” ၎င်းက ဆိုသည်။

တနင်္သာရီတိုင်းတွင် ဒီရေတောများကို ကာကွယ်တောအဖြင့်သတ်မှတ်ရန် NLD အစိုးရလက်ထက်ကတည်းက နေရာ ၂၀ ကျော် လျာထားခဲ့ကြောင်း လေ့လာသူတို့က ပြောဆိုကြသည်။