တိုက်ပွဲအကြိမ်ရေ ရှစ်ထောင်နားကပ်လာ၊ တရုတ်စီမံကိန်းများအနီးတွင်ဖြစ်ပွားမှု နှစ်ဆတိုးလာဟုဆို

0
3678
တိုက်ပွဲများ ပြင်းထန်နေသည့် စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်က ကျေးရွာတစ်ရွာ

မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းအနီးဝန်းကျင်နှင့် အနီးတဝိုက် ဆက်စပ်နေရာများတွင် ယခုနှစ်အတွင်း တိုက်ပွဲဖြစ်ပွားမှု နှစ်ဆနီးပါးတိုးလာပြီး အကြိမ်ရေအားဖြင့် ၂၀၀ ထက်မနည်းရှိကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP Myanmar) က ယနေ့ ထုတ်ပြန်သည်။

အာဏာသိမ်းဖြစ်စဉ်နောက်ပိုင်းမှ ယခုနှစ် အောက်တိုဘာလ ၃၁ ရက်အထိ မြန်မာနိုင်ငံတွင် တိုက်ပွဲပေါင်း ၇၈၀၀ ကျော် ရှိလာပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယင်းအနက် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်းများ အကောင်အထည်ဖော်ရန် စီစဉ်ထားသည့် တိုင်းနှင့် ပြည်နယ် ရှစ်ခုက မြို့နယ် ၄၃ ခုတွင် တိုက်ပွဲ ၃၀၁ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း ISP က ဆိုသည်။

တရုတ်စီမံကိန်းများအနီး ဖြစ်ပွားသည့်တိုက်ပွဲများအနက် အကြိမ်ရေ နှစ်ရာထက်မနည်းမှာ ယခုနှစ် အောက်တိုဘာလ အထိ ၁၀ အတွင်းဖြစ်ပွားခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

၂၀၂၁ ခုနှစ်တွင် အကြိမ်ရေ ၁၀၀ ကျော်သာ ရှိခဲ့ရာ ယခုနှစ်တွင် တိုက်ပွဲဖြစ်ပွားမှု နှစ်ဆနီးပါးတိုးလာခြင်းဖြစ်ကြောင်း ISP ဆိုသည်။

၂၀၂၁ ခုနှစ်အတွင်း ဖြစ်ခဲ့သည့် တိုက်ပွဲအကြိမ်ရေ ၁၀၀ ကျော်၏ ၇၅ ရာခိုင်နှုန်းကျော်မှာ တရုတ်-မြန်မာ စီးပွားရေး စင်္ကြံစီမံကိန်းများ၏ ဆုံချက်ဖြစ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ISP ထံမှ သိရသည်။

ယခုနှစ် ၁၀ လတာအတွင်းဖြစ်ပွားသည့် တိုက်ပွဲအကြိမ်ရေ ၂၀၀ ကျော်၏ ထက်ဝက်နီးပါးမှာ မြန်မာနိုင်ငံ အလယ်ပိုင်း မုံရွာ၊ ပခုက္ကူ၊ ငဖဲ၊ နွားထိုးကြီးနှင့် ကျောက်ဆည်မြို့နယ်တို့တွင်ဖြစ်ပြီး ၃၅ ရာခိုင်နှုန်းနီးပါးမှာ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဖြစ်သည်ဟု ဆိုသည်။