ညောပြင်ရွာဖြစ်စဉ်တွင် အမျိုးသားနှစ်ဦး ပစ်သတ်ခံရ

0
3739

လောင်းလုံးမြို့နယ် ညောပြင်ရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ် ပြန်ထွက်သွားပြီးနောက် ဒေသခံနှစ်ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိကြောင်း ဒေသခံများက ပြောသည်။

ယနေ့ နိုဝင်ဘာလ ၂၅ ရက် နံနက်ပိုင်းက ညောပြင်ရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ပစ်သတ်ခံရသူမှာ ညောပြင်ရွာသား အသက် ၂၀ကျော်အရွယ်ရှိ ဒေသအခေါ် လေးရွာစားဆိုသူ အမျိုးသားနှင့် အီကြာကွေးကြော်ရောင်းသည့် ရွှေ့ပြောင်းလုပ်သား အသက် ၃၀ကျော်အရွယ် အမျိုးသားတစ်ဦး တို့ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“အလောင်းကို ခြုံထဲကို ဆွဲသွင်းထားခဲ့တယ်” ဟု ၎င်းက ဆိုသည်။

ယင်းနောက် ညနေ ၅နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်သွားပြီး ဒေသခံများ၏ ဆိုင်ကယ် ၁၅ စီးခန့်ကို ယူဆောင်သွားသည်ဟု ဒေသခံတို့က ပြောဆိုသည်။

“နေအိမ်တွေလည်း ဖျက်ဆီးခံထားရတယ်။ မနည်းဘူး။ လက်ဝတ်ရတနာနဲ့ ပိုက်ဆံတွေက ဘယ်လောက်ပါသွား တယ် ဆိုတာ စာရင်း အတိအကျ မရသေးဘူး။ ဆိုင်ကယ်တွေကိုတော့ စီးသွားကြတယ်။ နောက်မှာက Vigo ကားရယ်၊ အံစာတုံးကားနဲ့ အိမ်စီးကားတစ်စီးလိုက်သွားတယ်” ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။

မနက်ပိုင်းတွင် ဖမ်းဆီးခံထားရသည့် ညောပြင်ရွာသား ၂၀ ခန့်ကိုမူ ညနေပိုင်းတွင် ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဒေသခံအများစုကမူ ကြောက်လန့်ပြီး မိသားစုအလိုက် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိရာ အစား အသောက်နှင့် သောက်သုံးရေ အခက်အခဲဖြစ်နေကြောင်း တိမ်းရှောင်နေသူဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ညောပြင်ကျေးရွာသည် လောင်းလုံးမြို့၏ အနောက်တောင်ဖက် ပင်လယ်ကမ်းရိုးတမ်းတစ်လျှောက်တွင် ရှိပြီး ဒေသခံအများစုမှာ ပင်လယ်ငါးဖမ်းလုပ်ငန်းများဖြင့် အသက်မွေးကြသည်။