တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

0
3374

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

နိုဝင်ဘာ ၂၀ ရက်နေ့မှ ၂၆ ရက်နေ့အထိ

ဗြီတိန်က ယူကရိန်းအတွက် ရဟတ်ယာဉ်တွေ ပထမဆုံး ပေးပို့မယ်

ရုရှား – ယူကရိန်းအရေးမှာ ယူကရိန်းကိုကူညီတဲ့အနေနဲ့ ဗြိတိန် ကနေ ရဟတ်ယာဉ်တွေ ပထမဆုံးအကြိမ်အနေနဲ့ စေလွှတ်မယ်လို့ လန်ဒန် ကာကွယ်ရေးဝန်ကြီးဌာနကနေ နိုဝင်ဘာ ၂၃ ရက်မှာ ပြောကြားလိုက်ပါတယ်။

ယူကရိန်းနိုင်ငံရဲ့ လေယာဉ်အမှုထမ်းနဲ့ အင်ဂျင်နီယာဆယ်ဦးတို့ဟာ ယူကေမှာ ခြောက်ပတ်ကြာ လေ့ကျင့်ရေးအစီအစဉ်များကို ပြုလုပ်ခဲ့ကြတာပါ။

ဗြိတိသျှတိုက်ခိုက်ရေးယာဉ်အမျိုးအစား Sea King ရဟတ်ယာဉ်သုံးစင်းနဲ့အတူ နောက်ထပ်အမြောက်ကျည် ၁၀,၀၀၀ ကိုလည်း ထောက်ပံ့ပေးမယ်လို့ ဆိုထားပါတယ်။

ဗြိတိန်ဝန်ကြီးချုပ်သစ် မစ္စတာရီရှီဆူးနက်ခ်ကတော့ အီရန်ကနေ ရုရှားကို ထောက်ပံ့ပေးထားတဲ့ ဒရုန်းတွေကို တန်ပြန်နိုင်ဖို့ လေယာဉ်ပစ်သေနတ် ၁၂၅ လက်တို့ပါဝင်တဲ့ ပေါင်သန်း ၅၀ ပမာဏ (ကန်ဒေါ်လာ ၅၉ သန်း) တန်ဖိုးရှိ ကာကွယ်ရေးအကူညီတွေ ပေးအပ်မယ်လို့ သူရဲ့ ယူကရိန်းခရီးစဉ်မှာ ပြောကြားခဲ့ပါတယ်။

Ref: BBC

………………………………..

အတိုက်အခံခေါင်းဆောင် အန်နဝါ အီဘရာဟင်မ်က မလေးရှားဝန်ကြီးချုပ်ဖြစ်လာ

မလေးရှားနိုင်ငံရဲ့ ဆယ်ကြိမ်မြောက် ဝန်ကြီးချုပ်အဖြစ် အန်နဝါ အီဘရာဟင်မ်ကို မလေးရှားဘုရင်ကနေ ခန့်အပ် တာဝန်ထမ်းဆောင်ခွင့်ပြုလိုက်ပါတယ်။

အထွေထွေရွေးကောက်ပွဲရလာဒ်တွေ ထွက်ပေါ်လာခဲ့ပြီးတဲ့နောက် မလေးရှားဘုရင်ကနေ အထူးအစည်းအဝေးတစ်ရပ်ကို နိုဝင်ဘာ ၂၄ ရက်နေ့မှာ ခေါ်ယူခဲ့ပြီး ဆုံးဖြတ်ချက်ကို ဘုရင့်နန်းတော်ကနေ ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့‌ နိုဝင်ဘာ ၁၉ ရက်နေ့က ကျင်းပခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲမှာ ဘယ်ပါတီအစုအဖွဲ့ကမှ ပါလီမန် အမတ်နေရာအများစုကို အပြတ်အသတ် အနိုင်မရခဲ့တဲ့ အခြေအနေကို ရောက်ရှိခဲ့တာပါ။

ဒါကြောင့် မလေးရှား ဝန်ကြီးချုပ်သစ်ကို ဘုရင်ကနေ ရွေးချယ်မယ်လို့ ကြေညာချက် ထွက်ရှိခဲ့တာဖြစ်ပါတယ်။

အသက် ၇၅ နှစ်အရွယ် အန်နဝါက နှစ်ပေါင်းများစွာ ဝန်ကြီးချုပ်ရာထူးနဲ့ နီးစပ်တဲ့ အနေအထားကို ရောက်ခဲ့ပြီး သူဟာ လိင်တူချင်း ဆက်ဆံမှု၊ အကျင့်ပျက်ခြစားမှု စတဲ့ စွဲချက်တွေနဲ့ ဆယ်စုနှစ် တစ်စုနီးပါးအထိ အကျဉ်းချခံခဲ့ရပါသေးတယ်။

Ref: CNN

………………………………..

အင်ဒိုနီးရှားငလျင်ကြောင့် သေဆုံးသူ ၂၇၀ ကျော်အထိရှိလာ

အင်ဒိုနီးရှားနိုင်ငံမှာ ရစ်ချစ်တာစကေး အင်အား ၅ ဒသမ ၆ ရှိ မြေငလျင်လှုပ်ရှားခဲ့ပြီးတဲ့နောက် သေဆုံးသူအရေအတွက်ဟာ ၂၇၂ ဦးအထိရှိလာတယ်လို့ နိုဝင်ဘာလ ၂၄ ရက်နေ့မှာ အာဏာပိုင်တွေက ပြောကြားပါတယ်။

မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုတွေ ဆက်တိုက်ဖြစ်လာလို့ ငလျင်ဒဏ်ခံစားရသူတွေ ပျောက်ဆုံးနေသူတွေကို ရှာဖွေကယ်ဆယ်ဖို့ အခက်အခဲတွေ နှောက်နှေးမှုတွေ ဖြစ်နေကြရတယ်လို့ ဆိုပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ နိုဝင်ဘာ ၂၁ ရက်နေ့က ရစ်ချစ်တာစကေး ၅ ဒသမ ၆ အင်အားရှိတဲ့ မြေငလျင်တစ်ခုဟာ မြိုတော် ဂျာကာတာကနေ အရှေ့တောင်ဖက် ၇၅ ကီလိုမီတာအကွာမှာရှိတဲ့ Cianjur မြို့အနီးမှာ လှုပ်ခတ်ခဲ့ပါတယ်။

Ref: The New York Times

………………………………..

အမေရိကန်တွင် သေနတ်ပစ်မှုဖြစ်ပွားလို့ လူ ၆ ဦးထက်မနည်း သေဆုံး

အမေရိကန်ပြည်ထောင်စု၊ ဗာဂျီးနီးယားပြည်နယ်မှာရှိတဲ့ Walmart ကုန်တိုက်မှာ နိုဝင်ဘာလ ၂၂ ရက်နေ့ညက သေနတ်ပစ်မှုတစ်ခုဖြစ်ပွားခဲ့လို့ သေနတ်သမားအပါအဝင် လူ ၆ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောကြားပါတယ်။

သေဆုံးသူတွေအထဲ အသက် ၁၆ နှစ်အရွယ် ကောင်လေးတစ်ဦးပါဝင်ပြီး အသက်အရ အမည်ကိုတော့ ထုတ်ပြောခဲ့တာမရှိပါဘူး။

ဒဏ်ရာရရှိသူ ၆ ဦးအနက် ၂ ဦးမှာ အပြင်းအထန်ဒဏ်ရာရရှိခဲ့လို့ စိုးရိမ်ရတယ်လို့ သိရပါတယ်။

အသက် ၃၁ နှစ်အရွယ် မန်နေဂျာဖြစ်သူ သေနတ်သမားက ဝန်ထမ်းတွေအနားယူနေတဲ့ အခန်းထဲ ဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး သူ့ကိုယ်သူလည်း သေနတ်နဲ့ ပြန်ပစ်ကာ သတ်သေခဲ့တယ်လို့ သိရပါတယ်။

Ref: BBC

………………………………..

ဂျပန်မှာ ပြည်တွင်းထုတ် ကိုဗစ်ဆေးကို ပထမဆုံး စတင်အသုံးပြုမယ်

ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက ရှီယိုနိုဂီမှထုတ်လုပ်တဲ့ ကိုဗစ်ဆေးကို အရေးပေါ်အသုံးပြုဖို့ နိုဝင်ဘာ ၂၂ ရက်နေ့က ခွင့်ပြုပေးလိုက်လို့ နိုင်ငံရဲ့ ပထမဆုံး ပြည်တွင်းထုတ် ကိုဗစ်ဆေးဖြစ်လာခဲ့ပါတယ်။

ခွင့်ပြုချက်ရရှိပြီးတဲ့နောက် အဆိုပါဆေးကို ဒီဇင်ဘာလအစောပိုင်းမှာ စတင်အသုံးပြုနိုင်ဖို့ မျှော်လင့်ထားကြပါတယ်။

ယခုထုတ်လုပ်လိုက်တဲ့ Xocova လို့ အမည်ရတဲ့ဆေးက ရောဂါလက္ခဏာတွေ ပြန်ကောင်းမွန်လာစေဖို့ အရှိန်မြှင့်ပေးနိုင်တဲ့ ဆေးမျိုးဖြစ်တယ်လို့ ဝန်ကြီးဌာနကပြောကြားခဲ့တာပါ။

ရှီယိုနိုဂီရဲ့ နောက်ဆုံးအဆင့် စမ်းသပ်ချက်ရလဒ်အရတော့ ယခုဆေးကို တစ်နေ့တစ်ကြိမ် ငါးရက်ဆက်တိုက် သောက်ပါက နှာရည်ယိုတာ အပူချိန်မြင့်မားတာ စတာတွေ ပြန်လည်ကောင်းမွန်လာသလို ဗိုင်းရပ်စ်ပိုး အရေအတွက်လည်း ကျဆင်းသွားတယ်လို့ သိရပါတယ်။

Ref: The Japan Times

………………………………..

ထိုင်းတောင်ပိုင်း ကားဗုံးခွဲမှုကြောင့် လူတစ်ဦးသေဆုံးပြီး သုံးဆယ်နီးပါးဒဏ်ရာရ

ထိုင်းနိုင်ငံတောင်ပိုင်း နာရသီဝပ်ခရိုင်မှာ နိုဝင်ဘာ ၂၂ ရက် ညပိုင်းက ရဲတပ်ဖွဲ့ဝင်းအတွင်းမှာ ကားဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့လို့ ရဲဝန်ထမ်းတစ်ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

အနည်းဆုံးလူပေါင်း ၂၉ ယောက်အထိ ဒဏ်ရာရရှိခဲ့လို့ ဆေးရုံကို ပို့ဆောင်ထားပြီး ဒဏ်ရာရသူတွေထဲမှာ ရဲတွေအပါအဝင် အရပ်သားတွေလည်း ပါဝင်နေခဲ့ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်ကတော့ ပေါက်ကွဲမှု မဖြစ်ပွားမီက ရဲတစ်ဦးလို ဝတ်စားထားတဲ့ ဖောက်ခွဲရေးသမားတစ်ဦးကနေ ရဲဝင်းအတွင်းမှာ ဖောက်ခွဲရေးပစ္စည်းတွေ ပါတဲ့ကားကို ရပ်ထားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာကလည်း ယခုဖြစ်စဉ်အတွက် အလွန် စိုးရိမ်မိကြောင်း ရဲတပ်ဖွဲ့တွေ အခြားလုံခြုံရေးဆိုင်ရာဌာနတွေအနေနဲ့ အရပ်သားပြည်သူတွေ လုံခြုံဖို့ အလေးထားဖို့ တိုက်တွန်းထားပါတယ်။

Ref: CNA

………………………………..

တရုတ်တွင် စက်ရုံမီးလောင်လို့ လူ ၃၈ ဦးသေဆုံး

တရုတ်နိုင်ငံ အလယ်ပိုင်း ဟန်နန်ပြည်နယ်ရှိ စက်ရုံတစ်ရုံမှာ နိုဝင်ဘာလ ၂၁ ရက်နေ့ နေ့လယ်ပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့လို့ လူ ၃၈ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံပိုင် သတင်းဌာနကနေ ကြေညာခဲ့ပါတယ်။

သေဆုံးသူအများစုမှာ အမျိုးသမီးတွေဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ကယ်ဆယ်ရေးအဖွဲ့တွေက ညနေ ၄ နာရီဝန်းကျင်ခန့်မှာ Anyang Kaixinda ရောင်းဝယ်ရေး ကုမ္ပဏီမှာ မီးလောင်နေတယ်လို့ ပထမဆုံး သတင်းရရှိခဲ့တယ်လို့သိရပါတယ်။

မီးလောင်မှုဖြစ်ပွားရာ နေရာကို မီးသတ်ယာဉ် ၆၃ စီးအပါအဝင် အဖွဲ့အစည်းများစွာကို စေလွှတ်ခဲ့ကြောင်း စည်းမျဉ်း စည်းကမ်းနဲ့ မကိုက်ညီတဲ့ လျှပ်စစ်ဂဟေဆော်မှုကြောင့် မီးလောင်ရတာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

Ref: The Guardian

………………………………..

နိုင်ငံငယ်တွေကို ရာသီဥတုလျော်ကြေးပေးဖို့ COP – 27 အတည်ပြု

အီဂျစ်နိုင်ငံမှာ နိုဝင်ဘာလ ၂၀ ရက်နေ့က ကျင်းပခဲ့တဲ့ ရာသီဥတုအရေးဆိုင်ရာ ထိပ်သီးစည်းဝေးပွဲ COP 27 မှာ ရာသီဥတုပြောင်းလဲမှုဒဏ် ခံစားနေရတဲ့ နိုင်ငံငယ်တွေအတွက် လျော်ကြေးငွေပေးဆောင်ဖို့ အတည်ပြုဆုံးဖြတ်ခဲ့ကြပါတယ်။

တစ်ညလုံးနီးပါး တင်းမာမှုများဖြစ်ခဲ့တဲ့ ညှိနှိုင်းမှုများအပြီးမှာ အိမ်ရှင် အီဂျစ်နိုင်ငံဘက်မှ အားလုံး လက်ခံသဘောတူထားသည်များကို မူကြမ်းထုတ်ပြန်ခဲ့ပါတယ်။

ဖွံ့ဖြိုးဆဲနိုင်ငံငယ်တွေအတွက် မုန်တိုင်းနဲ့ ရေလွှမ်းမိုးခြင်းတို့လို ရာသီဥတုဘေးဒဏ်ခံရပါက ချက်ချင်းပြန်လည် နာလန်ထူနိုင်ဖို့ ရန်ပုံငွေထူထောင်မယ့် ပြဌာန်းချက်ကို အတည်ပြုခဲ့ကြတာပါ။

သို့သော်လည်း ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာ ကျင်းပမယ့် COP 28 ရာသီဥတုထိပ်သီးအစည်းအဝေးမှာ ထောက်ပံ့ကြေး ရန်ပုံငွေကို ဘယ်လိုပေးမယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေနဲ့ပက်သက်လို့ ငြင်းပွားမှုတွေ ဖြစ်လာနိုင်သေးတယ်လို့ ဆိုပါတယ်။

Ref: CNN

………………………………..

နှစ် ၃၀ ကျော် အေးခဲထားတဲ့မျိုးဥတွေနဲ့ အမြွှာပူးလေးကို အောင်မြင်စွာ မွေးဖွား

နှစ် ၃၀ ကျော် အေးခဲထားတဲ့ မျိုးဥတွေကို အသုံးပြုပြီး အမေရိကန်နိုင်ငံ တင်နက်ဆီပြည်နယ်မှာ အမြွှာကလေးငယ်နှစ်ဦးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပါတယ်။

ဒီမျိုးဥတွေကို ၁၉၉၂ ခုနှစ် ဧပြီလ ၂၂ ရက်က အပူချိန် အနုတ် ၁၉၆ ဒီဂရီစင်တီဂရိတ်ရှိတဲ့ နိုက်ထရိုဂျင်အရည်မှာ သိုလှောင်ထားခဲ့တာပါ။

အဲဒီမျိုးဥတွေကို အမည်မဖော်လိုတဲ့ လင်မယားနှစ်ဦးအတွက် ဖန်ပြွန်သန္ဓေသားနည်း (IVF) နဲ့ ဖန်တီးခဲ့တာဖြစ်ပြီး ၂၀၀၇ ခုနှစ်အထိ အမေရိကန်နိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းမှာရှိတဲ့ မျိုးဥသိမ်းဆည်းရာ ဓာတ်ခွဲခန်းမှာ သိမ်းဆည်းထားခဲ့ပါတယ်။

အော်ရီဂွန်ပြည်နယ်က ကလေး ၄ ယောက်မိခင် ရေချယ်ရစ်ချ်ဝေးက အောက်တိုဘာလ ၃၁ ရက်မှာ အေးခဲထားတဲ့ မျိုးဥအသုံးပြုပြီး အမြွှာပူး မွေးဖွားခဲ့တာပါ။

အမြွှာလေး ၂ ယောက်ကို လိုင်ဒီယာအန်းနဲ့ တိုင်မိုသီလို့ အမည်ပေးထားပါတယ်။

Ref: BBC

………………………………..

ဆေးရုံမှာ သားအိမ်သွားထုတ်ခဲ့တဲ့ အိန္ဒိယအမျိုးသမီး ကျောက်ကပ်နှစ်လုံး ခိုးယူခံရ

ပုဂ္ဂလိကဆေးရုံတစ်ခုမှာ သားအိမ်ထုတ်ခဲ့တဲ့ အိန္ဒိယအမျိုးသမီးဟာ ကျောက်ကပ်နှစ်လုံးလုံး ခိုးယူခံခဲ့ရပြီး အသက်ဆက် ရှင်နိုင်ဖို့အတွက် ကျောက်ကပ်ဆေးစက်ကို အားကိုးနေရပါတယ်။

ဘီဟာပြည်နယ်မှာ နေထိုင်တဲ့ အသက် ၃၈ နှစ်အရွယ် ဆူနီတာဒေဝီ (Sunita Devi) ဟာ ပြီးခဲ့တဲ့စက်တင်ဘာလက shubhkant ပုဂ္ဂလိကဆေးရုံမှာ သားအိမ် ထုတ်ခဲ့တာပါ။

ဒါပေမဲ့ ဆရာဝန်တွေက သားအိမ် ထုတ်ရုံတင်မကဘဲ ကျောက်ကပ်နှစ်လုံးလုံးကို သူမမသိဘဲ ခိုးယူခဲ့ကြပါတယ်။

သားအိမ်ထုတ်ပြီးနောက်ပိုင်းကတည်းက ကျန်းမာရေးဆိုးရွားနေလို့ သျှရီကရစ်ရှ်နားဆေးဘက်ဆိုင်ရာကောလိပ် ဆေးရုံကို သွားပြတော့မှ သူ့မှာ ကျောက်ကပ်နှစ်လုံးလုံး မရှိတဲ့အကြောင်း သိခဲ့ရတာပါ။

ဒီဖြစ်ရပ်အပြီးမှာ သံသယရှိသူ ဆရာဝန် ၂ ယောက်လုံး ထွက်ပြေးတိမ်းရှောင်နေခဲ့ပေမဲ့ ဆေးရုံပိုင်ရှင်ဆိုသူကတော့ ရဲစခန်းကို လာရောက်အဖမ်းခံခဲ့တယ်လို့ သိရပါတယ်။

သူမရဲ့ကျောက်ကပ်တွေ ခိုးယူသွားတဲ့ ဆရာဝန်တွေဆီကနေ သူတို့ရဲ့ ကျောက်ကပ်ပြန်လည်အစားထိုးပေးဖို့ လိုလားနေတယ်လို့ ဆိုထားပါတယ်။

Ref: The New Indian

………………………………..