ထိုင်း ကန်ချနဘူရီတွင် တရားမဝင် ဝင်လာသော ကလေးတစ်ဦးအပါအဝင် မြန်မာ ၁၇ ဦး ဖမ်းဆီးခံရ

0
3566

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော မြန်မာအလုပ်သမား ၁၇ ဦးကို နိုဝင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီးရမိကြောင်း ကန်ချနဘူရီသတင်းဌာနတွင် ဖော်ပြထားသည်။

ကန်ချနဘူရီခရိုင် စန်ခရာဘူရီဒေသ နောင်းလူရွာတွင် မြန်မာအလုပ်သမားများအား တရားမဝင် တင်ဆောင်လာသော ပစ်ကပ်ကားတစ်စီးကို စန်ခရာဘူရီခရိုင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးရာမှ ဖမ်းမိခြင်းဖြစ်ကြောင်း ရေးသားထားသည်။

ကားပေါ်တွင် ကလေးတစ်ဦးအပါအဝင် မြန်မာအလုပ်သမား အမျိုးသား ခုနစ်ဦး၊ အမျိုးသမီး ၁၀ ဦး စုစုပေါင်း ၁၇ ဦးနှင့် ထိုင်းနိုင်ငံသား ကားမောင်းသမားတစ်ဦးတို့ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ကား၏ အနောက်ဘက်တွင် အနက်ရောင် ပလတ်စတစ်အပိုင်းအစဖြင့် ဖုံးအုပ်ထားကာ ၎င်းအောက်တွင် မြန်မာအလုပ်သမားများသည် တစ်ဦးပေါ်တစ်ဦးဆင့်၍ အိပ်လျက်အနေအထားဖြင့် လိုက်ပါလာကြခြင်းဖြစ်သည်ဟု ဆိုသည်။

ကျန်မြန်မာအလုပ်သမားများမှာ ကား၏ အတွင်းဘက်တွင် တစ်ဦးပေါ်တစ်ဦး ထိုင်လျက်အနေအထားဖြင့် ပြည့်ကျပ်စွာ လိုက်ပါလာကြခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ဖမ်းဆီးခံရသူအားလုံးကို ဥပဒေအရ ဆက်လက်အရေးယူနိုင်ရေးအတွက် သက်ဆိုင်ရာရဲစခန်းသို့ ပို့ဆောင်ထားကြောင်း ကန်ချနဘူရီသတင်းဌာနတွင် ရေးသားထားသည်။

ပြည်တွင်းတွင် မလုံခြုံမှု၊ ကုန်ဈေးနှုန်းမြင့်တက်မှု၊ အလုပ်အကိုင်ရှားပါးမှု စသည်တို့ကြောင့် စားဝတ်နေရေး ကျပ်တည်းသဖြင့် မြန်မာအလုပ်သမားများသည် ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံများအတွင်းသို့ တရားမဝင် ဝင်ရောက်လျက်ရှိနေကြသည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ၁၀ လအတွင်း တရားမဝင်လမ်းကြောင်းဖြင့် ထိုင်းသို့ ဝင်ရောက်လာစဉ် မြန်မာအလုပ်သမား ၄၂၇၀၀ ကျော် ဖမ်းဆီးခံရကြောင်း မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ၏ စာရင်းအရ သိရသည်။