အမှောင်ထဲမှ မင်းသားများ (၁၉၇၀)

0
4338

အခန်း(၂၉) ဇာတ်သိမ်း

“သို့

အထွေထွေအတွင်းရေးမှူးချုပ်

မြန်မာ့ဆိုရှယ်လစ်လမ်းစဥ်ပါတီ

ပါတီဌာနချုပ်၊ ရန်ကုန်မြို့

အကြောင်းအရာ။ လျှို့ဝှက်စွာ ခေါ်ယူဆွေး‌နွေးပေးပါရန် ကိစ္စ

ရခိုင်ပြည်နယ်အတွင်း လူမျိုးရေးသွေးချောင်းစီးသွားမည့် ကြံဆောင်မှုတစ်ခုရှိနေပါသည်။

၄င်းကိစ္စအား ပါတီအဆင့်အဆင့် တင်ပြနေခြင်းဖြင့် ရခိုင်လူထုအတွင်း ပေါက်ကြားပြီး ကျွန်တော်၏ မိသားစု လုံခြုံရေးကို စိတ်မချပါသဖြင့် မတင်ပြရဲပါ။

သို့ကြောင့် ကျွန်တော့်အား ပါတီတာဝန်ဖြင့် ပါတီဌာနချုပ်သို့ လျှို့ဝှက်စွာခေါ်ယူတွေ့ဆုံ ဆွေးနွေးပါရန် အစီရင်ခံအပ်ပါသည်။

ပုံ

………………………………..

၁၀၀၀၉၆၄

………………………………..

၁၉၇၄ ဇန်နဝါရီလ ၃ ရက်နေ့တွင် တော်လှန်ရေးကောင်စီမှ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ မူကြမ်းကို လူထု ထောက်ခံမဲ ၉၀.၁၉ ရာခိုင်နှုန်းဖြင့် အတည် ပြုလိုက်ကြောင်း တရားဝင် ကြေညာခဲ့သည်။

ထို ၁၉၇၄ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေအရ လမ်စဥ် တပါတီ တည်းသာ နိုင်ငံရေးတွင် ပါဝင် ဆောင်ရွက်ခွင့် ရရှိခဲ့သည်။

ဇန်နဝါရီလ ၂၇ ရက်နေ့တွင် လွှတ်တော် ကိုယ်စားလှယ် ၄၅ဝ ဦး ပါဝင်သည့် ပြည်သူ့ လွှတ်တော် (People’s Assembly) ရွေးကောက်ပွဲများအား စတင် ကျင်းပခဲ့ပြီး ၁၉၇၄ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် တော်လှန်ရေး ကောင်စီ က ပြည်သူ့ လွှတ်တော်ကို အာဏာ အပ်နှင်း လိုက်သည်။ ထိုနေ့တွင်ပဲ တော်လှန်ရေး ကောင်စီ အား ဖျက်သိမ်းကြောင်း ကြေညာခဲ့သည်။

မတ်လ ၄ ရက်နေ့တွင် ပြည်သူ့ လွှတ်တော်က ဦးနေဝင်းကို နိုင်ငံတော် သမ္မတ အဖြစ် ရွေးကောက် တင်မြှောက် ခဲ့သည်။

၁၉၇၄ အခြေခံဥပဒေအရ ကျင်းပသည့် ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲများတွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဥ် ပါတီမှ ကိုယ်စားလှယ်များသာ ဝင်ရောက်ယှဥ်ပြိုင်ခွင့်ရခဲ့ပြီး ရွေးကောက်ပွဲကော်မရှင်မှာလည်း လမ်းစဥ်ပါတီဝင်များပင် ဖြစ်သည်။

ထို့ကြောင့် ‌ရွေးကောက်ပွဲများတွင် ပြိုင်ဘက်မရှိ ရွေးကောက်တင်မြှောက်ခံရသည်မှာလည်း လမ်းစဥ်ပါတီဝင်များပင် ဖြစ်သည်။

တော်လှန်ရေးကောင်စီမှ စစ်ယူနီဖောင်းချွတ်ထားသော ဗိုလ်ချုပ်ကြီးများမှာ ပါတီအသွင်ပြောင်းလဲခဲ့ကြသော်လည်း တိုင်းပြည်မှာ ဆင်းရဲသည်ထက် ဆင်းရဲလာသည်။

အခြေခံစားသောက်ကုန်များကိုပင် တန်းစီကာဝယ်ယူရသည့် စနစ်ဖြစ်လာသည်။

ထို့ကြောင့် ၁၉၇၄ မေတွင် အလုပ်သမား အရေးအခင်း၊ ၁၉၇၄ ဒီဇင်ဘာတွင် ဦးသန့် ဈာပန အရေးအခင်း၊ ၁၉၇၅ ဇွန်တွင် ရွှေတိဂုံ အရေးအခင်းတို့ ပေါ်ပေါက်ခဲ့သည်။

ထိုကာလများအတွင်း မျက်မှန်ကြီးသည်လည်း နံပါတ်ဝမ်း နှင့် နံပါတ်တူး တို့ကြားမှာ တစ်ခွဲကြီး ဆိုသည့် အမည်နှင့်အတူ လမ်းစဥ်ပါတီအတွင်းတွင်ရော စစ်တပ်အတွင်းတွင်ပါ သြဇာအာဏာကြီးမားလာသည်။

၁၉၇၃ ခုနှစ်ကတည်းက ကြေးမုံ ကား ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့သည်။

ဖလော်ရင့်မောင်စိန်လွတ်မြောက်သွားပြီးနောက် မျက်မှန်ကြီးသည် ကြေးမုံ၏ ကွန်ရက်မှန်သမျှကို ရှင်းပစ်ရန် အမိန့်ထုတ်ခဲ့သည်။

ကြေးမုံ၏ ကွင်းဆက်ဖြစ်သည့် ဘိုပြားကို ကျိုက်ထိုမြို့တွင် ဖမ်းဆီးခဲ့ပြီးသည့်နောက် ယုယုမော်၊ စိုးနောင်၊ ခင်မောင်တို့မှာလည်း ဗိုလ်မှူးငန်းနက်၏ နယ်မြေသို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။

ကြေးမုံနှင့် မြိုင်တို့ မိသားစုကိုလည်း နေအိမ်တွင် သွားရောက်ဖမ်းဆီးရာတွင် မတွေ့ရှိခဲ့ကြ။

ကြေးမုံ ကား လုံးဝအစအနပျောက်သွားခဲ့ပြီဖြစ်သည်။

ထိုကာလအတွင်း နိုင်ငံရေးအခြေအနေအပြောင်းအလဲများ၊ အရေးအခင်းများ ဆက်တိုက်ဖြစ်ပွားနေသည့်အတွက် မျက်မှန်ကြီးမှာ ကြေးမုံ ကို ရှာဖွေသည့်ကိစ္စကို လက်လျော့ခဲ့ရ၏။

၁၉၇၆ ခုနှစ် ဇူလိုင်လတွင် ဗိုလ်ကြီးအုန်းကျော်မြင့် ဦးဆောင်သည့်တပ်မတော်အရာရှိငယ်များက ဦးနေဝင်းအားလုပ်ကြံရန် ကြိုးပမ်းမှု ပေါက်ပေါက်ခဲ့သည်။

လုပ်ကြံမှုမှာ မအောင်မြင်ပဲ ထိုအရာရှိငယ်များနှင့်အတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရဦးတင်ဦး ပါ ဖမ်းဆီးခံခဲ့ရသည်။

မကြာမီ ၁၉၇၇ ခုနှစ် စက်တင်ဘာလတွင် လမ်းစဉ်ပါတီဌာနချုပ်သို့ ရခိုင်ပြည်နယ်မှ ပါတီဝင်တစ်ဉီး၏ တိုင်ကြားစာ ရောက်ရှိလာသည်။

ထိုတိုင်ကြားစာအရ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ လမ်းစဉ်ပါတီဥက္ကဌဟောင်း ဉီးထိန်လင်း ခေါင်းဆောင်ပြီး သီးခြားရခိုင်ပြည်နယ်ထူထောင်ရေးကိစ္စ ပေါ်ပေါက်လာခဲ့သည်။

ထောက်လှမ်းရေးမှ ဉီးထိန်လင်းတို့အဖွဲ့အား ဖမ်းဆီးစစ်ဆေးရာမှာ ဘင်္ဂလားဒေ့ရှ်စစ်သံမှူးနှင့် တွေ့ဆုံမှုအပါအဝင် ယခင် လမ်းစဉ်ပါတီဝင်ဟောင်းဖြစ်သော မန်းဒါဝိတ်၊ မန်းငွေအောင်၊ ယဉ်ကျေးမှုကဇာတ်ဌာနမှ မောင်ကျော်ထူး တို့ ပါဝင်သည့် နိုင်ငံတော်လုပ်ကြံရန် ကြံစည်မှုကြီး ထပ်မံ ပေါ်ပေါက်လာခဲ့တော့သည်။

………………………………..

အမှောင်ခန်းထဲတွင် မီးသီးနီနီလေးတစ်လုံးက ငြိမ်သက်စွာ။

မီးအလင်းရောင်ဖျော့ဖျော့အောက်တွင် လူငယ်တစ်ယောက်ထိုင်နေသည်။

သူသည် ယဉ်ကျေးမှုကဇာတ်အဖွဲ့မှ အသံချဲ့စက်တာဝန်ခံတစ်ဉီးဖြစ်သည်။

သူသည် ပြည်သူလူထု၏ စီးပွားရေးကြပ်တည်းမှုများကို မြင်တွေ့ရပြီး တိုင်းပြည်အပြောင်းအလဲဖြစ်အောင် လိုလားသည့် လူငယ်တစ်ဉီးဖြစ်သည်။

ဆရာဟောင်းဖြစ်သူ မန်းဒါဝိတ် ၏ ဉီးနေဝင်းနှင့် နိုင်ငံတော်ကောင်စီဝင်များကို လုပ်ကြံရန် ကြံစည်မှုအတွင် အဓိကဇာတ်ကောင်အဖြစ်ပါဝင်လာခဲ့သည်။

လူငယ်သည် သူ၏ ဌာနတူ လူငယ်များအားလည်း စည်းရုံးထားခဲ့သည်။

နိုင်ငံတော်ဧည့်ဂေဟာဖျော်ဖြေပွဲတစ်ခုတွင် သွားရောက်ဖျော်ဖြေရင်း စောင်းကောက်များ၊ တယောများ၊ တူရိယာများအောက်တွင် အပေါ့စားလက်နက်ငယ်များထည့်သွားကာ ရှေ့ဆုံးတန်းတွင် ထိုင်ကြည့်နေသော နိုင်ငံတော်ကောင်စီဝင်များအားလုံးကို ပစ်ခတ်လုပ်ကြံရန် အစီအစဉ်ဆွဲခဲ့ကြသည်။

အစီအစဉ်ကို အကောင်ထည်ဖော်ရန် လက်နက်များ ရောက်မလာသေးသဖြင့် စောင့်နေစဉ်တွင် ရခိုင်ပြည်ခွဲထွက် ရေးကိစ္စပေါက်ပေါက်ရာမှတဆင့် ကွင်းဆက်အနေဖြင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ယခုတော့ ထောက်လှမ်းရေးတပ်ဖွဲ့၏ ရေကြည်အိုင်စစ်ကြောရေးစခန်းတွင် ရောက်ရှိနေပြီဖြစ်သည်။

“ငါ့ညီ……………မင်း မနေ့က ထွက်ဆိုသွားတာတော့ အတော်ပြည့်စုံပါပြီ..ဒါပေမယ့်..ကွင်းဆက်လေးတစ်ခုလိုနေတယ်”

လူငယ်ကား နေ့ရော ညပါ အနားမပေးပဲ စစ်ကြောရေးဒဏ်ကြောင့် မျက်လုံးများက ကြောင်စီစီဖြစ်နေကြသည်။

“ဘာ..ဘာလဲခင်ဗျ..ဘာလဲ”

“မင်းတို့ အူဇီသေနတ်တွေ မှာထားခဲ့တယ်ဆိုတာ..ငါတို့သိပြီးပြီ…အဲ့ဒီသေနတ်တွေကို ဘယ်သူ့ဆီက မှာထားတာလဲ”

“ကျွန်တော် နာမည်မသိဘူးဗျ”

စစ်ကြောရေးအရာရှိက ခပ်ဟဟ ရယ်လိုက်သည်။

“မနေ့ မနက်က ….. ဆိုင်ကယ်မောင်းတာ ဘယ်အထိရောက်သွားပြီလဲ”

လူငယ် မှာ ခေါင်းကို ခါရမ်းလိုက်သည်။

“တော်ပြီ..ကျွန်တော် မခံနိုင်တော့ဘူး”

“ဒါဆို ပြောလေ..နာမည်တခုပဲပြော..လက်နက်တွေ မင်းကို မှာပေးမယ်ဆိုတာ ဘယ်သူလဲ”

“………………………………..”

အသံက တိုးလျနေသည်။

“ဘယ်သူ”

အရာရှိက လူငယ်အနားသို့ ထလာပြီး နားထောင်လိုက်သည်။

“…………..”

စစ်ကြောရေးအရာရှိက ထိုင်ခုံပေါ် အရုပ်ကြိုးပျက် ထိုင်ချလိုက်သည်။

“ဟာ..ဒီကောင်…ပြန်ပေါ်လာပြန်ပြီ….ဟေ့..ဆရာကြီး..သူ့ကို ဆက်စစ်ထားဗျာ..ကျုပ် ညွှန်မှူးကြီးဆီ သွားမှဖြစ်တော့မယ်”

နာရီပိုင်းခန့်အကြာတွင် ရေကြည်အိုင်စစ်ကြောရေးသို့ မျက်မှန်ကြီးကိုယ်တိုင် ရောက်ရှိလာတော့သည်။

………………………………..

“မြိုင်…ဧရာရော”

“ရွာထဲဘက် မှာ သွားဆော့နေတယ်..အကို”

“မိုးလည်း ချုပ်တော့မယ်….ခဏနေ ကလေးကို သွားခေါ်တော့..အကိုတို့ မနက်ခရီးထွက်ကြမယ်”

“ကျွန်တော်ရောလား..အကို”

“ဟုတ်တယ်..တို့အားလုံးသွားကြမှာ.ပစ္စည်းတွေအကုန်ထည့်တော့…မနက်ဖြန်ကျရင် ရွာထဲက ကားငှားပြီး ပဲခူးထိ ဆင်းမယ်..ပဲခူးဘူတာမှာ စိုးနောင် လာစောင့်နေလိမ့်မယ်”

“ဘယ်သွားမှာလဲ..အကို”

“မြိုင်…အကိုတို့ အန္တရာယ်ရှိလာပြီ…အကို့ဆီကို သူတို့ ထပ်ရောက်လာနိုင်တယ်…ဒီနိုင်ငံထဲမှာ နေနေသမျှတော့ အကို့ကို သူတို့ လိုက်သတ်တော့မှာ….အကိုတို့ ထိုင်းဘက်ကို ပြောင်းနေရမယ်”

မြိုင်၏ ခန္ဓာကိုယ်လေးက မတ်ခနဲဖြစ်သွားသည်။

“ထိုင်းဆိုတော့………………….”

“ဟုတ်တယ်..ဟိုမှာ..အကိုတို့ နေဖို့ မမယုက အားလုံးစီစဉ်ပြီးပြီ”

မြိုင်က ထိုင်နေရာမှ မတ်တပ်ရပ်လိုက်ပြီး ပြတင်းတံခါးများကို ပိတ်လိုက်သည်။

“ကျွန်တော်.မလိုက်နိုင်ဘူး..အကို”

ကြေးမုံက မျက်မှောင်ကြုံ့လိုက်သည်။

“မြိုင်…မင်း အကို စီမံတာကို ဘယ်တုန်းက ငြင်းခဲ့ဖူးလို့လဲ”

“ဒီတခါတော့ ငြင်းရမယ်..အကို..ကျွန်တော် လုံးဝမလိုက်နိုင်ဘူး”

“ဘာဖြစ်တာလဲ…ဘာထဖြစ်တာလဲကွ…မင်းရော ကလေးပါ..လိုက်ခဲ့ရမယ်..ညကျ အထုတ်အပိုးတွေ ပြင်တော့”

“အို..မလိုက်နိုင်ပါဘူးဆို”

ကြေးမုံ က ထ လာပြီး မြိုင့် လက်နှစ်ဖက်ကို ကိုင်လိုက်သည်။

“မြိုင် လိုက်ခဲ့မှ ဖြစ်မယ်..လိုက်ခဲ့ပါနော်ကွာ”

“ဟင်အင်း…အကို….ကျွန်တော် ဟိုမိန်းမနဲ့ အတူတူနေရမယ့် အခြေအနေမျိုး ကို လက်မခံနိုင်ဘူး”

“ဘာလဲ..မြိုင်ရာ..အကို့မှာ မြိုင်ရော..မမယုရော ရှိတာ နှစ်တွေတောင် ကြာနေပြီပဲ..အခုမှ ဘာထဖြစ်တာလဲ”

“မတူဘူး..အကို..အရင်က သူက သူ့ဟာသူမော်လမြိုင်မှာနေ…ကျွန်တော်က ရန်ကုန်မှာနေ.အကိုပဲ အသွားပြန်အလုပ်နေတာ..ကျွန်တော်တို့…တစ်ယောက်နယ် တစ်ယောက်မကျော်ခဲ့ကြဘူး…အခုကျ ကျွန်တော်က အကို့ကို တခြားမိန်းမတစ်ယောက်နဲ့ နေ့တိုင်း တွဲမြင်နေရတာတော့မှာ..သူ့ကိုကျွန်မ မျက်နှာချင်းမဆိုင်ချင်ဘူး..ပြီးတော့ အဲ့ဒီမိန်းမ စီမံပေးတာကို လိုက်လုပ်နေရတာကိုလည်း မကြိုက်ဘူး”

“မြိုင်…မင်းဘာတွေ ပြောနေတာလဲ..လိုက်ဆို လိုက်ခဲ့”

“အကို..အရင်ကလဲ ယုယုမော်တို့ဆီ ခဏသွားရှောင်လိုက် ဒီကို ပြန်လာလိုက်လုပ်နေလည်းရတာပဲ…ဟိုမှာ ကြာမယ်ဆိုလည်း ကျွန်တော်တို့ သားအမိ ဒီမှာနေရင်း စောင့်နေနိုင်ပါတယ်”

“မဟုတ်ဘူး..မြိုင်..အခုကိစ္စက အရမ်းကြီးတယ်…အကို ထွက်သွားရင်လည်း တသက်လုံး ပြန်လာလို့ရတော့မှာမဟုတ်ဘူး..ဒါကြောင့် မြိုင်နဲ့ ကလေးကို ပါ အပြီးခေါ်သွားမှာ”

“ယုယုမော် မရှိတဲ့နေရာ..တခြားဘယ်နေရာမဆို ကျွန်တော်လိုက်ခဲ့မယ်..အကို…အကိုနဲ့ တလောက အလုပ်တွဲလုပ်တဲ့ ယောင်ဝမ်ကြည်ဆိုတဲ့ကောင်လေးလည်း မိုးကုတ်မှာမဟုတ်လား…သူ့ဆီ သွားခိုနေရင် ရလောက်ပါတယ်..အကို….ယုယုမော် ရှိတဲ့နေရာတော့ ကျွန်တော် မလိုက်ဘူး”

“ဟိုမှာ မမယုက အားလုံး အဆင့်သင့်လုပ်ပြီးနေပြီ…မင်းမလိုက်ရင်နေခဲ့….ငါ ကလေးကိုခေါ်သွားမယ်”

“အို…ကလေးလည်း ခေါ်မသွားရဘူး..အကိုလည်း မသွားရဘူး”

ကြေးမုံက မြိုင် ပုခုံးကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည်။

“အကို..မသွားလို့မရဘူး..မြိုင်…မမယုမှာ…ကိုယ်ဝန်ရှိနေပြီ”

မြိုင်ထံမှ အသံတိတ်သွားသည်။

အိ ခနဲ ငိုသံ ထွက်လာ၏။

ကြေးမုံက နောက်ဖေးသို့ ဝင်သွားပြီး သောက်လက်စ ဝီစကီပုလင်းကို ထုတ်လာသည်။

အိမ်ရှေ့တွင် မြိုင်မရှိတော့။

ခဏအကြာတွင် မြိုင်က ဧရာကို ခေါ်ကာ ပြန်ရောက်လာသည်။

ကြေးမုံကို စကားတခွန်းမှမပြော။

ည ကား နက်လာခဲ့ပြီ။

………………………………..

ကားတစ်စီးစက်ရပ်လိုက်သံကြောင့် ကြေးမုံ အိပ်ရာမှ နိုးလာသည်။

“မြိုင်”

သူ့ဘေးနားတွင် မြိုင်မရှိတော့။ ကလေးလည်း မရှိ။

ပြတင်းပေါက်ကို အသာလှပ်ပြီး ကြည့်လိုက်သည်။

စစ်ကားသုံးစီးက အိမ်ရှေ့တွင် ရပ်ထားသည်။

ခြေသံများ ကြားရသည်။

ကြေးမုံက ခေါင်းအုံးအောက်တွင် ထားသော သေနတ်ကို ယူလိုက်ပြီး နောက်ဖေမလွယ်ပေါက်ဆီသို့ ပြေးထွက်လိုက်သည်။

“ကြေးမုံ..မင်းကို ငါတို့ ဝိုင်းထားပြီ..ပစ်မိန့်ပါတယ်..လက်နက်ချပါ”

သေနတ်ပြောင်းများက ကြေးမုံရှေ့တွင် အစီအရီ။

“ကျွန်တော့် မိန်းမနဲ့ ကလေးကို ဘာမှ မလုပ်ရင် ကျွန်တော် အဖမ်းခံမယ်”

ကြေးမုံက သေနတ်ကို မောင်းတင်ကာ ပြန်ချိန်ထားလိုက်သည်။

“မတွေ့တာတောင် ကြာပေါ့..ကြေးမုံ “

မျက်မှန်ကြီးက ကြေးမုံရှေ့တည့်တည့်တွင် ရပ်ပြီး ပြောလိုက်သည်။

“မြိုင်နဲ့ ဧရာကို ဘာမှမလုပ်ဖို့ ပြောပေးပါ…အဲ့ဒါဆို.ကျွန်တော် အဖမ်းခံမယ်”

မျက်မှန်ကြီးက ရယ်လိုက်သည်။

“မင်း သေနတ်ချလိုက်ပါ..ငါ ကတိပေးတယ်”

“ခင်ဗျား ကတိကို ကျွန်တော် ယုံရမှာလား”

“မင်း မိန်းမနဲ့ ကလေးအတွက် ငါတို့မှာ အမိန့်ပါမလာဘူး..ကြေးမုံ..ဒီလောက်ဆို ရပြီလား”

ကြေးမုံက သေနတ်ကို ချလိုက်သည်။

စစ်ဗိုလ်တစ်ဉီးက ကြေးမုံကို လက်ထိပ်နှစ်ခုဖြင့် အထပ်ထပ်ခပ်လိုက်သည်။ ထို့နောက် မျက်နှာကို ခေါင်းစွပ်အမဲတစ်ခု စွပ်ချလိုက်၏။

“သူ့ကို ကားပေါ်တင်လိုက်ကြတော့ ရှာစရာရှိတာရှာ..သိမ်းစရာရှိတာအကုန်သိမ်း”

စစ်သားများက ကြေးမုံကို ခေါ်ပြီ အပြင်သို့ ဆွဲခေါ်ထုတ်လာ၏။

မျက်မှန်ကြီးက စစ်ကားဘေးတွင် ဧရာလေးကို ချီလျက် မတ်တပ်ရပ်နေသော မြိုင် ရှိရာသို့ လမ်းလျှောက်လာသည်။

“ကျေးဇူးပဲ..ကလေးမ..ငါ့ကတိအတိုင်း မင်းယောက်ျားကို မသတ်ပါဘူး…. အမှုအတွက် စစ်ဆေးစရာရှိတာ စစ်ဆေးပြီးရင် ထောင် ချရုံပါပဲ….ငါတို့ကို ကူညီတဲ့အတွက် ကျေးဇူးတင်ပါတယ်”

မျက်မှန်ကြီးက ခပ်တိုးတိုးကပ်ပြောလိုက်သည်။

စစ်သားများက ကြေးမုံကို စစ်ကားပေါ်သို့ တင်လိုက်သည်။

ခေါင်းစွပ်အနက်ရောင်စွပ်ထားသဖြင့် မြိုင် ကို ကြေးမုံ မမြင်။

စစ်ကားများ ထွက်ခွာသွားကြပြီ။

မြိုင်က ဧရာလေးနှင့် သူ့ရင်ဘတ်ကြားတွင် ဖိကပ်ဝှက်ထားသော ဖိုင် အညိုရောင်လေးကို ထုတ်လိုက်၏။

မိုးက သဲသဲမဲမဲရွာချလာသဖြင့် မြိုင် က ကလေးကိုချီလျက် အိမ်ကလေးထဲ ပြေးဝင်သွားသည်။

မိုးရေများနှင့် မြိုင့်ပါးပြင်ပေါ်မှ မျက်ရည်များ ရောထွေးလျက်။

………………………………..

“ဆရာကြီး..ခင်ဗျား ထောက်လှမ်းရေးသင်တန်း တက်ခဲ့တုန်းက သင်ခန်းစာတစ်ခုမှတ်မိလား”

မျက်မှန်ကြီးက သူ့ဘေးနားတွင် ကားမောင်းနေသော တပ်ကြပ်ကြီးကို မေးလိုက်သည်။

“ဘယ်သင်ခန်းစာများလဲ ဗိုလ်မှူးချုပ် ခင်ဗျ”

“အသုံးမလိုတဲ့တော့ ထိပ်တန်းလျှို့ဝှက်ဖိုင်တွေကို ဘာလုပ်ပစ်ရသလဲဆိုတဲ့ သင်ခန်းစာ”

“မီးရှို့ဖျက်ဆီးပစ်ရပါတယ်ခင်ဗျ”

“နောက်မှာ ပါလာတဲ့ ကြေးမုံဆိုတဲ့ကောင်လေးကို တရားခွင်ပေါ် ပို့လို့မရဘူး…. သူ့ကို သက်ရှိ ထိပ်တန်းလျှို့ဝှက်ဖိုင်တစ်ခုလိုပဲ ကျွန်တော်တော့ သဘောထားတယ်…..ဒီတော့ အခု ကားရပ်လိုက်..ခင်ဗျား ဘာလုပ်ရမယ်ဆိုတာ သိပါတယ်နော်”

မျက်မှန်ကြီးက သူ့ခါးကြားမှ ပစ္စတိုသေနတ်ကို ကားမောင်းနေသည့် တပ်ကြပ်ကြီးထံ ကမ်းပေးလိုက်သည်။

တပ်ကြပ်ကြီးက ကားကိုစက်သတ်လိုက်၏။ အနောက်တွင် ပါလာသော စစ်ကားများပါ ရပ်သွားသည်။

တပ်ကြပ်ကြီးက သေနတ်ကို မောင်းတင်လိုက်ပြီး မိုးကာကို ခြုံလိုက်သည်။

ထို့နောက် နောက်ဖက်တွင် ရပ်နေသည့် ကြေးမုံကို တင်လာသော ကားထံသို့ လမ်းလျှောက်သွား၏။

မိုးက သဲသဲမဲမဲရွာလျက်။

“ဒိုင်း”

အနောက်ဖက် ကားထံမှ သေနတ်သံခပ်အုပ်အုပ်တစ်ချက်ထွက်လာသည်။

မျက်မှန်ကြီးက စီးကရက်ဘူးထဲမှ စီးကရက်တစ်လိပ်ကို ပါးစပ်တွင်တေ့ကာ ဇစ်ပိုမီးခြစ်ဖြင့် မီးညှိ့လိုက်၏။

………………………………..

ခြောက်နှစ်ခန့်ကြာပြီးနောက်။

၁၉၈၃ မေလ။

မိုးက သဲသဲမဲမဲရွာနေသည်။

နိုင်ငံတော်ကောင်စီအတွင်းရေးမှူး ဉီးစိန်လွင်သည် စိတ်ဝင်တစားဖတ်နေသော အညိုရောင်ဖိုင်တွဲ ပိတ်လိုက်သည်။

ထို့နောက် ဖိုင်ကို လက်မှကိုင်ကာ ရုံးရှေ့တွင်ရပ်ထားသော ကားဆီသို့ အလောတကြီးထွက်သွားသည်။

ဖိုင်အတွင်းမှ စာရွက်အတိုလေးတရွက် ထွက်ကျလာ၏။

“ဥုံ ဘယ်သူမှမယုံနဲ့” ဟူသော စာရွက်တိုကလေးကို ဦးစိန်လွင်က ကောက်ဖတ်ပြီး လုံးချေကာ လွှင့်ပစ်လိုက်သည်။

ထို့နောက် ကားပေါ်တက်လိုက်၏။

“ဘယ်ကိုမောင်းရမလဲ..အဘ”

“အလုံအိမ်တော်ကို မောင်း….အဘိုးကြီးဆီ အရေးတကြီးသတင်းပို့ရမယ်..မြန်မြန်သာမောင်း”

………………………………..

ဒီဇင်ဘာလ။

အင်းစိန်ထောင် ၊ အထူးတိုက်။

“ဗိုလ်ချုပ် ဒီနေ့ နောက်အမှုအတွက် ရုံးချိန်းထွက်ရပါမယ်”

ထောင်မှူးကြီးက သော့ဂလောက်ကို ဖွင့်ရင်း ပြောလိုက်သည်။

………………………………..

“မိန်းဂျေးကို သွားမှာ မဟုတ်ဘူးလား..ဘယ်ဘက်သွားနေတာလဲ”

“နောက်မှုရုံးထုတ်တာမို့လို့…ခြေကျင်းရိုက်ရပါမယ်..ခြေကျင်းရိုက်တဲ့ဆီသွားဖို့ပါ”

“ငါ့ကို ခြေကျင်းခတ်မှာလား”

ထောင်မှူးကြီးနှင့် ထောင်အရာရှိများက ပြုံးလိုက်ကြသည်။

“…ဟုတ်ပါတယ်.ဗိုလ်ချုပ်..ဗိုလ်ချုပ်က တသက်တကျွန်းအမိန်ကျထားပေမယ့်..နောက်မှုအတွက် ရုံးထုတ်ရတာဆိုတော့ ခြေကျင်းခတ်ရပါတယ်…..ဒါ ဗိုလ်ချုပ်တပည့် ဗိုလ်မှူးကြီးဘိုနီ ပြည်ထဲရေးဝန်ကြီးဖြစ်တုန်းက ဗိုလ်ချုပ်က ညွှန်ကြားလို့ဆိုပြီး သူကိုယ်တိုင် ထုတ်ခဲ့တဲ့ စနစ်ပါ…မနေ့က သူ့ကိုလည်း ခြေကျင်းအခတ်ခံပြီး ရုံးထုတ်ပြီးပါပြီ”

“ဘဝသံသရာ..ရှည်လျား..ထွေပြား..မနေနား..တသွားတည်း သွားကြမှာ”

ခပ်ဝေးဝေး တောင်ယာဘုတ်ဆီမှ အကျဉ်းသားတစ်ယောက်အော်ဆိုလိုက်သည့် သီချင်းသံက ပျံ့လွင့်လာသည်။

အင်းစိန်ထောင် အုတ်ရိုးဆီမှ ကျီးကန်းတသိုက် ထပြန်သွားကြ၏။

ခက်ဇော်

ပြီးပါပြီ . . . .

အမှောင်ထဲမှ မင်းသားများ (၁၉၇၀) တင်ပြီးသည့် အပိုင်းများ >>>>>