တမူးနယ်စပ်ဂိတ်ပိတ်သဖြင့် မြိတ်ဒေသထွက် ကွမ်းသီးအသစ် ဈေးထိုးကျဟုဆို

0
3338

မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ် တမူးနယ်စပ်ဂိတ်ကို ပိတ်လိုက်သဖြင့် မြိတ်ဒေသတွင် ယခုရာသီထွက် ကွမ်းသီးအသစ် ဈေးထိုးကျနေသဖြင့် အခက်တွေ့နေရကြောင်း ကွမ်းသီးခြံလုပ်ငန်းရှင်များနှင့် ကွမ်းသီးရောင်းဝယ်ရေးလုပ်ကိုင်သူများ ထံမှ သိရသည်။

တရားမဝင် အလုပ်သမားများ ဝင်ရောက်မှု မြင့်တက်နေသည်ဟုဆိုကာ တမူး-မိုးရေးနယ်စပ်ဂိတ်ကို နိုဝင်ဘာလ ၁၅ရက်မှ စတင်ကာ အိန္ဒိယဘက်က သုံးလပိတ်ကြောင်း မဏိပူရ်ပြည်နယ်အစိုးရက ကြေညာထားသည်။

မြန်မာနိုင်ငံက ထွက်ရှိသည့် ကွမ်းသီးတို့အား စစ်ကိုင်းတိုင်းအတွင်းရှိ တမူးမြို့နှင့် အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်၊ မိုးရေးမြို့တို့ အကြားရှိ တမူး-မိုးရေးနယ်စပ်ဂိတ်မှ တင်ပို့ ရောင်းချလေ့ရှိကြသည်။

ယင်းကဲ့သို့ နယ်စပ်ဂိတ်ပိတ်ပြီးနောက် ကွမ်းသီးအသစ်ဈေးနှုန်း တစ်ပိဿာလျှင် ၆၀၀၀ ကျပ်ကျော်မှ ၄၀၀၀ ကျပ် အောက်ဘက်သို့ ကျဆင်းသွားကြောင်း တနင်္သာရီမြို့တွင် ကွမ်းသီးရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

“ကွမ်းသီးဈေးက ဘာမှလုပ်လို့မရတော့ဘူး။ တစ်ယောက်နဲ့ တစ်ယောက် ဝယ်ကြတဲ့ဈေးလည်း မတူဘူး” ဟု ‌၎င်းက ပြောဆိုသည်။

ကွမ်းသီးအသစ်သည် နှစ်စဉ် တန်‌ဆောင်မုန်းလ (အောက်တိုဘာလအတွင်း) မှ စတင်ထွက်ရှိကြသဖြင့် ကွမ်းသီး စပေါ်သည့်အချိန်တွင် နယ်စပ်ဂိတ်ပိတ်ခြင်းနှင့် ကြုံတွေ့ခဲ့ရကြောင်း ဥယျာဉ်ခြံလုပ်ငန်း လုပ်ကိုင်နေသူ တို့မှ သိရသည်။

“နယ်စပ်ဂိတ်လည်း ပိတ်တယ်။ ရန်ကုန်ပွဲရုံတွေမှာ မနှစ်က ကွမ်းသီးအဟောင်းတွေလည်း တအားကျန်သေးတော့ အသစ်တွေထပ်ပို့တာတောင် မယူကြတော့ဘူး” ဟု မြိတ်မြို့ရှိ ကွမ်းသီးရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦး က ပြောသည်။

ကွမ်းသီး‌ဈေးကျသဖြင့် ဥယျာဉ်ခြံလုပ်ကိုင်နေသူတို့ အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း ၎င်းတို့ထံမှ သိရသည်။

“တိုက်ပွဲသံတွေ ကြားနေရတော့ ကိုယ့်ခြံက ကွမ်းသီးကို ကိုယ်တိုင်အလုအယက် လိုက်ကောက်နေရတာ။ ဒီကြားထဲ ကွမ်းသီးဈေးကျ။ မိုးကကောင်းဆိုတော့ မလွယ်လှဘူး” ဟု တနင်္သာရီမြို့နယ် အော်ကြီးရွာနေ ဥယျာဉ်ခြံလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

ထုတ်လုပ်မှုကုန်ကျစရိတ်ကြီးနေချိန် ကွမ်းသီးဈေးကျမှုနှင့် ကြုံနေရသည်ဟု ခြံလုပ်ငန်းရှင်များက ဆိုသည်။

“မိုးတွေက တအားရွာနေတာ။ ကွမ်းသီးလှန်းလို့တောင် မရဘူး။ တအားဒုက္ခရောက်တာ။ ဈေးကကျဆိုတော့ သိပ်မကျန်တော့ဘူး။ လမ်းစရိတ်ရော၊ လူခ (ကွမ်းသီးထုသူ) တွေလည်း ဈေးကြီးနေတာ၊ ဈေးကျတော့ တော်ရုံလူတွေဆို သိပ်မလုပ်ချင်ကြတော့ဘူး” ဟု ကျွန်းစုမြို့နေ ဥယျာဉ်ခြံလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။

တမူးနယ်စပ်ဂိတ်အား သုံးလပိတ်သည့်အပြင် နယ်စပ်အနီး ကားလမ်းမပေါ်တွင် PDF နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများဖြစ်ပေါ်ခဲ့ပြီး စစ်ရေးတင်းမာနေသည်။

ထို့ကြောင့် ကလေး-တမူးလမ်းမကြီးအား နောက်ထပ် ခုနစ်ရက် မသွားလာကြရန် ကလေးပြည်သူ့ကာကွယ်ရေး အဖွဲ့က နိုဝင်ဘာလ ၂၀ ရက်‌နေ့တွင် ထုတ်ပြန်ထားသည်။