ရေးမြို့က စခန်းမှူးနှင့် တပ်သားနှစ်ဦး ပစ်သတ်ခံရ၊ ရေး-ထားဝယ်ကားလမ်း အစစ်အဆေးတင်းကျပ်

0
3520

မွန်ပြည်နယ် ရေးမြို့နယ် မြို့မရဲစခန်းက စခန်းမှူးနှင့် ရဲတပ်သား နှစ်းဦးကို ပစ်သတ်ခံရပြီး အစစ်အဆေးများလည်း တင်းကျပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

စခန်းမှူးနှင့် တပ်သားနှစ်ဦးတို့ကို ယနေ့ နိုဝင်ဘာလ ၂၃ ရက် နံနက် ၈ နာရီ ၂၅ မိနစ်ဝန်းကျင်က ရေးမြို့နယ် အခြေစိုက် တပ်ရင်း (၁၉) အနီး ရေး-ထားဝယ်ကားလမ်းမပေါ်တွင် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ရေးဘီလူးအဖွဲ့က ထုတ်ပြန်ချက်ထားသည်။

M16 A1 တစ်လက်၊ စခန်းမှူးကိုင်သည့် ခြောက်လုံးပြူး တစ်လက်နှင့် စာရွက်စာတမ်းအချို့ သိမ်းဆည်းရမိသည်ဟုလည်း ထုတ်ပြန်ထားသည်။

ယင်းသို့ ပစ်သတ်ခံရပြီးနောက် ရေး-ထားဝယ် ကားလမ်းတွင် ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်နေသည့်အပြင် ရေးမြို့ပေါ်တွင်လည်း စစ်ဆေးမှု တင်းကျပ်ထားကြောင်း ဒေသခံတို့ထံမှ သိရသည်။

“ကားလမ်းမှာလည်း စစ်ဆေးမှုလုပ်နေတယ်။ မြို့ပေါ်မှာလည်း စစ်ဆေးနေတယ်။ ဒီလိုရှုပ်ထွေးနေတဲ့အချိန် အသွားအလာ မလုပ်တာအကောင်းဆုံးပဲ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၃၀ ရက်နေ့ကလည်း ခေါဇာမြို့မစခန်းမှူးနှင့် ရဲတပ်သားနှစ်ဦးကို ရေးဘီလူးအဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့သည်။

ယင်းအပြင် စက်တင်ဘာ ၂၁ ရက်နေ့ကလည်း လမိုင်းမြို့ နယ်ထိန်းရဲကိုလည်း ရေးဘီလူးအဖွဲ့က ပစ်သတ်ခဲ့သည်။

ရေးဘီလူးအဖွဲ့သည် ရေးမြို့နယ်အတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မကြာခဏ ပစ်ခတ်ရှင်းလင်းလေ့ရှိသည့် အပြင် ဌာနဆိုင်ရာရုံးများ၊ ရဲစခန်းများနှင့် စစ်ဆေးရေးဂိတ်များကိုလည်း မကြာခဏ ဝင်ရောက်တိုက်ခိုက်လေ့ရှိသည်။

စစ်ကောင်စီကမူ ရေးဘီလူးအဖွဲ့ကို ဖမ်းဝရမ်းထုတ်ထားပြီး သတင်းပေးသူကို ဆုကြေးငွေပေးမည်ဟု သတင်းထုတ်ပြန်ထားသည်။