ထားဝယ်တွင် ခြေတုလက်တုများကို အခမဲ့ ပြန်လည်ပြုပြင်ပေးမည်

0
2832

ထားဝယ်ခရိုင်တွင်းရှိ မသန်စွမ်းလူနာများတွင် တပ်ဆင်ထားသော ခြေတု၊ လက်တုများကို အခမဲ့ ပြန်လည်ပြုပြင်ပေးမည်ဖြစ်ကြောင်း ထားဝယ်မြို့နယ် ကြက်ခြေနီအသင်းခွဲက ထုတ်ပြန်သည်။

ဒီဇင်ဘာလ ၃ ရက်နေ့တွင် ကျရောက်မည့် မသန်စွမ်းသူများအထိမ်းအမှတ်နေ့အဖြစ် နိုဝင်ဘာလ ၁၆ ရက်တွင် တစ်ရက်တာ ပြန်လည်ပြုပြင်ပေးခြင်းဖြစ်ကြောင်း ယင်းအသင်းခွဲထံမှ သိရသည်။

နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက် ၈ နာရီမှစတင်ကာ ထားဝယ်မြို့ဆေးရုံလမ်း ကရပ်ပြင်မြောက်ရပ်ရှိ မြို့နယ်ကြက်ခြေနီ အသင်းခွဲရုံးတွင် အခမဲ့ပြန်လည်ပြုပြင်ပေးမည်ဖြစ်ကြောင်း သရက်ချောင်းမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အဓိကက တပ်ဆင်ပြီးသား လူနာတွေကိုပေါ့နော်။ အသစ်ကျတော့ ကျွန်နော်တို့အနေနဲ့ လုပ်ပေးလို့မရဘူး။ အဲဒါက ကရင်ပြည်နယ် ဘားအံမှာရှိတဲ့ ICRC နိုင်ငံတကာကြက်ခြေနီအဖွဲ့ခွဲမှာပဲ လုပ်ပေးလို့ရတယ်” ဟု ၎င်းက ဆိုသည်။

ထားဝယ်ခရိုင်တွင် တိုက်ပွဲကြောင့်ဖြစ်စေ၊ ရောဂါကြောင့်ဖြစ်စေ၊ မတော်တဆ ထိခိုက်ဒဏ်ရာရမှုကြောင့်ဖြစ်စေ အကြောင်းအမျိုးမျိုးကြောင့် မသန်စွမ်းဖြစ်သွားသူဦးရေ လေးရာကျော်ရှိကြောင်း အထက်ပါအဖွဲ့ခွဲထံမှ သိရသည်။

အထက်ပါ မသန်စွမ်းသူများတွင် တပ်ဆင်ထားသော ခြေတု၊ လက်တုများကို ပြန်လည်မွမ်းမံပြင်ဆင်ပေးမည် ဖြစ်ကြောင်း ယင်းအသင်းခွဲထံမှ သိရသည်။

ခြေတုလက်တု ပြန်လည်ပြုပြင်မွမ်းမံခြင်းကို သရက်ချောင်းမြို့နယ်ကြက်ခြေနီအဖွဲ့နှင့် ထားဝယ်မြိုနယ် ကြက်ခြေနီအဖွဲ့တို့ ပူးဆောင်ရွက်ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့များထံမှ သိရသည်။