တနင်္သာရီတိုင်းတွင် နိုဝင်ဘာလကုန်အထိ မိုးရွာမည်၊ မိုးကြောင့် ဆားလုပ်ငန်း ရပ်ထားရ

0
4231

တနင်္သာရီတိုင်းတွင် နိုဝင်ဘာလကုန်အထိ မိုးရွာမည်ဖြစ်ကြောင်း တိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

ကော့သောင်း၌ နိုဝင်ဘာလ ၂၂ ရက်နှသ့် ၂၃ ရက်တို့တွင် မိုးရွာခဲ့ပြီး မြိတ်တွင် ၂၁ ရက်မှ ၂၃ ရက်အထိ သုံးရက်၊ ထားဝယ်နှင့် လောင်းလုံးမြို့နယ်တို့တွင် ၂၂ ရက်တို့တွင် မိုးရွာသွန်းခဲ့ကြောင်း အထက်ပါဌာနထံမှ သိရသည်။

“အခု မိုးရွာတာက အရှေ့ဘက်ကနေပြီးတော့ ရွေ့လျားလာတဲ့ လေပွေလှိုင်းတွေကြောင့် နိုဝင်ဘာလ ၂၃ ကနေ လကုန်ရက်အထိ တနင်္သာရီတိုင်းမှာ မိုးရွာသွန်းဖို့ ရှိတယ်ပေါ့နော်” ဟု အထက်ပါဌာနမှ တိုင်းဦးစီးမှူးက ပြောသည်။

နိုဝင်ဘာလတွင် တိုင်းအတွင်းရှိ လယ်သမားများ စပါးရိတ်သိမ်းကာလ၊ ကွမ်းသီးခြောက်လုပ်သည့်ကာလ၊ ရော်ဘာခြစ်သည့်ကာလ၊ ဆားချက်လုပ်သည့် ကာလဖြစ်သည်။

ဆားချက်လုပ်သည့်ရာသီတွင် မိုးရွာနေသဖြင့် လုပ်ငန်းရပ်နားထားရကြောင်း ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်ရှိ ရွှေပြည်သား ဆားစက်ရုံပိုင်ရှင် ဦးသန်းဝင်းက ပြောသည်။

“လုပ်ငန်းတွေ အကုန်လုံး ရပ်ထားရတယ်။ ရာသီဥတုသတင်းကို နားထောင်ပြီးတော့ ဘယ်နေ့ မိုးလာဦးမလဲ။ ဘယ်နေ့ထိ မိုးရှိလဲဆိုပြီး စောင့်ပြီးတော့ လုပ်ရမယ့်သဘောမျိုးဖြစ်နေတယ်” ဟု ၎င်းက ဆိုသည်။

နေလှန်းဆားချက်လုပ်ရန် ရေငန်ကိုမွေးမြူကာ ဆားကျုံးကွက်ပြင်ဆင်ပြီး ဒလိမ့်တုံးဖြင့် လှိမ့်ရမည်ဖြစ်သော်လည်း မိုးရွာနေသဖြင့် လုပ်ငန်းရပ်နားထားရခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။