ဗီဇာသက်တမ်းတိုးပြီး ပတ်စ်ပို့ပြန်ပေးမည်ဟု ဆန္ဒပြမြန်မာလုပ်သားများကို အလုပ်ရှင်ကတိပြု

0
3611
Photo - MWRN

ထိုင်းနိုင်ငံတောင်ပိုင်း စွန်ခလာခရိုင် သစ်စက်ရုံတွင် ဆန္ဒပြသည့် မြန်မာအလုပ်သမားများကို ဗီဇာသက်တမ်းတိုးပေးပြီး သိမ်းဆည်းထားသည့် နိုင်ငံကူးလက်မှတ်ကိုလည်းပြန်ပေးမည်ဟု အလုပ်ရှင်က ကတိပေးကြောင်း ရွှေ့ပြောင်း အလုပ်သမားအခွင့်အရေးကွန်ရက် (MWRN) အဖွဲ့ထံမှ သိရသည်။

စွန်ခရာခရိုင် ဟတ်ယိုင်ဒေသက APK သစ်စက်ရုံရှိ ၃၀၀ နီးပါးသည် နိုဝင်ဘာလ ၁၇ ရက်ညနေပိုင်းတွင် ဆန္ဒပြ တောင်းဆိုကြခြင်းဖြစ်ကြောင်း အလုပ်သမားများထံမှ သိရသည်။

နိုင်ငံကူးလက်မှတ်သိမ်းဆည်းခံထားရခြင်း၊ ဗီဇာသက်တမ်းတိုးပေးရန် ငွေကောက်ခံထားသော်လည်း မတိုးပေးခြင်း၊ လုပ်အားခအပြည့်အဝ မရရှိခြင်းစသော အခွင့်အရေးချိုးဖောက်ခံရမှုများ ကြုံတွေ့ခဲ့ရကြောင်း ၎င်းတို့ထံမှ သိရသည်။

ဗီဇာသက်တမ်း တိုးပေးရန် ဇွန်လမှစ၍ ဘတ် ၇၀၀၀ တစ်ကြိမ်၊ ဘတ် ၄၇၀၀ တစ်ကြိမ် စုစုပေါင်း ဘတ်တစ်သောင်း ကျော် ကောက်ခံခဲ့သော်လည်း နိုဝင်ဘာလအထိ သက်တမ်းတိုးပေးခြင်းမရှိကြောင်း အလုပ်သမားများထံမှ သိရသည်။

ထို့ကြောင့် အလုပ်သမားများ ဆန္ဒပြကြရာ ဟတ်ယိုင်အခြေစိုက် MWRN၊ SERC ဟတ်ယိုင်အလုပ်သမားသမဂ္ဂအဖွဲ့၊ ထိုင်းအလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးတို့က တာဝန်ရှိသူများ နိုဝင်ဘာလ ၁၇ရက် ညပိုင်းတွင် စက်ရုံသို့ လာရောက်ညှိနှိုင်းပေးခဲ့ကြောင်း အဆိုပါအဖွဲ့များထံမှ သိရသည်။

ယင်းသို့ညှိနှိုင်းရာတွင် အလုပ်သမားများအား ဗီဇာတိုးပေးရန်၊ သက်တမ်းတိုးပြီးနောက် နိုင်ငံကူးလက်မှတ်များကို ပြန်လည်ပေးအပ်ရန် အလုပ်ရှင်က သဘောတူခဲ့ကြောင်း MWRN အဖွဲ့ထံမှ သိရသည်။

ကိုဗစ်ကာကွယ်ဆေးထိုးရန် အလုပ်သမားများထံမှ ကောက်ခံထားသည့် ဘတ်တစ်ထောင်ကိုလည်း ဒီဇင်ဘာလ ၇ရက်တွင် ပြန်ပေးမည်ဟု ကတိပြုထားကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

အလုပ်ရှင်က ကတိအတိုင်း လုပ်ဆောင်ခြင်း ရှိမရှိကို စောင့်ကြည့်နေဆဲဖြစ်ကြောင်း MWRN မှ ဟတ်ယိုင်ဒေသ အလုပ်သမားတာဝန်ခံ ဦးဘရီက ပြောသည်။

“ဆက်စောင့်ကြည့်ရဦးမယ်။ ဒီဇင်ဘာ ၇ ရက်နေ့ ပြန်ပေးမပေး။ ကတိပျက်မယ် မထင်ဘူး။ ကတိပျက်ရင် စက်ရုံဘက်က ပိုဖိအားများလာမှာကိုး။ အလုပ်သမားတွေဘက်ကလည်း ဆန္ဒပြတာတို့ ဆက်ဖြစ်လာနိုင်တယ်ဆိုတော့ အလုပ်သမားရုံးတွေကလည်း ငြိမ်နေတော့မယ် မထင်ဘူး” ဟု ၎င်းက ပြောသည်။

သင်္ကြန်အတွင်း နှစ်ဆန်းတစ်ရက်နေ့ အလုပ်နားသည့်အတွက် လုပ်အားခ ဘတ် ၅၀၀ ဖြတ်ခြင်း၊ သတ်မှတ်ထားသော လုပ်အားတန်ဖိုးမရဟုဆိုကာ ဘတ် ၂၀၀ ဖြတ်ခြင်း စသည်တို့ ကြုံတွေခဲ့ရသေးကြောင်း ၎င်းက ပြောဆိုသည်။

လုပ်အားခနှင့် ညဘက် အချိန်ပို (OT) လုပ်အားခများလည်း အပြည့်အဝမရရှိကြဘဲ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများ ဆက်တိုက်ကြုံတွေ့နေခဲ့ရကြောင်း ဦးဘရီက ဆိုသည်။

စက်ရုံအဆောင်တွင် ရေခ၊ မီးခ တစ်ဦလျှင် ဘတ် ရှစ်ရာမှ ကိုးရာအထိ ဖြတ်ခြင်း၊ မီးဖွားခွင့်၊ ကျန်းမာရေး ကိစ္စရပ်များ တွင်လည်း စက်ရုံဘက်က တာဝန်ယူကူညီဆောင်ရွက်ပေးခဲ့ခြင်းများ မရှိကြောင်း အလုပ်သမားများက ပြောသည်။

လက်ရှိတွင် စက်ရုံဘက်က အလုပ်သမားများအပေါ် အခွင့်အရေးချိုးဖောက်မှုများကို အမြန်ဆုံးပြန်လည်ဖြေရှင်းပေး မည်ဟု ဝန်ခံကတိပြုထားရာ ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ဦးဘရီက ပြောဆိုသည်။

ထိုင်းအလုပ်သမားဥပဒေအရ အလုပ်ရှင်သည် အလုပ်သမားများ၏ ဆန္ဒမပါဘဲ နိုင်ငံကူးလက်မှတ်၊ အထောက်အထား စာရွက်စာတမ်းတို့ကို သိမ်းဆည်းထားပိုင်ခွင့်မရှိကြောင်း အလုပ်သမားအရေးလှုပ်ရှားသူများက ဆိုသည်။