ပုလောတွင် ကားမိုင်းဆွဲခံရမှုတွင် ဘုန်းတော်ကြီးတစ်ပါးပျံလွန်ဟုဆို

0
4014

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကဒဲကျေးရွာအနီးတွင် ကားမိုင်းဆွဲခံရပြီး ဘုန်းတော်ကြီးတစ်ပါး ပျံလွန်တော်မူသွား ကြောင်း ဒေသခံများထံမှ သိရသည်။

နိုဝင်ဘာလ ၂၂ ရက် ည ၁၀ နာရီဝန်းကျင်က ကဒဲရွာအနီး ရေကျော်ထန်းပင်တန်းတွင် မိုင်းဆွဲခံရခြင်းဖြစ်ပြီး ကားနှစ်စီးအနက် ဘုန်းတော်ကြီး လိုက်ပါလာသည့်ကား မိုင်းထိသွားခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

“ဘုန်းကြီးက ပျံလွန်တော်မူသွားပြီး လူတချို့လည်း ထိခိုက်လို့ ပလဆေးရုံတင်ထားရတယ်လို့ ကြားရတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ပျံလွန်တော်မူသွားသည်ဆိုသည့် ဘုန်းတော်ကြီး၏ ဘွဲ့အမည်နှင့် သီတင်းသုံးနေသည့် ကျောင်းတိုက်တို့ကိုမူ မသိရသေးကြောင်း ဒေသခံများက ပြောဆိုသည်။

မိုင်းဆွဲခံရပြီးနောက် ကားမှာ အသုံးပြု၍မရတော့ဘဲ ခရီးသည်များအား မင်းထိန်ကျေးရွာသားများက ထမင်းကျွေးကာ ညအိပ်နေစေခဲ့ရကြောင်း ဒေသခံနောက်တစ်ဦးက ပြောသည်။

“ဖြစ်တာက ည ၉ နာရီ ၄၅ မိနစ်ဆိုတော့ အချိန်လွန်အခါလွန် ဖြစ်နေပြီ။ ဒီအချိန် ဒီလမ်းကို ဘယ်ခရီးသည်ကားမှ မဖြတ်ရဲတဲ့ အချိန်ကြီး” ဟု ကဒဲရွာဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

အဆိုပါ မိုင်းခွဲမှုကို မည်သည့်အဖွဲ့ မည်သည့်အကြောင်းအရင်းကြောင့် ပြုလုပ်ခဲ့သည်ကိုမူ မသိရှိရသေးကြောင်း ဒေသခံများက ပြောဆိုသည်။

ကဒဲကျေးရွာအနီးတွင် မိုင်းဆွဲမှုများ၊ နှစ်ဖက်ပစ်ခတ်မှုများ မကြာခဏဖြစ်လေ့ရှိသည်။