လောင်းလုံးမြို့နယ်ပညာရေးမှူး ပစ်ခတ်ခံရ

0
4323

လောင်းလုံးမြို့နယ် ပညာရေးမှူး ဦးဇော်ဇော်စိုးကို အမည်မသိသူများက နိုဝင်ဘာလ ၂၂ ရက် ညနေပိုင်းတွင် သေနတ်ဖြင့် လိုက်လံပစ်ခတ်ခဲ့ကြောင်း တိုင်းပညာရေးမှူးရုံးနှင့် ဒေသခံအချို့ထံမှ သိရသည်။

လောင်းလုံးမြို့နှင့် ကပ်လျက် သဗျာကျေးရွာအုပ်စု ထားဝယ်-လောင်းလုံး-ရှင်မော် သွားသည့် ကားလမ်းမပေါ်တွင် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“အနောက်ကနေ ဆိုင်ကယ်တစ်စီးနဲ့ လိုက်လာပြီး သုံးလေးချက် ပစ်တာလို့ ပြောသံကြားရတယ်” ဟု ၎င်းက ဆိုသည်။

ဦးဇော်ဇော်စိုး သေနတ်ဖြင့် ပစ်ခတ်ခံရသည်မှာ မှန်ကန်ကြောင်း တိုင်းပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက အတည်ပြု ပြောကြားသည်။

“ဘာမှတော့ မဖြစ်ဘူး။ ဒဏ်ရာလည်း မရသွားဘူး။ တော်သေးတယ်လို့ ပြောရမှာပေါ့” ဟု ၎င်းတာဝန်ရှိသူက ပြောသည်။

၎င်းအား မည်သူတို့က မည်သည့်အတွက်ကြောင့် ပစ်ခတ်ခဲ့သည်ကိုမူ မသိရသေးပေ။

ဦးဇော်ဇော်စိုးမှာ အာဏာမသိမ်းမီကတည်းက လောင်းလုံးမြို့နယ် ပညာရေးမှူးရုံးတွင် ဒုတိယမြို့နယ် ပညာရေးမှူးရာထူးဖြင့် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။

နောက်ပိုင်းတွင် ပညာရေးမှူးလစ်လပ်သွားသဖြင့် (ဒုပညာရေးမှူးရာထူးဖြင့်) လောင်းလုံးမြို့နယ် တာဝန်ခံ ပညာရေးမှူးတာဝန်ကို ထမ်းဆောင်နေခြင်းဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးမှ တာဝန်ရှိသူက ဆိုသည်။

အာဏာသိမ်းပြီးနောက်ပိုင်း CDM လုပ်သွားသည့် ပညာရေးဝန်ထမ်းများကို ပြန်လည်တာဝန်ထမ်းဆောင်ရန်အတွက် ဦးဇော်ဇော်စိုးက လိုက်လံစည်းရုံးပြောဆိုခဲ့ဖူးသော်လည်း CDM ဝန်ထမ်းများအား ဖိအားပေးခြင်း၊ ဖမ်းဆီးခိုင်းခြင်းတို့ လုပ်ဆောင်သည်ကိုမူ မကြားဖူးကြောင်း လောင်းလုံးမြို့နယ်ရှိ CDM ဆရာမအချို့က ပြောသည်။

အချို့ကမူ CDM ဝန်ထမ်းများ ပြန်လည်တာဝန်ထမ်းဆောင်ရန် စည်းရုံးသော်လည်း မအောင်မြင်ပါက ဖမ်းဆီးခိုင်းမည်ဟု ဖိအားပေးခြင်းမျိုးရှိကြောင်း ပြောဆိုကြသည်။