အင်ဒိုနီးရှားငလျင်ကြောင့် သေဆုံးသူ ၁၆၀ ကျော်ရှိလာ၊ ပိတ်မိနေသူများစွာရှိ

0
3433

အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းမကြီးတွင် ငလျင်လှုပ်ခတ်သွားခဲ့ရာ လူ ၁၆၀ ကျော် သေဆုံးပြီး ဒဏ်ရာရပိတ်မိသူများ ရှိနေကြောင်း ဒေသအုပ်ချုပ်ရေးမှူးက ပြောဆိုထားသည်။
ပိတ်မိနေသူ အရေအတွက်ကိန်းဂဏန်း အတိအကျကို မသိရသေးပေ။

အနောက်ဂျာဗား စီယန်ဂျာတွင် နိုဝင်ဘာလ ၂၁ ရက် မွန်းလွဲပိုင်းက လှုပ်ခတ်သွားခဲ့သော ငလျင်သည် ပြင်းအား ၅ ဒသမ ၆ ခန့်ရှိပြီး ငလျင်ဗဟိုချက်က တိမ်သဖြင့် ထိခိုက်မှုများခဲ့ကြောင်း သတင်းများအရသိရှိရသည်။

ဆေးရုံသို့ လူများစွာ ရောက်ရှိနေပြီး၊ အများအပြားကို ဆေးရုံအပြင်တွင် ကုသပေးနေရလျက် ရှိသည်။ ကယ်ဆယ်ရေး လုပ်သားများက ညလုံးပေါက် အလုပ်လုပ်နေပြီး ပိတ်မိနေသူများကို ကယ်ဆယ်လျက်ရှိသည်။

ငလျင်လှုပ်သွားသောနေရာသည် လူဦးရေ ထူထပ်ရာဖြစ်ပြီး မြေလည်းပြိုသွားသည်။ ထို့အပြင် နေအိမ်များကလည်း အခိုင်အခန့် ဆောက်လုပ်ထားကြခြင်း မဟုတ်ပေ။

သေဆုံးသူသည် အနည်းဆုံး ၆၂ ဦးရှိပြီဟု အမျိုးသားသဘာဝဘေးဒဏ်လျှော့ချရေးအေဂျင်စီ က ထုတ်ပြန် ထားသော်လည်း ဒေသအုပ်ချုပ်ရေးမှူးက ၁၆၂ ဦးရှိပြီဟုဆိုထားရာ ကိန်းဂဏန်းကို အတိအကျ မသိရသေးပေ။

အရိုးကျိုးသော လူနာ အလွန်များပြားပြီး လူ ၃၂၆ ဦးခန့် ဒဏ်ရာရသည်ဟု ဒေသဆိုင်ရာ မီဒီယာ တစ်ခုက ထုတ်ပြန် ထားသည်။

ငလျင်ကြောင့် လတ်တလော ရွှေ့ပြောင်းတိမ်းရှောင်ရသူ လူတစ်သောင်းသုံးထောင်ကျော် ရှိနေသည်။