ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာလုပ်သားနှစ်ရာကျော်ကို ထိုင်းက ကော့သောင်းဘက်သို့ ပြန်လွှဲ

0
3162

ထိုင်းနိုင်ငံတောင်ပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာအလုပ်သမားများ နှစ်ရာကျော်ကို ယနေ့ နိုဝင်ဘာလ ၂၁ ရက်တွင် ကော့သောင်းမြို့သို့ ပြန်လည်လွှဲပြောင်းပေးလိုက်ကြောင်း ရွှေအဏ္ဏဝါပရဟိတ လူငယ်အဖွဲ့ထံမှ သိရသည်။

အဆိုပါအလုပ်သမားများသည် ပြစ်ဒဏ်ကျခံပြီးနောက် ကော့သောင်း-ရနောင်းနယ်စပ်ရှိ ရနောင်းမြို့ လူဝင်မှု ကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားခဲ့ပြီးမှ မြန်မာနိုင်ငံသို့ ပြန်လွှဲပေးခြင်းဖြစ်သည်။

ကော့သောင်းဘက်သို့ ပြန်လည်လွှဲပြောင်းပေးရာတွင် မြန်မာအလုပ်သမား အမျိုးသား ၁၇၀ ဦး၊ အမျိုးသမီး ၄၀ ဦး စုစုပေါင်း ၂၁၀ ဦးတို့ပါဝင်ကြောင်း အထက်ပါအဖွဲ့ထံမှ သိရသည်။  

ရနောင်းမြို့ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားတို့အား တစ်လလျှင် နှစ်ကြိမ်နှုန်းဖြင့် နှစ်နိုင်ငံတာဝန်ရှိသူတို့ ညှိနှိုင်းပြီး ကော့သောင်းဘက်သို့ ပြန်လည်လွှဲပြောင်းပေးကြောင်း ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့မှ သိရသည်။

ကော့သောင်းဘက်သို့ ပြန်လည်ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားတို့အား ကွာရန်တင်းစခန်း ဝင်ရောက်ခြင်းနှင့် ကိုဗစ်ပိုးရှိ မရှိစစ်ဆေးဆောင်ရွက်ပြီး သက်ဆိုင်ရာ နေထိုင်ရာဒေသများသို့ သွားရောက်နိုင်ကြောင်း ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုင်းနိုင်ငံတောင်ပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးပြစ်ဒဏ်ချခံရသူတို့တွင် စာရွက်စာတမ်း ပြည့်စုံမှုမရှိဘဲ တရားမဝင် ဝင်ရောက်ကြသူ အများဆုံးပါဝင်လေ့ရှိကြောင်း ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) ကော့သောင်းရုံး တာဝန်ရှိသူတစ်ဦးက ပြောဆိုထားသည်။

ပြီးခဲ့သည့်အောက်တိုဘာလအတွင်းကမူ မြန်မာအလုပ်သမား ၃‌၆၈ ဦးအား ထိုင်းဘက်က ပြန်လည် လွှဲပြောင်းပေးခဲ့သည်။