ကျိုက်မရော တောင်ကလေးရဲစခန်း တိုက်ခိုက်ခံရ၊ လေကြောင်းဖြင့် ပြန်လည်ပစ်ခတ်

0
4155

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ တောင်ကလေးကျေးရွာရှိ ရဲစခန်း ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က လေယာဉ်လာရောက်ကာ ပြန်လည်ပစ်ခတ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ယနေ့ နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက် ၅ နာရီဝန်းကျင်က ကျိုက်မရောမြို့နယ် မုဒုံ-ချောင်းနှစ်ခွ-ကြာအင်းဆိပ်ကြီး လမ်းပေါ်ရှိ တောင်ကလေးကျေးရွာရဲစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းအဖွဲ့တို့က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ကြောင်း ဒေသခံများက ပြောသည်။

ယင်းနောက် နှစ်ဖက်အပြန်အလှန်ပစ်ခတ်ပြီး တစ်နာရီခန့်အကြာတွင် စစ်ကောင်စီဘက်က လေယာဉ်ဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်သည့်အပြင် မုဒုံမြို့နယ်ဘက်ရှိ အမြောက်တပ်ကလည်း လက်နက်ကြီးဖြင့် လှမ်းပစ်နေကြောင်း ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။

နေ့လယ် ၁၂ နာရီဝန်းကျင်အထိ လက်နက်ကြီးဖြင့် ပစ်ခတ်နေသည့်အသံကြားနေရပြီး တောင်ကလေး၊ ကဒါ၊ ကြံတော၊ လှာကဇိုင် အစရှိသည့်ကျေးရွာ ခုနစ် ရွာထက်မနည်းက ပြည်သူများလည်း ဘေးလွတ်ရာ တိမ်းရှောင်နေကြရကြောင်း ဒေသခံများက ဆိုသည်။

“လက်နက်ကြီးနဲ့ ပစ်နေတဲ့အသံက မုဒုံအထိ ကြားနေရတယ်။ မနက်ကတည်း ဆက်တိုက်ပစ်နေတာ အချက်ပေါင်း မနည်းဘူး။ မုဒုံကလူတွေပါ ကြောက်နေကြတယ်” ဟု မုဒုံမြို့ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် နေအိမ်အချို့ ထိခိုက်ပျက်စီးမှုရှိသည့်အပြင် ဒေသခံ တစ်ဦးလည်း သေဆုံးသွားကြောင်း ဒေသခံများကို မေးမြန်းချက်အရ သိရသည်။

“အခြေအနေ အသေးစိတ်တော့ မသိသေးဘူး။ လက်ရှိက တစ်ဦးသေသွားတယ်လို့ သိရတယ်။ အိမ်တွေလည်း ထိထားတာ ရှိတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ပစ်ခတ်မှုဖြစ်နေသည့် မုဒုံ-တောင်ကလေး-ကြာအင်းဆိပ်ကြီးလမ်းပိုင်းနှင့် မုဒုံ-တောင်ကလေး-ခလယ်တံခွန်တိုင် လမ်းပိုင်းတွင် အသွားအလာ မပြုလုပ်ကြရန်လည်း ဒေသခံတို့က တိုက်တွန်းနှိုးဆော်ထားသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၂ ရက်နေ့ကလည်း မုဒုံ-ကြာအင်းဆိပ်ကြီးကားလမ်းမကြီးပေါ်ရှိ ချောင်းနှစ်ခွရဲစခန်းကို KNLA ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စခန်းမှူး အပါအဝင် ရဲတပ်ဖွဲ့ဝင် သုံးဦးသေဆုံးကာ လေးဦး ဖမ်းဆီးခံခဲ့ရသည်။

ချောင်းနှစ်ခွရဲစခန်း တိုက်ခိုက်မှုခံရစဉ်ကလည်း စစ်ကောင်စီဘက်က လေကြောင်းဖြင့် တိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံပြည်သူ ထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။