အမှောင်ထဲမှ မင်းသားများ (၁၉၇၀)

0
373

အခန်း(၂၆)

၁၉၇၁ ‌အောက်တိုဘာ (၁၅)ရက်။

မော်လမြိုင်၊ ရွှေမြိုင်သီရိရှိ ကြေးမုံ၏ ရုံးခန်း။

“ရော့…ကျွန်တော့်ကို ပစ်သတ်လိုက်ပါ…မမယု”

ပစ္စတိုသေနတ်က ယုယုမော်ရှေ့ စားပွဲစွန်းသို့ လျောခနဲ ရောက်လာသည်။

“ဘာတွေဖြစ်နေတာလဲ..ကိုကြေး…ရှင့်ကို မယုက ဘာလို့ သတ်ရမှာလဲ”

“ဘန်ကောက်မှာဖြစ်ခဲ့တဲ့ကိစ္စ…ကျွန်တော် ယောက်ျားမဆန်ဘူးလို့ ခံစားရတယ်..မမယုအပေါ် ကျွန်တော် တာဝန်မကျေခဲ့ဘူး”

“သြော်..ဘန်ကောက်က ကိစ္စလား..အဟက်…ရှင်ယောက်ျားဆန်ပါတယ်..အဲ့ဒီညက ယောက်ျားဆန်လွန်းလို့လည်း မယုတို့နှစ်ယောက်ကြား ဟိုကိစ္စဖြစ်ခဲ့ကြတာမဟုတ်လား..ဘာကို ယောက်ျားမဆန်တာလဲ”

ယုယုမော် ၏ လှောင်ရယ်သံကြောင့် ကြေးမုံ ပိုနေရခက်သွားသည်။

“အဲ့ဒီကိစ္စပဲလေ..အမှန်ဆို ကျွန်တော် မမယုကို တာဝန်ယူသင့်တာပေါ့..မဟုတ်ဘူးလား..အခုတော့ ကျွန်တော်က မြိုင့်ကို လက်ထပ်လိုက်တယ်..အဲ့ဒါလည်း ကလေးရှေ့ရေးအတွက်လည်း ပါလို့ပါ..မမယုရယ်”

“ဟား….အသာလုပ်ပါ..ကိုယ်တော်ချောရဲ့..အဲ့ဒါက ရှင်ရော မယုရော အလိုတူအလိုပါဖြစ်ခဲ့တဲ့ကိစ္စလေ… ရှင့်မှာ ဘာတာဝန်တွေပိုရှိလို့ တာဝန်တွေယူချင်နေတာတုန်း…ရုပ်ရှင်ထဲက မင်းသားတွေ ပြောတဲ့စကားတွေ လာမပြောပါနဲ့လား”

ကြေးမုံက ယုယုမော်ကို မျက်တောင်မခတ်ပဲ စိုက်ကြည့်နေသည်။

“ခင်ဗျားကြီး လိမ်မနေပါနဲ့ဗျာ..ကျွန်တော် ဖလော်ရင့်နဲ့ ရန်ကုန်မှာ တွေ့ပြီးပြီ..သူအကုန်ပြောပြတယ်”

ယုယုမော်က နှုတ်ခမ်းကို ကိုက်ထားလိုက်သည်။

“မမယု ငိုနေတယ်ဆို…ဘာတွေဖြစ်နေတာလဲ…ကျွန်တော့်ကြောင့်လား”

ကြေးမုံအသံက အနည်းငယ်ကျယ်သွားသည်။ အခန်းပြင်တွင် ထိုင်စောင့်နေသော စိုးနောင်နှင့် ကိုစန်းထွန်းက တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး မျက်ခုံးပင့်ပြလိုက်ကြ၏။

ယုယုမော်က နှုတ်ခမ်းကိုတင်းတင်းစေ့ထားသည်။

“အခု မယု လာတာ အလုပ်ကိစ္စပြောဖို့လာတာနော်… ဆွန်ချိုင်းနဲ့ အဆက်အသွယ်ရတယ်….ဆွန်ချိုင်းရဲ့စက်လှေတွေက.နောက်လထဲ ဂျော်နီဝါကားဝီစကီ ရက်လေဘယ်နဲ့ ဘလက်လေဘယ်တွေကို ချောင်ဘူရီကနေ ချာအမ့်ကမ်းခြေကို မှောင်ခိုသယ်ဖို့ရှိတယ်…ကျွန်မတို့ ယူမယ်ဆို နယ်စပ် လန်ည အထိအရောက် ပို့ပေးမယ်..ရှင်စိတ်ဝင်စားလား..ကိုကြေး”

ကြေးမုံထံမှ စကားပြန်မလာ။

ယုယုမော်က မတ်တပ်ထရပ်လိုက်သည်။

“ကဲ…အခု ရှင့်မှာက သားနဲ့မယားနဲ့ဖြစ်နေပြီ..ဒီထက် စီးပွားပိုရှာရတော့မှာ..အခုမှ အူတူတူ ကြောင်တောင်တောင်ပုံစံလာဖြစ်ပြနေရင်..ရော့..ဒီမှာ ကိုယ့်သေနတ်နဲ့ကိုယ် ဖင်ခေါင်းဝ တေ့ပြီး မောင်းဆွဲလိုက်တော့..”

ယုယုမော်က ပစ္စတိုကို ကြေးမုံဆီ တွန်းပို့လိုက်ပြီး လှည့်ထွက်သွားသည်။

“မမယု”

ကြေးမုံက အလျင်စလိုထပြီး ယုယုမော်၏ လက်ကို ဖမ်းဆွဲလိုက်၏။

ကြေးမုံဆွဲလိုက်သည့် အရှိန်က အားပါသဖြင့် ယုယုမော်၏ ကိုယ်လုံးထွားထွားအိအိမှာ ကြေးမုံ ရင်ခွင်ထဲသို့ ပြိုကျသွားသည်။

“ခုန မမယုပြောတဲ့ ဝီစကီကိစ္စ ကျွန်တော်စိတ်ဝင်စားတယ်..ရန်ကုန်အထိသွင်းမယ်..ပြီးတော့..မမယုကို ကျွန်တော်ချစ်တယ်”

အပြင်တွင်ထိုင်ကာ နားစွင့်နေသော ကိုစန်းထွန်းက စိုးနောင်ကို လက်ကုပ်လိုက်သည်။

“မောင်ကြေးရေ..ငါတို့ မနက်စာဘာမှ မစားရသေးလို့ သွားစားဦးမယ်ဟေ့….နည်းနည်းကြာမယ်နော်… အပြင်တံခါးလည်းပိတ်ခဲ့မယ်”

………………………………..

အင်းစိန်ထောင်။

နိုင်ငံရေးအကျဥ်းသားမရှိ၊ ကျောင်းသားမရှိ၊ ဘုန်းကြီးမရှိ..ထောင်ကျနှင့် အချုပ်သားသာရှိသည် ဟူသော ကြွေးကျော်သံနှင့်အတူ စစ်ဗိုလ်အသွင်ပြောင်းများ အင်းစိန်ထောင်သို့ တဖွဲဖွဲရောက်ရှိလာကြသည်။

ဧရာနှင့် ခင်ဝင်းကြည်ကို သတ်မှုဖြင့် သေဒဏ်ကျခံနေရသော အလီသည် နိုင်ငံတော်သို့ အယူခံဝင်နေစဥ်ကာလဖြစ်သဖြင့် အင်းစိန်ထောင် (၂) တိုက် အတွင်း ထားရှိသည်။

မိုးကျော်သည် ဖမ်းစီးခံခဲ့ရသော သူ့တပည့်များအတွက် ထောင်တွင်း အဆင်ပြေစေရန် မျက်မှန်ကြီးထံ မေတ္တာရပ်ခံထားသည်။

ထောင်တွင်းသြဇာကြီးသည့် ထောက်လှမ်းရေးတပ်ဖွဲ့၏ အရှိန်အဝါကြောင့် မိုး‌ကျော်၏ တပည့်များကို ထောင်ပိုင်ကြီး မစ္စတာမက္ကနားကိုယ်တိုင် မျက်နှာသာပေးခဲ့ရသည်။

အလီသည်လည်း သေဒဏ်ကျ အကျဥ်းသားဖြစ်သော်လည်း တိုက်အတွင်း လွတ်လပ်စွာနေခွင့်ရခဲ့သည်။

အီဆာ၊ အီဆတ်၊ ပီတာ၊ အဘူး နှင့် ဆေးရုံကြီးစိန်ဝင်းစသော အခြားလူမိုက်များမှာ ထောက်လှမ်းရေးမှ ကျော်ဇောသတင်းဖြင့် ဖမ်းထားခြင်းသာဖြစ်သဖြင့် အချုပ်ဆောင်တွင်သာ ရှိနေကြသေး၏။

၁၉၇၁ ဒီဇင်ဘာလ။

“ထမင်းတောင်းလာပြီ”

အမြဲဆင်းဟုခေါ်သည့် ထောင်သားတစ်ဦးမှ ထမင်းတောင်းကို ထမ်းလာပြီး လက်က ပဲဟင်းပုံးကို ဆွဲလာသည်။

အလီသည် ၂ တိုက်တွင်း အာဏာရှိသူဖြစ်သဖြင့် ပဲဟင်း၏ အနှစ်များကို အရင်ဆုံး ကိုယ်တိုင်ခပ်ယူလေ့ရှိသည်။

အလီက ပုံစံ ဒန်ခွက်ကို ယူပြီး ပဲဟင်းအိုးရှေ့တွင် ထိုင်ချလိုက်သည်။

“အလီ”

ပုံးထဲမှ ပဲဟင်းကို စိတ်ဝင်တစားငုံ့ကြည့်နေသော အလီက သူ့နာမည်ခေါ်သံကြောင့် မော့ကြည့်လိုက်သည်။

ထမင်းတောင်းလာပို့သည် အကျဥ်းသား၏ လက်ထဲမှ ထမင်းခတ်သည့် သံပန်းကန်ဝိုင်းက ရိပ်ခနဲ မြောက်တက်သွား၏။

အသေအချာအချိန်ယူသွေးထားသဖြင့် ထက်ရှိနေသော သံပန်းကန်အဝိုင်း၏ အသွားများသည် အလီ၏ လည်ပင်းသို့ တိတိပပ စိုက်ဝင်သွားခဲ့သည်။

အလီက လည်ပင်းတွင် သံပန်းကန်အဝိုင်းစိုက်လျက်က သွေးရူးသွေးတန်းဖြင့် ထပြေးသည်။

ထမင်းပို့အကျဥ်းသားက အလီ၏ အင်္ကျီကို စောင့်ဆွဲလိုက်ပြီးနောက် ခေါင်းကို ပဲဟင်းအိုးထဲ နှစ်ကာ ဖိထားလိုက်၏။

(၂) တိုက်အတွင်း အသံများ ဆူညံသွားကြသည်။

ထောင်ဝါဒါများ၊ ဝန်ထမ်းများက သေနတ်များ တုတ်များဖြင့် ရောက်လာချိန်တွင်တော့ ပဲဟင်းပုံးအတွင်း အလီ၏ သွေးများဖြင့် ရဲတွတ်နေပြီဖြစ်သည်။ အလီက “တခူးခူး”ဖြင့် လေကို အငန်းမရရှုကာ ဇာတ်သိမ်းသွားခဲ့ပြီဖြစ်သည်။

“ဘယ်ကောင်လုပ်တာလဲ..ဘယ်ကောင်လုပ်တာလဲ”

ထောင်မှူး ဦးအောင်နွဲ့က နံပါတ်တုတ်တရမ်းရမ်းဖြင့် အော်လိုက်သည်။

“ကျွန်တော်”

အသံလာရာသို့ အားလုံးကြည့်လိုက်ကြသည်။

တောင်ကြီးသား ယောင်ဝမ်ကြည်။

မိုးကုတ်မှ တောင်ကြီးသို့ ကျောက်မှောင်ခိုသယ်စဥ် ဖမ်းခံခဲ့ရသည့် အကျဥ်းသား။

အသက် (၁၈)နှစ်ကျော်သာရှိသေးသည့်အတွက် ထမင်းဘုတ်တွင် ထမင်းပို့တာဝန်ယူထားသူ။

“ကျွန်တော့်ကို ပဲဟင်းအနှစ်များများမယူခဲ့ဘူးလားဆိုပြီး ပြောလို့ စကားများကြရာကနေ သူက ပုံစံပန်းကန်နဲ့ ရိုက်ဖို့ကြံတာနဲ့ ကျွန်တော် ကိုယ်ကျွန်တော်ကာကွယ်ရင်း ကြောက်ကြောက်နဲ့ လုပ်လိုက်တာပါ..သူက နာမည်ကျော်လူမိုက်ကြီးဆိုတော့ ကျွန်‌တော် ကြောက်လို့ပါ”

“ဟုတ်ပါတယ်…သူ ရှမ်းလေးကို အနိုင်ကျင့်နေတာ ကျွန်တော်လည်း မြင်ပါတယ်”

တိုက်ဘာယာ ရေခဲ၏ အသံ ထွက်လာသည်။

ဦးအောင်နွဲ့က အလောင်းကို သေချာကြည့်လိုက်ပြီး

“အေး…ဒီကောင်က ဟိုစစ်ထောက်တွေအားကိုးနဲ့ လူပါးဝနေတာကြာပြီ..ကောင်လေး.မင်းအမှုကို ပေါ့အောင် ထောင်ပိုင်ကြီးဆီ ငါပြောပေးပါ့မယ်..ကဲ..အလောင်းကို ထောင်ဆေးရုံပို့ဖို့လုပ်..ဟိုကောင်လေးကိုလည်း တိုက်ထဲ ပိတ်ဖို့လုပ်တော့”

ဦးအောင်နွဲ့က ထောင်ဝန်ထမ်းများကို ညွှန်ကြားပြီး လှည့်ထွက်သွားသည်။ လှည့်အထွက်တွင် ထောင့်တွင် ရပ်နေသော ရေခဲကို ခေါင်းညိမ့်ပြလိုက်သည်။

ရေခဲက လှစ်ခနဲ ပြုံးလိုက်၏။

ထို့နောက် ယောင်ဝမ်ကြည်နှင့် ရေခဲ အချင်းချင်မျက်လုံးချင်းဆုံသွားကြသည်။ ရေခဲက လက်မထောင်ပြလိုက်သည်။

………………………………..

ကြေးမုံ အိမ်ရှေ့သို့ စက်ဘီးတစ်စီး ထိုးဆိုက်လာသည်။

ဆယ်နှစ်အရွယ်ကောင်လေးတစ်ဦးက နင်းလာပြီး အနောက်တွင် ပါလာသူက ညိုညို။

“ကိုကြေးမုံတို့ အိမ်လားရှင့်..”

မြိုင် ထွက်လာသည်။

“ဟုတ်ပါတယ်..ဘာကိစ္စများလဲမသိဘူး”

“အလုပ်ကိစ္စပြောစရာရှိလို့ပါ..ကိုရေခဲက ဒီလိပ်စာပေးခဲ့လို့”

မြိုင်၏ အနောက်မှ ကြေးမုံက ဂျူနီယာဧရာလေးကို ချီကာ ထွက်လာသည်။

“သြော်..မညို..လာ”

ညိုညိုနှင့်အတူ ဆယ်နှစ်အရွယ်ကောင်လေးက ဧည့်ခန်းတွင်ထိုင်လိုက်သည်။

“မြိုင်..အကိုတို့ အလုပ်ကိစ္စပြောမှာမို့..ကလေးကို သိပ်လိုက်ပါဦး”

မြိုင်က ကလေးကို ချီကာ အပေါ်ထပ်သို့ တက်သွား၏။

“ကျွန်တော်လည်း မနေ့ကမှ မော်လမြိုင်က ပြန်ရောက်တယ်..အခြေအနေဘာထူးလဲ..”

“အလီကို ရှင်းပစ်လိုက်ပြီတဲ့”

“သေချာလား..မညို”

“သေချာပါတယ်….မနေ့ကပဲ ထောင်ကနေ သူ့မိသားစုကို အလောင်းလာထုတ်ခိုင်းသွားပြီ..သွားစုံစမ်းလို့ရပါတယ်.ကိုကြေး”

“အင်း..ကိုရေခဲက ဘာပြောသေးလဲ”

“ကျန်တဲ့သူတွေကိုတော့ အချုပ်မှာပဲထားလို့ ဘာမှလုပ်မရသေးဘူးလို့ပြောလိုက်တယ်… ပြောထားတဲ့အတိုင်း ငွေ တစ်သောင်းမှာ ငါးထောင်ကို ကျွန်မကို ပေးလိုက်ပါတဲ့..ကျန်တဲ့ငါးထောင်ကိုတော့ မနက်ဖြန် ဒီကောင်လေးနဲ့အတူ ယောင်ဝမ်ရီဆိုတဲ့ လူတစ်ယောက် ကိုကြေးအိမ်ကို ကိုယ်တိုင် လာယူလိမ့်မယ်”

“ခင်ဗျားကို တခါတည်းပေးလိုက်လို့မရဘူးလား..မညို”

“ကိုရေခဲက အဲ့ဒီလူတွေနဲ့ ကျွန်မတိုက်ရိုက်မတွေ့စေချင်ဘူးတဲ့…ကျွန်မကို ဝင်မပါစေချင်တာ”

“အင်းလေ..ဟုတ်ပါပြီ…ဒါနဲ့ ယောင်ဝမ်ရီက ဘယ်သူလဲ”

“အထဲမှာ ရှင့်အလုပ်ကို တဆင့်ခံလုပ်ပေးတဲ့လူရဲ့ အကိုပါ”

“သြော်…အထဲက လူနာမည်သိလို့ရမလား”

“အဲ့ဒီလူလာမှ မေးကြည့်လိုက်ပေါ့”

“ဟုတ်ပါပြီ”

“မနက်ဖြန် ဒီကောင်လေး နဲ့အတူ ယောင်ဝမ်ရီဆိုတဲ့ကောင် ကိုကြေးဆီလာလိမ့်မယ်..ဒီကလေးနာမည်က စိုးမြတ်တဲ့…အရင်ကတော့ ကျွန်မတို့ မင်းမနိုင်ကွက်သစ်မှာနေတာ..အခုတော့ အလုံ ဆင်မင်းစျေးနားက ရှစ်ခန်းတွဲအိမ်ယာကို ပြောင်းလာပြီ…နောက်ဆို တချို့ကိစ္စတွေမှာ ကိုကြေးဆီ ကျွန်မ တိုက်ရိုက်မလာတော့ဘူး..စိုးမြတ်ကိုပဲလွှတ်လိုက်မယ်..ကိုရေခဲကလည်း ဒီအတိုင်းလုပ်ဖို့မှာထားတယ်…ဒီကလေးက.ကိုရေခဲ အပြင်မှာ ရှိကတည်းက ဘိလိယက်ခုံမှာ ဝင်ထွက်နေတာပါ..စိတ်ချရပါတယ်”

ကြေးမုံက စိုးမြတ်ဆိုသည့် ချာတိတ်ကို အကဲခတ်လိုက်သည်။

လူကောင်သေးသေး၊ အသားဖြူဖြူနှင့် လက်ရဲဇက်ရဲစရိုက် ကို ခန့်မှန်းမိလိုက်၏။

“ဟုတ်ပြီလေ…ကိုရေခဲ လွတ်ဖို့ အခြေအနေရှိလား”

“အင်း…နောက်နှစ်လောက်ဆို လွတ်ဖို့များပါတယ်…လွတ်လာရင်တော့ အေးအေးဆေးဆေးပဲ လုပ်ကိုင်စားခိုင်းတော့မယ်…အခု ကိုကြေးပေးတဲ့ငွေနဲ့လည်း ကျွန်မ ရုပ်ရှင်ရုံနား စျေးဆိုင်လေးဖွင့်မလားလို့လေ”

ကြေးမုံက ပြုံးလိုက်သည်။

………………………………..

မိုး‌‌ကျော်က ပြုံးလိုက်သည်။

လက်ထဲမှ စာကို နောက်တစ်ကြိမ်ပြန်ဖတ်ပြီးနောက်…ရှေ့တွင်ရှိသော.မီးလင်းဖိုထဲသို့ ပစ်ထည့်လိုက်၏။

“ခင်ဗျားတို့ လူကြီးက ဘာတွေများ မိန့်မှာလိုက်လို့ သဘောကျနေတာလဲ..ကိုမိုးကျော်”

မီးလင်းဖိုနဘေးတွင်ထိုင်ကာ ကောက်ညှင်းအရက်ကို သောက်နေသည့် လောရှည်က မေးလိုက်သည်။

“ဒီတပတ်ထဲမှာ မောက်မန်ကုမ္ပဏီတရုတ်တွေ နဲ့ ဦးလော်စစ်ဟန် မာလိပါးစျေးနေ့မှာ အထူးကုန်ကိစ္စ စကားပြောကြလိမ့်မယ်တဲ့”

“အင်း..မောက်မန်၊ ယန်ချန်းရှန့်၊ ဖုရှဲဟို အားလုံးက ဘိန်းကုမ္ပဏီတွေပဲလေ…သူတို့နဲ့ အဘိုးကြီးတွေ့ကြတာ ဘာများဆန်းလို့လဲဗျာ”

“မဟုတ်ဘူး..လောရှည်…အဲ့ဒီနေ့ လောက်ကိုင်ကို ဖုန်ညီအကိုလည်း တက်လာမယ်တဲ့ …သူတို့ လော်နဲ့ ဟိုမှာ တွေ့ကြလောက်တယ်….သူတို့တွေ့တဲ့အခါ ဘာသတင်းတွေထွက်လာမလဲ.လူကြီးက လိုချင်တာ…မင်း လောက်ကိုင်ကို တက်ရလိမ့်မယ်”

“ခင်ဗျား မလိုက်ဘူးလား..ကိုမိုးကျော်”

“ငါမလိုက်ဘူး..ငါလားရှိုးပြန်တက်ရမယ်….ရန်ကုန်က ငါ့လူတစ်ယောက်ထောင်ထဲမှာ အသတ်ခံလိုက်ရတယ်…အဲ့ဒါ သူ့မိသားစုကို ငါငွေလွှဲပေးချင်လို့”

“ဘယ်သူသတ်တာလဲ”

“ကြေးမုံ ဆိုတဲ့ ချာတိတ်တစ်ကောင်ပေါ့ကွာ…ဒီကောင့် ငါ့ဆီကို တဖြည်းဖြည်း လာတော့မယ်လို့ အချက်ပေးလိုက်တာထင်ပါရဲ့”

“အင်း..ခင်ဗျားလည်း ရန်သူအတော်များခဲ့တာပဲဗျာ”

“ရန်သူများတော့ ပိုအသက်ရှည်တာပေါ့ကွာ”

“ဟ..အဆန်းပါလား..ရန်သူများတော့ သတ်ချင်တယ်လူ ပိုများမှာမဟုတ်ဘူးလား”

“မဟုတ်ဘူး…ရန်သူများတော့ သင်ခန်းစာတွေအများကြီးရခဲ့တာပေါ့ကွာ..ဒီတော့ ကိုယ်မသေဖို့အရေး ရန်သူသုံးခဲ့တဲ့ သင်ခန်းစာတွေကို ပြန်အသုံးချနိုင်တာပေါ့”

မီးလင်းဖိုမှ မီးက ပိုမိုတောက်လောက်လာသည်။

ထင်းရှူးနံ့သင်းသော လေအေးက စိမ့်ခနဲ တိုက်ခတ်သွား၏။

………………………………..

၁၉၆၂ ခုနှစ်တွင် မာလိပါးဟု ခေါ်တွင်သော လောက်ကိုင်ဒေသ၏ ဘိန်းဧကရီ အောလစ်ယန်း ကို တော်လှန်ရေးကောင်စီအစိုးရ က ဖမ်းဆီးရမိခဲ့သည်။

၁၉၆၈ ခုနှစ်တွင် အောလစ်ယန်း ထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့ပြီးနောက် စစ်ထောက်လှမ်းရေးမှ မျက်မှန်ကြီးနှင့် ချိတ်ဆက်မိခဲ့ကြသည်။

အောလစ်ယန်းမရှိချိန်တွင် လောက်ကိုင်ဒေသ မူးယစ်စျေးကွက်ကို တချိန်က အောလစ်ယန်း၏ တပ်မှူးများဖြစ်ခဲ့ကြဖူးသော လော်စစ်ဟန် နှင့် ဖုန်ကြားရှင်တို့က ခွဲခြမ်းယူထားကြ၏။

လော်စစ်ဟန်သည် စစ်အစိုးရမှခန့်အပ်သော အထူးကာကွယ်ရေးတပ် ပြည်သူ့စစ်ခရိုင်မှူးအဖြစ် ရပ်တည်ခဲ့ပြီး ဖုန်ကြားရှင်သည် ဗမာပြည်ကွန်မြူနစ်ပါတီ၏ တပ်မှူးအဖြစ် ရပ်တည်ခဲ့သည်။

လော်စစ်ဟန်နှင့် ဖုန်ကြားရှင်သည် ဇာတိတူကိုးကန့်သားများဖြစ်သည့်အတွက် အချင်းချင်းတိုက်ခိုက်လိုက်၊ ပြန်တည့်လိုက်ဖြင့် ပူးတုံခွာတုံဖြစ်နေသည်။

အဖွဲ့ချင်းက တစ်ဖက်စီ ဖြစ်နေကြသော်လည်း ပုဂ္ဂိုလ်ရေးအရ ရင်းနှီးမှုများလည်း ရှိကြသည်။

ဖုန်ကြားရှင်က ကွန်မြူနစ်များဘက်မှ စစ်တပ်ကို တိုက်ထုတ်ရင်း ဘိန်းကူးသန်းရောင်းဝယ်မှု စျေးကွက်တွင် အကြီးအကျယ်ပါဝင်လာသည်။

ဗမာပြည်ကွန်မြူနစ်ပါတီအနေဖြင့်လည်း ကိုးကန့်ခရိုင်ဘိန်းကူးသန်းမှုမှ အခွန်ငွေရရှိသဖြင့် ခွင့်ပြုပေးခဲ့သည်။

လော်စစ်ဟန်ကလည်း တဖက်မှ စစ်တပ်လက်အောက်ခံအနေဖြင့် ကွန်မြူနစ်တပ်များကို တိုက်ရင်း…ထိုစဥ်က ဘိန်း၏ အဆင့်မြင့်ဆုံးထွက်ကုန်ဖြစ်သည့် နံပါတ်(၃)အဆင့် ဟီးရိုးအင်းကို စတင်ထုတ်လုပ်နေပြီဖြစ်သည်။

တော်လှန်ရေးကောင်စီစစ်တပ်နှင့် ဗမာပြည်ကွန်မြူနစ်ပါတီတို့၏ ပြည်တွင်းစစ် အမှောင်ယံကြီးထဲတွင် လော်နှင့် ဖုန်တို့ ၏ အနာဂတ်ဘိန်းဘုရင့်နိုင်ငံတော်ကြီးတစ်ခုက တဖြည်းဖြည်း ဖြစ်ပေါ်လာနေပြီဖြစ်သည်။

ထိုအခြေအနေတွင် လော်စစ်ဟန် နှင့် ကွန်မြူနစ်ပါတီလက်အောက်ခံ ဖုန်ကြားရှင်တို့အကြား ဆက်ဆံရေးကို စစ်ထောက်လှမ်းရေးမှ အထူးစိုးရိမ်ခဲ့သည်။

ထို့ကြောင့် ထောင်မှလွတ်ပြီးနောက် ကိုးကန့်ဒေသတွင် သြဇာပြန်လည်ထူထောင်လိုသော အောလစ်ယန်းကို မျက်မှန်ကြီးမှ စည်းရုံးကာ အပေးအယူလုပ်ခဲ့ကြသည်။

လော်စစ်ဟန်ကို ဖြုတ်ချပြီး အော်လစ်ယန်း၏ အင်ပါယာကို ပြန်ထူထောင်ရန် ထောက်လှမ်းရေးက ကူညီပေးမည်။

အော်လစ်ယန်းအာဏာပြန်ရသည့်အခါတွင်လည်း ဗမာပြည်ကွန်မြူနစ်ပါတီအတွင်းမှ ကိုးကန့်တပ်ဖွဲ့ဝင်များကို ဖဲ့ထုတ်စည်းရုံးရန် သဘောတူညီကြသည်။

လော်စစ်ဟန်သည် အော်လစ်ယန်း၏ အကိုဖြစ်သူ ဂျင်မီယန်းကို ဖြုတ်ချခဲ့သော်လည်း အော်လစ်ယန်းကိုမူ လေးစားသူဖြစ်သည်။ အော်လစ်ယန်း၏ အချို့လုပ်ငန်းများကို လော်စစ်ဟန်က ကူညီနေပေးနေဆဲဖြစ်သည်။

‌ထို့ကြောင့် အော်လစ်ယန်းက လားရှိုးနှင့် လောက်ကိုင်ကြားရှိ သူ၏ ကျန်ရှိနသော အချို့ စီးပွားရေး များကို ပြည်မနှင့် ချိတ်ဆက်ပေးမည့် မန်နေဂျာတစ်ဦးအနေဖြင့် လူတစ်ယောက်ကို စေလွှတ်ပြီး လော်စစ်ဟန်ကို အနီးကပ်စောင့်ကြည့်ရန် မျက်မှန်ကြီးက စီမံခဲ့သည်။

ထိုသို့ ကြံစည်ရာတွင် မျက်မှန်ကြီးက သူ၏ လေ့ကျင့်ထားပြီးသော ထောက်လှမ်းရေးတပ်ဖွဲ့ဝင်များကို မသုံးခဲ့။

အဘယ့်ကြောင့်ဆိုသော် တစုံတစ်ခု အချွတ်အချော်ဖြစ်ခဲ့ပါက အလွယ်တကူအပျောက်ရှင်းပစ်နိုင်ရန်အတွက်ရော နောက်ကြောင်းရာဇဝင်အရ ပါ ရန်ကုန်တွင် လူမိုက်ခေါင်းဆောင်ဖြစ်ခဲ့ဖူးသော မိုးကျော် ကို အသုံးချရန် မျက်မှန်ကြီးက ကြံစည်လိုက်ခြင်းဖြစ်သည်။

ရန်ကုန်တွင် ပြဿနာတက်နေကြသော သူ့လက်အောက်မှ ကြေးမုံနှင့်မိုးကျော်တို့ ပြဿနာကိုပါ တခါတည်း ရှင်းပြီးသားဖြစ်ရန်အတွက် မိုးကျော်ကို အောလစ်ယန်း၏ လုပ်ငန်းခွဲတစ်ခုရှိရာ သိန်းနီတွင် နေထိုင်စေခဲ့၏။

မိုးကျော်နှင့်အတူ အော်လစ်ယန်း၏ ဝန်ထမ်းဖြစ်သော ရှမ်းတရုတ်လူမျိုး လောရှည်ကို ပါ တွဲဖက်ထားခဲ့သည်။

မိုးကျော် ကား ဘိန်းစိမ်းပွဲစားတစ်ဦးအနေဖြင့်ရော ‌ထောက်လှမ်းရေး၏ ထောက်ပံ့မှုများကြောင့်ပါ ငွေကြေးများစွာ ရရှိလာသည့်အတွက် ထိုအခြေအနေတွင် ကျေနပ်နေခဲ့သည်။

သို့သော် ရန်ကုန်တွင် ကျန်ရစ်သော သူ၏ ပလ္လင်ကို အချိန်ကျလျှင် မျက်မှန်ကြီးထံမှ ပြန်တောင်းခံရန်လည်း ငံ့လင့်လျက်ရှိ၏။

ရာဇဝင်ကြွေးတစ်ခုအဖြစ် ကြေးမုံကို မဖြစ်မနေ သတ်မည့် ရည်ရွယ်ချက်ကလည်း မပျက်သွားသေး။

………………………………..

“ဒါနဲ့….ထောင်ထဲက..ခင်ဗျားညီ နာမည်ကရော ဘယ်လိုခေါ်လဲ ”

ကြေးမုံ က ယောင်ဝမ်ရီထံ ငွေငါးထောင်ကို ကမ်းပေးရင်း မေးလိုက်သည်။

“ယောင်ဝမ်ကြည်ပါ”

“သူထောင်ကထွက်လာရင် ပြောပေးပါ..ကြေးမုံ ဆီမှာ အလုပ်လုပ်ချင်ရင် အချိန်မရွေးပဲလို့”

“ဟုတ်ကဲ့..ပြောလိုက်ပါ့မယ်…ကျွန်တော်သွားပါဦးမယ်”

ယောင်ဝမ်ရီက ငွေကို အိတ်ထဲ ထည့်ကာ ပြန်ထွက်သွားသည်။

“ဟေ့ကောင်လေး..စိုးမြတ်…မင်းလည်း ပြန်တော့လေ..ဘာလုပ်နေတာလဲ”

“ကျွန်တော်ရော..အကို့ဆီ အလုပ် လုပ်လို့ရမလား”

“ဟေ…ငါတို့ အလုပ်ကို မင်းက ဘာလို့ထင်နေတုန်း”

“ကျွန်တော် ကိုရေခဲဆီ နေခဲ့တာပါဗျ..သိပါတယ်..အကိုကြေး နာမည်လည်း ကြားဖူးပါတယ်.. ချတာ နှက်တာကတော့ ခုကတည်းက လက်ယဥ်ပြီးသားဗျ”

ကြေးမုံ ရယ်လိုက်သည်။

“အေးပါကွာ…မင်းက ငါ့ဆီမှာ လုပ်မနေပါနဲ့..တခါတည်း လူမိုက်ခေါင်းဆောင်ကြီးသာ တန်းလုပ်ပါ..ကဲ..သွားတော့ ကောင်လေး..ရော့..မုန့်ဖိုးယူသွား”

ကြေးမုံက ဆယ်တန်းတစ်ရွက်ထုတ်ပေးလိုက်သည်။

စိုးမြတ်ကလေးပြန်သွားပြီးနောက် အိမ်ထဲသို့ နောက်ထပ် လူတစ်ဦး ဝင်လာသည်။

“ကြေးမုံ..ကြေးမုံ”

စိန်ဓါးမြှောင်၏ တပည့် ဝါပို။

“ဟာ..ဦးဝါပို ပါလား…..ဘာကိစ္စလဲဗျ”

“ဆရာကြီး လွှတ်လိုက်လို့ကွာ…. သဘက်ခါ မနက် ရှစ်နာရီ တောင်ဥက္ကလာအိမ်ကို မင်္ဂလာဆွမ်းကျွေး လာခဲ့ဖို့ ဆရာကြီးက မှာလိုက်တယ်”

“ဘယ်သူ့မင်္ဂလာဆွမ်းလဲဗျ”

“ဘယ်သူကမှာလဲ..ဟိုဒုက္ခိတကောင်ပေါ့”

“ဟင်..အကိုကြီးထွန်းရင်လား”

“အေး”

“ဘယ်သူနဲ့လဲ”

“ဟိုခွေးမနဲ့”

“ဘယ်ခွေးမ တုန်းဗျ”

“ဘယ်ခွေးမ ကမတုန်း…ငါ့နှမဟေ့..ငါ့နှမ မြနှစ်နဲ့”

ဝါပို၏ မျက်နှာက မခံချိမခံသာ။

ကြေးမုံက ဝါပိုကို ကြည့်ကာ ရယ်လိုက်သည်။

“လာဖြစ်အောင်လာဖို့ ဆရာကြီးက မှာလိုက်တယ်..မင်္ဂလာဆောင်မှာ ရွှေငါးသိန်းမြင့်ဆိုတဲ့ လူလည်း လာမှာမို့…ဟိုကောင်ကြီးကို ဖြုတ်ဖို့ကိစ္စကိုလည်း အသေးစိတ်အစီအစဥ်ဆွဲမယ်တဲ့”

ကြေးမုံ မျက်နှာ အရောင်လက်ခနဲ ဖြစ်သွား၏။

ခက်ဇော်

အမှောင်ထဲမှ မင်းသားများ အခန်း ( ၂၇ ) >>>>>

အမှောင်ထဲမှ မင်းသားများ (၁၉၇၀) တင်ပြီးသည့် အပိုင်းများ >>>>>