နော်ချစ်ပန်းတိုင် အသတ်ခံရမှု ၆ နှစ်ပြည့်သော်လည်း တရားခံ မဖော်ထုတ်နိုင်သေး

0
5422

ထားဝယ်မြို့ သီချင်းဆိုပြိုင်ပွဲတွင် အသတ်ခံခဲ့ရသည့် နော်ချစ်ပန်းတိုင် ၆ နှစ်ပြည့် အောက်မေ့ဆုတောင်းပွဲကို ယနေ့ (နိုဝင်ဘာ ၁၉)ညတွင် ပြုလုပ်မည်ဖြစ်ကြောင်း ဦးဆောင်စီစဉ်သူအချို့ထံမှ သိရသည်။

နော်ချစ်ပန်းတိုင်း အသတ်ခံရသည်မှာ ၆ နှစ်ပြည့်ခဲ့ပြီဖြစ်သော်လည်း လက်ရှိအချိန်အထိ ကျူးလွန်သည့်တရားခံကို ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်း မရှိသေးပေ။

နော်ချစ်ပန်းတိုင်သည် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်ညက ထားဝယ်မြို့ ရွှေဝယ်သီရိ အားကစားကွင်းတွင် ကျင်းပသည့် မြန်မာနိုင်ငံဂီတအစည်းအရုံး ရန်ပုံငွေ သီချင်းဆိုပြိုင်ပွဲတွင် ပြိုင်ပွဲစင်မြင့်နှင့်မလှမ်းမကမ်း၌ ဓားထိုးခံရပြီး သေဆုံးခဲ့သည်။

နော်ချစ်ပန်းတိုင်အမှုတွင် ကျူးလွန်သူကို ဖမ်းဆီးအပြစ်ပေးနိုင်ရေး သက်ဆိုင်ရာ အဖွဲ့အစည်းများက ကြိုးပမ်းပေးကြရန် ဝတ်ပြုဆုတောင်းကျင်းပရာတွင် ဦးဆောင်သူ တစ်ဦးဖြစ်သည့် နော်ထီးခူက ဆိုသည်။

“အဖြစ်မှန်နဲ့တရားမျှတမှုအတွက်ကို ကျွန်မတို့က သိချင်တယ်။အမှန်တရားကို သိချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အမျိုးသမီးငယ်တစ်ဦးလည်းဖြစ်တယ်။ အများပြည်သူ ပွဲကျင်းပတဲ့နေရာလည်း ဖြစ်တဲ့အတွက်ကြောင့် အမျိုးသမီးတွေ ဘဝလုံခြုံရေးနဲ့လည်း တိုက်ရိုက်ဆက်စပ်တယ်ပေါ့နော်”ဟု နော်ထီးခူက ပြောသည်။

နော်ချစ်ပန်းတိုင် အသတ်ခံရသည့်နေ့ရောက်ပါက မိသားစုနှင့် မိတ်ဆွေများက ခရစ်ယာန်ဘာသာရေး ထုံးတမ်းအရ ဝတ်ပြုဆုတောင်းပွဲလုပ်လေ့ရှိပြီး ယခုနှစ်သည် ၆ နှစ်မြောက်ဖြစ်သည်။

ကိုဗစ်ကပ်ဘေးနှင့် စစ်အာဏာမသိမ်းမီက ဝတ်ပြုဆုတောင်းပွဲကို ထားဝယ်ဒေသရှိ ဘုရားကျောင်းတွင် လုပ်လေ့ရှိသော်လည်း ပြီးခဲ့သည့်နှစ်မှစကာ အွန်လိုင်း Zoom ဖြင့် ပြုလုပ်ခဲ့သည်။

ယင်းအမှုတွင် ပြစ်မှုကျူးလွန်သူနှင့် ပတ်သက်သည့် သဲလွန်စ အချက်အလက်အချို့ ရဲတပ်ဖွဲ့က ရရှိထားပြီဟုသိရပြီး အာဏာသိမ်းဖြစ်စဉ်ကြောင့် ဆက်လက်ဖော်ထုတ်ဖြစ်၊ မဖြစ်ကိုမူ မသိရကြောင်း နော်ထီးခူကဆိုသည်။

နော်ချစ်ပန်းတိုင်အသတ်ခံရသည့်အမှုနှင့် ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင် KNU တပ်ဖွဲ့ဝင်များ အပါအဝင် သံသယရှိသူ လေးဆယ်ကျော်ကို စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောဆိုထားသည်။

အသက် ၂၁ နှစ်အရွယ် နော်ချစ်ပန်းတိုင်သည် ထားဝယ်ဒေသအရေး လှုပ်ရှားသည့် တာကပေါအဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်သည်။

ထို့အပြင် အခင်းမဖြစ်ခင်အချိန်ထိ မြေမြှုပ်မိုင်းအန္တရာယ် အကြံပေးအဖွဲ့ (MAG)တွင် တာဝန်ထမ်းဆောင်နေသည်။